part 17

84 10 1
                                    

        "အဲ့လိုကြီး နှုတ်ခမ်းကိုကိုက်မထားနဲ့လေ၊ ဘာဖြစ်တာလဲ မပျော်ဘူးလား။" စဉ်းစားလေလေ စိတ်တိုလာလေလေမို့ မြငွေငန်းလည်း အမှုမဲ့အမှတ်မဲ့နှင့် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ မနာကျင်ပေမယ့်လည်း သူမ နာကျင်မှာစိုးသည့်အိမ်ကြီးရှင်က နီညိုသွေးရောင်နှုတ်ခမ်းပါးကို လက်ညိုးဖြင့် ခပ်ဖွဖွထိတွေ့လို့လာသည်။ ယားကျိကျိအထိအတွေ့ကြောင့် မြငွေငန်းမှာ အံ့ဩသွားကာ ကိုက်ခဲထားသည်ကို လွှတ်လိုက်မိ၏။

       အကျည်းတန်ပင်လှသည့်ညနေစောင်းအချိန်အခါဖြစ်လေရာ ပင်ကိုလှသည့်မြငွေငန်းကတော့ ကျော့ကျော့မော့မော့နှင့် ရှုမငြီးဖွယ်ရာလေးဖြစ်လို့နေသည်။ ကိုက်ခဲထားသည့် ကိုယ့်နှုတ်ခမ်းကိုယ် ဖြေလျော့လိုက်တော့ အိမ်ကြီးရှင်၏မျက်နှာတွင် စိတ်သက်သာရာရသွားသလိုမျိုး အပြုံးတစ်ခုပေါ်လာသည်။ သို့သော် ထိုအပြုံးက ကြာရှည်မခံခဲ့။ သိပ်မကြာခင်မှာပဲ အိမ်ကြီးရှင်တစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ရလေရာ မြငွေငန်းလည်း နှုတ်ခမ်းပေါက်အောင် ကိုက်လိုက်မိမှန်း အလိုလိုသိလိုက်သည်။ ထိုနှုတ်ခမ်းပါးအား လျှာဖြင့်လျက်လိုက်ချိန်တွင် သံချေးနံ့ပြင်းသည့် သွေးအရသာကို ခံစားလိုက်ရ၏။

      ဘာဖြစ်လို့လဲထပ်မမေးဘဲ သူမကို အပြစ်သားလိုမျိုး မျက်မှောင်ကြုတ်ကြည့်နေသည့် အိမ်ကြီးရှင်ကြောင့် စိတ်ကပိုတိုလာသည်။ အိမ်ကြီးရှင်အား မျက်စောင်းတစ်ချက်ဝင့်ကြည့်အပြီးမှာတော့ မြငွေငန်းလည်း သူမ၏ဆိုးသွမ်းပြီးပုန်ကန်တတ်သည့်စရိုက်ကို ဖော်ပြလာတော့သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမ၏သွားဖြင့် ဖိကိုက်လိုက်မိသည်မှာ သူမ၏ကိုယ်ပိုင်နှုတ်ခမ်းတစ်စုံဟုတ်မနေခဲ့။ ပြူးကျယ်သွားသည့်မျက်ဝန်းတစ်စုံက မြငွေငန်းတစ်ယောက် ဘယ်လောက်တောင်ထိတ်လန့်သွားသလဲကို သက်သေပြလို့နေသည်။ ထိုအခိုက်အတန့်တွင် မြငွေငန်းသည် အိမ်ကြီးရှင်၏ဝင်သက်ထွက်သက် လေနွေးနွေးတို့က သူမမျက်နှာပေါ်ကို ရိုက်ခတ်သွားသည်ကို ရှင်းရှင်းလင်းလင်းကြီး ခံစားနေမိသည်။

     "ရာသီဥတုကလည်း အေးစိမ့်စိမ့်နဲ့။" ညကမိုးလည်းမရွာပါဘဲနှင့် အခုလို ချမ်းသလိုလို အေးသလိုလိုဖြစ်နေသည်က ထူးဆန်းသည်။ ပိုထူးဆန်းသည်က ဒီအိမ်ရောက်မှ အဲ့လိုခံစားရတာဖြစ်သည်။ လေစိမ်းတွေတိုက်နေသော စုံတွဲကိုကြည့်ရင်း ခါဥမှာ အချိန်မှားပြီး အိမ်အလည်လာမိကြောင်း နားလည်လိုက်သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now