part 18

63 8 0
                                    

    နှစ်ယောက်တည်းကျန်ခဲ့သည့်အခါ တိတ်ဆိတ်ခြင်းက ပိုပြီးကျယ်လောင်လာတော့သည်။ ခါတိုင်းလည်း သူတို့နှစ်ယောက်ကြားတွင် ပြောစရာစကားများများစားစားမရှိပေမယ့်လို့ အခုလိုအနေရခက်တာမျိုးတော့ မဖြစ်ဖူးပေ။ တကယ်တော့ ကြာရွက်က စိတ်ဆိုးနေတာမဟုတ်ဘဲ ငန်းရိုင်းပြောသည့် အကြောင်းအရာတွေကြောင့် အတွေးနက်နေတာဖြစ်သည်။

      သူနှင့်ဒီရွာသည် ခန္ဓာကိုယ်တစ်ခုတည်းမှအသွေးအသားတွေလိုမျိုး တစ်သားတည်းဖြစ်ကာ ဆက်နွယ်နေတာဖြစ်သည်။ အသားတွေကိုလှီးထုတ်လိုက်ရုံ သွေးတွေကိုဖောက်ထုတ်လိုက်ရုံနှင့် ထိုဆက်နွယ်မှုက ပြတ်တောက်သွားမှာမဟုတ်ပေ။ သူဟာ အချိန်၏အကျဉ်းသားဖြစ်သလို ရွာတွင် အကျဉ်းကျနေသည်ဟုလည်း ပြောလို့ရသည်။ သို့ပေမဲ့ ထိုကဲ့သို့အကျဉ်းကျနေတာက ကြာရွက်အတွက် အားနည်းချက်ချည်းသက်သက်ဖြစ်နေတာတော့ မဟုတ်ခဲ့။ သူ့ကိုရွာကထိန်းချုပ်ထားသလို ရွာပေါ်တွင်လည်း ကြာရွက်၏တည်ရှိမှုက အရေးပါအရာရောက်သည်။ ထိုကဲ့သို့သော သူ့ပိုင်နက်တွင် လူတစ်ယောက်က သူ့ကို လှည့်စားသွားနိုင်တာကတော့ အံ့ဩစရာပင်။

    ညနေစောင်းလေလေ အခုလိုမတင်မကျဖြစ်နေသည့်အခြေအနေကြီးကြောင့် မြငွေငန်းတို့ ပိုစိတ်တိုလာလေလေပင်။ ‌ဒီရွာကိုရောက်ပြီးကတည်းက သူ့ဦးနှောက်တွေက ပုံမှန်လည်ပတ်ခြင်းမရှိတော့ပုံပေါ်သည်။ အမြဲလိုလို စိတ်တိုဒေါသထွက်နေပြီး ပြဿနာတစ်ခုတစ်လေကိုပင် ဖြေရှင်းနိုင်ခြင်းရှိမနေခဲ့။ အရာအားလုံး အိမ်ကြီးရှင်တွင်အပေါ်မှီခိုကာ ကိစ္စတိုင်းအတွက် အိမ်ကြီးရှင်ကို အပြစ်ဖို့ချင်သည်။ အခုချိန်ပြန်စဉ်းစား‌ကြည့်တော့ အဖေနှင့် ဘယ်လိုကြောင့် ကတောက်ကဆဖြစ်ခဲ့လဲပင် ရေရေရာရာမမှတ်မိတော့ပါ။

     ဘယ်အိမ်ဆီကမှန်းမသိ ပျံ့နှံ့လာသော ဟင်းရနံ့ကြောင့် ကြာရွက်လည်း လေတိုးသံကို အာရုံစိုက်နားထောင်နေရာမှ ခေါင်းထောင်ကြည့်လာသည်။ ထင်သည့်အတိုင်းပင် ဂျင်းနံ့လှိုင်သည့်ဟင်းအနံ့က သူ့အိမ်၏မီးဖိုချောင်ကနေ ထွက်လာနေတာဖြစ်သည်။ လေဟာ ကြာရွက်ရဲ့အဖော်ဖြစ်သလို လေတိုးသံကလည်း သူ့အတွက် အဓိပ္ပါယ်အများကြီးရှိသည်။ တစ်ယောက်ယောက်က ကြာရွက်ကို သိစေချင်သည့်အကြောင်းအရာများကို လေတိုးသံအဖြစ် ပြောင်းလဲထားခဲ့ပုံပေါ်သည်။ ထိုတစ်စုံတစ်ယောက်ဟာ သူ့အဖိုးတော့မဟုတ်တန်ရာ။ ရှည်လျားသည့် နေ့ရက်တွင် ထိုလေတိုးသံက သူ့ကို ဘယ်လိုရှင်သန်နေထိုင်ရမလဲ သင်ပေးခဲ့သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now