'ပန်းနုဘေးနှင့်သူ၏ကိုကိုကဲ' တို့၏ မင်္ဂလာပွဲ

997 53 68
                                    

(Unicode)

"အစ်ကိုလုံး.. အီး.. ရွှတ်..၊ ကျွန်တော် အရမ်းဝမ်းနည်းတယ်"

အလည်လေး ပြည်လုံးချမ်းသာ ခေါင်းကိုက်နေပါသည်။ အကြောင်းရင်းသည်ကား တစ်စုံတစ်ယောက် ဆုံးပါးသွားသလို ငိုယိုနေသည့် ဒရမ်မာကင်းလေး မဟော်မင်းမြတ်ကြောင့် ဖြစ်သည်။ မဟော်မင်းမြတ်သည် အသက်ကြီးလာသော်လည်း အချိန်စီးမလာသေးပေ။ ဆရာဝန်ဂုဏ်ကိုပင် မငဲ့ကွက်ဘဲ အားရပါးရ ငိုကြွေးနေသည်မှာ ပြည်လုံး၏နားနှစ်ဖက်လုံး အူလာသည်အထိ။

"ပြောလေ၊ ဘာဖြစ်တာလဲ။ မင်းကို မေးနေတာ နာရီဝက် ရှိတော့မယ်"

"အီး ကျွန်တော် ဝမ်းနည်းတယ်။ တကယ်ထင်မထားဘူး"

ပြည်လုံးပါ အတူအော်ငိုလိုက်ချင်တာပဲ။ တစ်စုံတစ်ယောက် ကောင်းမှုကြောင့် မန္တလေးအိမ်ကို ရောက်နေသည့် တစ်လကျော် ကာလအတွင်း ပြည်လုံးတို့လင်မယား အေးဆေးဆေးဆေး နေရတယ်လို့ မရှိ။ ဟိန်းတေဇကို အကောင်ကြီးက ဒုက္ခပေးစဉ် ပြည်လုံးချမ်းသာကို အကောင်ငယ်က မွှေသည်။ အခုလည်း နေ့လည်နေ့ခင်း Video Call ခေါ်ကာ မြင်သူတကာ အထင်လွဲအောင် အော်ငိုနေပြန်သည်။

"မငိုနဲ့၊ တိတ်။ ဘာဖြစ်လာတာလဲ သေချာပြောလို့။ အဲလက်စ်နဲ့ ရန်ဖြစ်လာတာလား"

ချော့မေးပြန်တော့လည်း မဟော်မင်းမြတ်က နှပ်တရွှတ်ရွှတ်ဖြင့် ခေါင်းခါပြသည်။ အဲလက်စ်သောင်းတန် အကောင်းကြီးရှိသေးမှန်း အခုလေးတင် လှမ်းပို့လာသော အမျိုးသားဖြစ်သူ၏ စာအရ သိထားသဖြင့် ပြည်လုံး စိတ်မရှည်တော့ပေ။ တစ်ဖက်ကနှစ်ယောက်မှာ အေးချမ်းရသလောက် ပြည်လုံးကတော့ အဘယ့်ကြောင့် ဒုက္ခခံနေရပါသနည်း။

"မပြောလည်း နေတော့။ အစ်ကို လိုင်းပေါ်က ဆင်းတော့မယ်။ အစ်ကို့ယောကျာ်းလည်း ခဏနေ အိမ်ပြန်လာတော့မှာ"

"ဟင့်အင်း.. မသွားပါနဲ့။ ကျွန်တော် ပြောပါ့မယ်။ ကိုသောင်းကြီးက... ကိုသောင်းကြီးက"

ပြည်လုံး ရင်ထဲထိတ်သွားသည်။ မဟုတ်မှလွဲရော အဲလက်စ်သောင်းတန် မင်္ဂလာပွဲ ကြိတ်စီစဉ်နေတဲ့အကြောင်းကို သိသွားတာလား။ မဖြစ်နိုင်...၊ အကြံအစဉ် ပေါ်သွားကြည့်ပါ့လား၊ မဟော်မင်းမြတ်ဆိုတာ ဒီလိုငိုနေမယ့် အမျိုးမဟုတ်ဘဲ ရက်ရှေ့တိုးခိုင်းမယ့် စပ်စလူးဖြစ်သည်။

3.My Babe True Love S-3 (Completed)Where stories live. Discover now