part 1

646 26 0
                                    

        အေးစိမ့်စိမ့်ရာသီဥတုက သူမကို မသက်မသာခံစားရစေသဖြင့် မြငွေငန်းသည် ညလယ်က ကန်ချထားမိသည့်စောင်ကြမ်းကို ပြန်ဆွဲယူလိုက်ပြီး သူမတစ်ကိုယ်လုံးကို စောင်အောက်တွင် ဖုံးကွယ်ပစ်လိုက်သည်။ မသက်မသာဖြစ်စေသည့်အကြောင်းအရင်းက ပြင်ပကမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းထဲကဖြစ်နေလေရာ အိပ်ရာထဲတွင် ဟိုလှည့်ဒီလှည့်လုပ်ရုံနှင့် သက်သာသွားမည်မဟုတ်မှန်း စိတ်ပျက်လက်ပျက်နှင့် လက်ခံလိုက်ရတော့သည်။ သို့နှင့် ခုနကလေးတင် သူမ ရှုပ်ပွတွန့်ကြေနေအောင်ဖွထားသော အိပ်ရာခင်းနှင့်စောင်တွေကို သေသေသပ်သပ်ဖြစ်သွားအောင် ခေါက်လိုက်ပြီးနောက် သူမ၏အသွင်အပြင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်လိုက်သည်။

     အိမ်ကြီးရှင်က သူမကို လူမြင်တင့်တယ်အောင်နေရန် သတိပေးထားသောကြောင့်မဟုတ်ဘဲ သူမကိုယ်တိုင်ကိုက အသန့်ကြိုက်ပြီး စည်းကမ်းရှိသည့်လူဖြစ်နေသောကြောင့်ဖြစ်သည်။ မှန်ပေါ်ထင်ဟပ်နေသည့် သူမ၏ပုံရိပ်ကို ကြည့်နေရင်းမှ မှန်ထောင်ထားသည့် ဝါးထရံကတစ်ဆင့် အိမ်ခန်းအတွင်းသို့ ကျုးကျော်ဝင်ရောက်လာသည့် နေရောင်ပျောက်တို့ကို တွေတွေကြီးထိုင်ငေးနေမိပြန်သည်။ ဒီရွာကို ရောက်လာသည်မှာ လဝက်ခန့်သာကြာမြင့်ဦးမည်ဖြစ်သော်လည်း သူမကတော့ ဒီရွာကပတ်ဝန်းကျင်နှင့် အသားကျစပြုနေပြီဖြစ်သည်။ မနက်ခင်းစောစောစီးစီးတွင် ခဲရာခဲဆစ်မြှင့်တင်ထားရပါသော စိတ်ကလေး ပြန်ကျသွားမည်စိုးပါသဖြင့် မြငွေငန်းလည်း ဒီရွာကိုမရောက်ခင်က သူမဘဝအကြောင်းအား မတွေးမိစေရန် အတွေးရေယာဉ်ကြောအား အမြန်ပိတ်ဆို့လိုက်ရသည်။

      နောက်ထပ်ပြဿနာတစ်ခုကတော့ အိမ်ကြီးရှင်ကို ဘယ်လိုမျက်နှာချင်းဆိုင်မလဲဆိုတာပင်ဖြစ်သည်။ အချိန်တော်တော်များများတွင် မြငွေငန်းသည် သူမ၏ကြင်နာတတ်ကာ သဘောကောင်းသည့်ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သည့်လအစက သူမထံတွင် ကိစ္စများစွာဖြစ်ပွားခဲ့သည်။ ရွှေအိမ်‌ရွှေနန်းထက်က သခင်မလေးဘဝကနေ တောရွာဇနပုပ်ရှိ အမည်မသိသည့်အမျိုးသမီးတစ်ယောက်နှင့် နေ့တွင်းချင်း လက်ထပ်လိုက်ရသည်။ သူမ၏အဒေါ်က သူမအား အိမ်ကြီးရှင်အမျိုးသမီးထံတွင် မလိုအပ်တော့သည့်အရှုပ်ထုပ်တစ်ခုလိုမျိုး စွန့်ပစ်သွားသည်ကို သူမမှတ်ဉာဏ်ထဲတွင် ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပင်။ အစကတည်းက သူမအဖေအပေါ်ကို ဘာမျှော်လင့်ချက်မှမရှိခဲ့သော်လည်း ထိုနေ့တွင်တော့ မြငွေငန်းသည် သူမအနေနှင့် ရန်သူဖြစ်သည့် မိထွေးအပေါ် အတော်လေး လျှော့တွက်ထားခဲ့မိမှန်း နားလည်သွားတော့သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now