38 (Unicode)

5.2K 496 15
                                    

လူယုံသတ်လို့ သေတယ်ဆိုတဲ့ စကားအတိုင်းပင်။ သိမ်မွေ့ထည်ခမျာ သူယုံကြည်ပေးချင်ခဲ့မိသည့် လူလုပ်လို့ မသေရုံတမယ် .. ခပ်မျော့မျော့ရယ်သာ။ ဘေးက လူရင်းတွေက အရိပ်အမြွက်လေးတွေနဲ့ သတိပေးခဲ့ကြသလို .. သူမ,ကိုယ်တိုင်မှာလည်း ခံစားမှုအာရုံဖြင့် ခေသီဟန် အပေါ်၌ သံသယဝင်ခဲ့မိပါသော်လည်း ထိုမိန်းမကို သိမ်မွေ့ထည် အဆုံးအစွန်အထိ ယုံကြည်ပေးခဲ့မိသည်။ ငယ်သူငယ်ချင်းဖြစ်သလို မောင်ငယ်ရဲ့ အိမ်သူဖြစ်နေပြန်တော့ 'ငါသံသယမဝင်သင့်ပါဘူးလေ´ ဆိုတဲ့ အဖြူထည်စိတ်လေးတစ်ခုနဲ့ ယုံကြည်မှုထားပေးမိပြန်သည်။ ထိုကြင်နာတတ်တဲ့ အဖြူထည်စိတ်လေးကပဲ  သိမ်မွေ့ထည်ကို သေမင်းရဲ့ နှုတ်ခမ်းဝသို့ အရောက်ပို့ဆောင်ပေးခဲ့၏။

ပြဿနာတွေ ပြီးဆုံးသွားပြီးတဲ့ နောက်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေက မနည်း။ သိမ်မွေ့ထည်ကို ကာကွယ်ပေးဖို့ လုပ်ခဲ့တဲ့ ဒေါ်ဒေါ်မြဟာ တကယ်ကြီး ဆုံးပါးသွားခဲ့သလို ... ညီညီတာမှာလည်း ဓားဒဏ်ရာကြောင့် အသည်းထိခိုက်သွားခဲ့သည်။ ICU ထဲမှာ ယခုထိတိုင် သေမင်းနှင့် စစ်တိုက်နေရဆဲ။ ဆုဇာချည်ခြယ်ကတော့ နောက်စေ့မှာ ၆ ချက်လောက်ချုပ်လိုက်ရလို့ ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့။ သက်လွှာလည်း ထို့အတူပင်။ ဒါပေမဲ့ သက်လွှာရရှိခဲ့တဲ့ ဒဏ်ရာက ပိုကြီးမား၏။ ခေါင်းမှာ စိုက်ဝင်နေတဲ့ ကြွေပန်းအိုး ကွဲစတွေကို Operation ခန်းထဲအထိ ဝင်၍ ဖယ်ရှားခဲ့ရသည်။ Major case မဟုတ်ပေမဲ့လို့ အသေးစား ခွဲစိတ်မှုတစ်ခုတော့ ခံယူခဲ့ရ၏။

သို့ပေမဲ့လည်း ခွဲစိတ်ခန်းထဲက ထွက်လာပြီး ၁ ရက်အကြာမှာပင် သူ့တီလေး သိမ်မွေ့ထည်ရဲ့ အနားကနေ မခွာ။ ပတ်တီးဖြူဖြူတွေ ခေါင်းမှာ စည်းထားလျက်နှင့်ပင် သူမ၏ခုတင်ဘေးမှာ နေ့နေ့ညည ငုတ်တုတ်လေး အရိပ်တကြည့်ကြည့်ဖြင့် .. ။

သိမ်မွေ့ထည်၏ အခြေအနေမှာလည်း အတော်လေးကို ပြင်းထန်ခဲ့သည်။ အရင်တစ်ခါက ဖြစ်ဖူးခဲ့တဲ့ နမိုးနီးယား အဆုတ်ယောင်ရောဂါက ယခုတစ်ခေါက်မှာ ပိုပြီး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည်။ အောက်ဆီဂျင်တွေ ထိုးကျ၍ အဖျားကြီးကာ ၃ ရက်လောက်အထိ သတိလစ် မေ့မျောနေခဲ့သည်။ ဒီတစ်ခေါက် ခံစားခဲ့ရတဲ့ ဝေဒနာဟာ သူမဘဝအတွက်တော့ အပြင်းထန်ဆုံးပင်။ သက်လွှာမှာလည်း သူ့တီလေးများ တစ်ခုခုဖြစ်သွားလေမလားလို့ စိုးရိမ်ပြီး မျက်ရည်တွေကျရတာလည်း အချိန်ပြည့်နီးပါးပင်။

ElegantWhere stories live. Discover now