" တီလေးရေ .. တီလေး "
အိမ်ထဲသို့ ပျော်ရွှင်စွာဖြင့် အပြေးအလွှားဝင်လာတဲ့ သက်လွှာကို မြင်လိုက်ရကတည်းက သိမ်မွေ့ထည်ရဲ့ မျက်နှာလေးက ပြုံးလို့နေချေပြီ။
" တီလေး .. သက်လွှာ ဂုဏ်ထူး ၃ ခုတောင် ပါတယ်သိလား။ တီလေးသင်ပေးတဲ့ Bio ရယ်၊ Physics နဲ့ သချာင်္။ ၃ ခုတောင်ပါတာ .. "
ရှေ့မှာ ဒူးထောက်ထိုင်ချပြီး တင်းတင်းကျပ်ကျပ်လာဖက်ထားတဲ့ သက်လွှာရဲ့ခေါင်းလေးကို သိမ်မွေ့ထည် လက်ဖြင့် အသာပွတ်သပ်ပေးလို့နေသည်။ သူမရဲ့မျက်နှာပေါ်မှ ပီတိဖြာနေတဲ့ အပြုံးတို့က ဂုဏ်ယူစွာဖြင့် တင့်တယ်လှပလို့နေပါသည်။
" တော်လိုက်တဲ့ ကလေးလေး "
တကယ်တော့ ည ၁ နာရီလောက်ထဲက ထိုသတင်းကို သိမ်မွေ့ထည် ကြိုသိနှင့်ပြီးသား။ သက်လွှာကတော့ အခုမှ သိရခြင်းပင်။
" တီလေးပြောသားပဲ။ စိတ်မပူပါနဲ့လို့ .. "
" ဒါပေမဲ့ တီလေးရယ်။ ကြောက်တာပေါ့ .. "
ရင်ခွင်ထဲမှာ ပြန်မော့ကြည့်ပြီး ပြောနေတဲ့ သက်လွှာရဲ့ပါးလေးကို သိမ်မွေ့ထည် ဖွဖွလေးဆွဲထားရင်း
" စာမေးပွဲအောင်တယ်ဆိုတော့ တီလေးရဲ့ ကလေးလေးကို ဆုချရမှာပေါ့။ ကဲ ပြော ဘာလိုချင်လဲ "
သိမ်မွေ့ထည်မေးတော့ သက်လွှာ ပြုံးလေသည်။
" တီလေးရဲ့ စန္ဒယားလက်သံလေးပဲ ကြားချင်တာ။ စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်အနေနဲ့ သက်လွှာကို ဒီည စန္ဒယားတီးပြပေးလို့ရမလားဟင် "
" အိုး .. ညအထိ စောင့်နေစရာ မလိုပါဘူး .. "
အဖြူရောင် ကိုယ်ကျပ်လည်ထောင်ဆွယ်တာပါးလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖဲကြိုးအဖြူလေးဖြင့်ချည်ထားတဲ့ သူမက မျက်ခုံးလေးပင့်ပြတော့ သက်လွှာ ဝမ်းသာအားရဖြင့်
" ဘာလဲ အခုတီးပြတော့မလို့လား "
" ဒါပေါ့ .. "
" ဝေး .. "
သူမရဲ့ရှေ့မှာ ဒူးထောက်ထိုင်ချထားရာမှ သက်လွှာ ဝမ်းသာအားရ ထခုန်မိတော့သည်။ ပြီးတော့ သူကိုယ်တိုင် ဝှီးချဲလေးကို အနောက်ကနေတွန်း၍ သူ့တီလေးကို စန္ဒယားခုံကြီးရှေ့သို့ အရောက်ပို့ဆောင်ပေးခဲ့၏။ ထို့နောက် လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဘယ်လိုသံစဉ်မျိုးကို တီးခတ်ပြမလဲဆိုတာကို စောင့်ဆိုင်းနေမိသည်။
YOU ARE READING
Elegant
Romanceလှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)