" ဝါး .. ကြီးကြီးမြ ပြုတ်ပေးထားတဲ့ ငါးရံ့ဆန်ပြုတ်က မွှေးနေတာပဲ တီလေးရဲ့။ ဒီမှာကြည့် အနံ့ကရှယ်ပဲ "
ခုတင်ပေါ်မှာ အနောက်ကခေါင်းအုံးကိုမှီပြီး ထိုင်နေတဲ့ သိမ်မွေ့ထည်ရဲ့ရှေ့၌ သက်လွှာ ငါးဆန်ပြုတ်ပန်းကန်လေးကိုကိုင်ထားရင်း ဝင်ထိုင်လိုက်သည်။ ထို့နောက် ကြွေဇွန်းလေးဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ်တွေကို မွှေပြနေရင်းပြောတော့ သိမ်မွေ့ထည် သဘောကျစွာဖြင့် ပြုံးရယ်လေသည်။
" စားချင်စိတ်မရှိတဲ့လူကို မစား,စားအောင် မြူဆွယ်နေတာ မဟုတ်လား "
လည်ပိတ်ဆွယ်တာ နို့နှစ်ရောင်လေးကို ဝတ်ဆင်ထားတဲ့ သိမ်မွေ့ထည်သည် မျက်စိရှေ့ကျနေတဲ့ ဆံနွယ်တွေကို လက်ဖြင့်သပ်ရင်း မျက်စောင်းလေးထိုးပြီး သက်လွှာကို ပြောလိုက်၏။ ထိုအခါ သက်လွှာက ဇက်ခလေးပု၍ ရယ်နေရှာသည်။
" တီလေး မစားချင်လည်း သက်လွှာကတော့ ဒီဆန်ပြုတ်တစ်ပန်းကန်လုံးဝင်အောင်လို့ တီလေးကိုတိုက်မှာပဲ "
တကယ်လည်းဟုတ်သည်။ သက်လွှာဟာ သိမ်မွေ့ထည်ကို ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်သွားတဲ့အချိန်အထိ စိတ်ရှည်လက်ရှည်ဖြင့် တစ်ဇွန်းချင်းစီ ခပ်တိုက်ပေးခဲ့သည်။ သိမ်မွေ့ထည်လည်း ခံတွင်းပျက်နေပေမဲ့လို့ သူ့ကလေးလေးကိုယ်တိုင် ခွံ့တိုက်နေတာဆိုတော့လည်း မငြင်းရက်။ ဇွန်းဖြင့် ခပ်တိုက်သမျှကို ဝင်အောင်သောက်လေသည်။
" ရော့ ညဘက်သောက်ရမဲ့ဆေးလေးကို တစ်ခါတည်းသောက်လိုက်နော် တီလေး "
သက်လွှာတစ်ယောက် သူသိပ်ချစ်ရတဲ့ တီလေးရဲ့လက်ထဲသို့ ဆေးအရောက်၊ ရေခွက်အရောက် ထည့်ပေးခဲ့သည်။ ပြီးတော့ သိမ်မွေ့ထည်ရဲ့ ခြေသလုံးလေးတွေကို ညင်ညင်သာသာ နှိပ်ပေးနေပြန်သည်လေ။ သိမ်မွေ့ထည်ကတော့ သူ့ကိုနှိပ်နယ်ပြုစုပေးနေတဲ့ သက်လွှာရဲ့ မျက်နှာလေးကို ပြုံးပြုံးလေး ငေးကြည့်လို့နေရှာသည်။ သို့ပေမဲ့ သူမရဲ့မျက်ဝန်းတွေကတော့ အနည်းငယ် ဖျော့တော့လို့နေ၏။
" တီလေး .. "
သက်လွှာက ခေါ်တော့ သိမ်မွေ့ထည် သေးသွယ်ဖြောင့်တန်းနေသော မျက်ခုံးလေးကို ပင့်ပြလိုက်သည်။
YOU ARE READING
Elegant
Romanceလှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)