part 8

93 9 0
                                    

     "ဘာဖြစ်တာလဲ" အိမ်ကြီးရှင်၏အမေးကြောင့် မြငွေငန်းလည်း ပျက်ယွင်းသွားသော မျက်နှာကို မနည်းပြန်ထိန်းလိုက်ရသည်။ ဘာမဟုတ်သည့်ကိစ္စလေးကို ရေးကြီးခွင်ကျယ်လုပ်သည်ဟု မထင်စေချင်ပါ။

     "ဘာမှမဖြစ်ပါဘူး။" လက်ထဲမှ ရေဘူးက မနေ့ကအတိုင်း ဘာမှပြောင်းလဲခြင်းမရှိပေ။ သို့သော် ရေအရသာကတော့ ပုံမှန်အတိုင်း ဟုတ်မနေတော့။ အနည်းငန်ပြီး ‌သောက်ရခက် အဝင်ဆိုးသည်။ နေမကောင်းသည့်အချိန်တွင် သောက်ရသည့် ဓာတ်ဆားရည်အလားပင်။

      အိမ်ရှေ့ရှိ ရေအိုးစင်မှ ရေကိုသောက်ကြည့်ပြန်တော့လည်း အရသာက ငန်ကျိကျိနှင့် ရေလိုအမောမပြေသွားပေ။ ပြန်တွေးကြည့်မှ မနေ့က ခါဥတို့အိမ်မှ ရေသည်လည်း ဒီအရသာပဲလားလို့။ ရွာထဲက ရေတွေအကုန် အဲ့လိုပဲ အရသာမရှိကြဘူးလား။

      မနက်စာစားချိန်၌ ထမင်းပန်းကန်ထဲတွင် ဆန်ကြမ်းဝါဝါအား မြင်လိုက်ရချိန်မှာတော့ မြငွေငန်းလည်း အိမ်ကြီးရှင်ကို ခိုးမကြည့်ဘဲ မနေနိုင်တော့ချေ။ ဒါက သူ့ကို အနုနည်းနဲ့ ဆန့်ကျင်နေတာလား။ အိမ်ကြီးရှင်ကတော့ ထုံးစံအတိုင်း သူမအတွက် ဟင်းခပ်ထည့်ပေးပြီးနောက် မတုန်မလှုပ်အမူအရာနှင့် မနက်စာစားနေသည်။ လှပပြီး ဆန်းကြယ်သည့်အသွင်နှင့် မျက်ဝန်းတို့မှာ မျက်တောင်ရှည်များအောက်တွင် ဖုံးလွှမ်းခံထားရလေရာ မြငွေငန်းလည်း အိမ်ကြီးရှင်တစ်ယောက် ဘာတွေတွေးနေမှန်း မခန့်မှန်းတတ်တော့ပေ။

     ထိုနေ့က ကြာရွက်၏ဒေါသကို ခါးစည်းခံရသူမှာ မြငွေငန်းတစ်ယောက်တည်း မဟုတ်ခဲ့ပါ။ ရုတ်တရက်ကြီး ရေတွေ ဆန်နှင့်အခြားစားစရာတွေ ကြမ်းတမ်းကုန်ကာ အရသာမရှိရခြင်းက တစ်စုံတစ်ယောက်အပေါ် ရန်စမိလို့သာ ဖြစ်ချေတော့သည်။ ပုံမှန်အချိန်များ၌ သဘောကောင်းပြီး ပေါင်းသင်းဆက်ဆံရမခက်သည့် ကြာရွက်က အခုချိန်တွင်တော့ အရာရာ သူ့ဆန္ဒအတိုင်းမဖြစ်မချင်း ဘယ်သူ့ကိုမှ အလျော့ပေးမည့်ပုံမပေါ်ပေ။ သူမသာ အလိုရှိလျှင် စိတ်အလိုကျ ရက်စက်နိုင်ကြောင်း တစ်ရွာလုံးကို သတိပေးနေသလိုပါပင်။

     နှစ်ရက်လွန်မြောက်ပြီးနောက်မှာတော့ မြငွေငန်းသည် အေးတိအေးစက်နှင့်တေမိလုပ်နေပါသော အိမ်ကြီးရှင်ကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ လက်ကလေးဖြင့် ဖွဖွကုတ်ကာ သူမအား သတိထားမိစေရန် ကြိုးစားနေသည့် ငန်းရိုင်းကြောင့် ကြာရွက်လည်း အလုပ်မရှိ အလုပ်ရှာပြီး အခြားကိစ္စတွေ၌ အာရုံစိုက်နေခြင်းအား ရပ်တန့်လိုက်တော့သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now