လူကြီးကို ချစ်ကြောင်းပြောပြီးသည့်နောက် သူနဲ့လူကြီးအခြေအနေက အရင်ကထက်အများကြီးတိုးတက်လာခဲ့သည်။ ဘာကိုမှတွေးမနေပဲ ကိုယ်ချစ်တဲ့သူကို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းဆက်ဆံလိုက်တော့ သူကိုယ်တိုင်လည်းအများကြီးစိတ်ပေါ့ပါးပျော်ရွှင်လာတယ်။ အစကတော့ လူကြီးကသူ့ကိုအတည်ချစ်တယ်လို့မထင်ခဲ့တာကြောင့် သူ့ဘက်ကပွင့်လင်းမပြခဲ့ပေမဲ့ ခုလူကြီးအချစ်ကို မင်းထက်ယုံကြည်သွားပြီဖြစ်သည်။ သူ့ကိုအများကြီးချစ်ပေးတဲ့လူကြီးကြောင့် သူကိုယ်တိုင်လဲပိုပိုသာသာချစ်ပြချင်လာသည်။ ချစ်မိတော့လည်း အတွေးတွေကစ ချစ်ရသူကိုသာအပိုင်ပေးချင်လာသည်။ အခုတော့ သူဘုံဘုံ့ကို ကိုယ်ချင်းစာတတ်နေလေပြီ။
ဒီနေ့လည်း ချစ်ရသူအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးချင်စိတ်ဖြစ်လာတာမို့ မနက်အစောကြီးထပြီးချက်ပြုတ်နေခြင်းပင်။ သူတို့အိမ်မှာ မိန်းမသားဆိုလို့ အမေတစ်ယောက်ပဲရှိတာကြောင့် အမေ့ကိုလုပ်ကူကိုင်ကူရင်း ညီအကိုနှစ်ယောက်လုံး ချက်ပြုတ်တတ်ကြသည်။ အဖေကိုယ်တိုင်ကလည်း ရုံး၀န်ထမ်းဖြစ်တော့ အမေမအားတဲ့နေ့မျိုးဆို ညီအကိုနှစ်ယောက်အတူတူချက်ပြုတ်ပေးလိုက်သည်သာ။ အဲ့လိုနေ့မျိုးဆို အဖေက "ငါ့သားတွေလက်ရာစားရတော့မယ်ဟေ့"ဆိုပြီး ဂုဏ်ယူ၀င့်ကြွားပြောလေ့ရှိ၏။
သူတို့မိသားစုက ချမ်းသာတဲ့ထဲမပါသလို ဆင်းရဲတဲ့အထဲလဲမပါတဲ့ သာမာန်အနေအထားလောက်သာဖြစ်သည်။ သို့သော် မိသားစုထဲမှာ ရန်ဖြစ်စကားများတယ်ဟူ၍ မရှိ။ အမေကလည်း ယောင်္ကျားကိုရော သားတွေကိုပါ နားလည်မှုအပြည့်နဲ့ချစ်ပေးသလို ဘယ်တုန်းကမှဆူခြင်းငေါက်ခြင်းမရှိ။ အဖေကလည်း သူတို့အရွယ်ရောက်သည်ထိ အမေ့ကိုစိတ်ဆင်းရဲအောင်တစ်ခါမှမလုပ်ဖူးပေ။ အသောက်အစားလည်းကင်းသလို အရှုပ်အရှင်းလဲကင်းအောင်နေသည်။ ထို့ကြောင့် သူတို့ညီအကိုနှစ်ယောက်လုံးရဲ့ စံပြဟာအဖေပဲ ဖြစ်သည်။
မိသားစုအကြောင်းတွေးမိပြန်တော့ သူနဲ့လူကြီးအကြောင်းကိုအိမ်ကလူတွေကိုဘယ်လိုပြောပြရမလဲတွေးပြီး ရင်ပူမိပြန်သည်။ အရာအားလုံးအဆင်ပြေပြေရှိနေတဲ့မိသားစုလေးကို သူစိတ်ဒုက္ခပေးမိသလိုဖြစ်သွားမလားလဲပူပန်ရသည်။ အရွယ်ရောက်လာတဲ့ညီလေးက သူ့အစ်ကိုက ယောင်္ကျားခြင်းကြိုက်တဲ့သူဆိုတာသိသွားရင် ရွံများသွားမလား။ စောစောစီးစီးစိတ်ပင်ပန်းစရာတွေမတွေးလိုတော့တာကြောင့် ထမင်းဟင်းမြန်မြန်ထည့်ပြီး ရုံးသွားဖို့သာပြင်ဆင်လိုက်တော့သည်။
YOU ARE READING
Ko Ko Is My Energy (Complete)
RomanceLove is first sight ❣️ ဘုံခုနှစ်ဆင့်❤️တည်ခန့်ဦး ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama မပါပါဘူးနော်