part 26

27 4 1
                                    

       "ဘယ်အချိန်တုန်းကတည်းက ပြန်ရောက်နေတာလဲ။" တမာပွင့်တွေ ဟိုခြွေဒီခြွေလုပ်နေရင်းမှ မြငွေငန်းက အိမ်ကြီးရှင်အား မေးလိုက်သည်။ မြငွေငန်းအတွက်တော့ ဒီခြံဝန်းတစ်ခုလုံးတွင် စပါးကျီကို သဘောအကျဆုံးဟု ပြောလို့ရသည်။ အချိန်မရွေး ရေတက်လာနိုင်သည့်အတွက် စပါးကျီကို ရေနံချေးဝနေသော သစ်သားတိုင်တို့ဖြင့် ပုံမှန်ထက်မြင့်အောင် ဆောက်လုပ်ထားသည်။ စပါးကျီရှိရာဆီ တက်လှမ်းရန်သုံးသည့် လှေကားတွင် ထိုင်နေလျက်ကပင် မနီးမဝေးကပ်လျက်ရှိနေသော တမာပင်မှ တမာပွင့်တို့ကို အသာတကြည်လှမ်းယူခူးကာ ဆော့ကစားနိုင်သည်။

      ဘယ်တုန်းက သူက ဒီနေရာကို အိမ်အဖြစ် သတ်မှတ်ပြီး ပြန်လာနေကျဖြစ်သွားရတာလဲ။ ကိုယ့်စိတ်ကိုယ်လည်း မနိုင် ငွေငန်းရိုင်းကိုလည်း မနိုင်သူမို့ ကြာရွက်လည်း အမေးနှင့် အံဝင်ခွင်ကျလိုက်ဖက်သည့် အဖြေကိုသာ ပေးလိုက်သည်။

     "အခုလေးတင်ပဲ။ အိပ်နေဦးမယ်ထင်နေတာ။" စပါးကျီပေါ်ရောက်နေပြီး ဟိုယောင်ယောင် ဒီယောင်ယောင်ကြည့်နေလိမ့်မည်ဟု တကယ်ထင်မထား။ စပါးကျီကမြင့်လွန်းသည်။ အတွင်းတွင် နှစ်ခန်းခွဲကာ စပါးကျီအဖြစ်ရော နွားစာတဲအဖြစ်ပါ သုံးရန်ကြံရွယ်ထားပေမယ့်လို့ အခုလိုကြည့်လိုက်တော့လည်း ပပဝတီနေသည့် ခုနစ်ဆောင်တိုက်ခန်းဟု ထင်ချင်စရာရှိသည်။ ဒီရပ်ဒီရွာကလူတွေနှင့်မတူဘဲ ဖြူအုနေသည့် ငွေငန်းရိုင်းကတော့ ပပဝတီအလားပါပင်။ ရေမြင့်လို့ ကြာတင့်ရသည်။

      ညလယ်လောက်ကြီး အပြင်ခိုးထွက်တာက လက်ပူးလက်ကြပ် မမိသရွေ့ အပြစ်မဟုတ်ပေ။ သို့နှင့် ကြာရွက်လည်း ဘိုးအေဖြစ်သူ မနိုးခင်အချိန်မီ အိမ်ကိုအရောက် ပြန်ရသည်။ ထို့နောက်တွင်တော့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သလိုမျိုးဟန်ဆောင်ကာ နေ့သစ်ကို စတင်ရသည်။

      မနေ့ညက အတွေ့အကြုံအရ ငွေငန်းရိုင်းကို တစ်ယောက်တည်း လွှတ်ထားလို့မဖြစ်ကြောင်း သင်ခန်းစာရသွားလေရာ ကြာရွက်၏စိတ်ထဲတွင် ထိုမိန်းကလေးကသာ တစ်ချိန်လုံး ကြီးစိုးနေတော့သည်။ ဣန္ဓြေလည်း မပျက်ချင်တာကြောင့် ပျာယာခတ်မနေဘဲ အဘိုးက နွားသွားကျောင်းရန် ပြောမည့်အချိန်အထိ ရင်တမမနှင့် စောင့်နေရုံသာ တတ်နိုင်ခဲ့၏။ အဘိုးဆီမှ ခွင့်ရသည်နှင့် ကြာရွက်လည်း နွားနှစ်ကောင်ကို ရွာပြင်ဘက်ဆီ ဦးတည်စေလိုက်သည်။ ခါတိုင်းကဲ့သို့ တောင်ခြေက စားကျက်တွင် လွတ်လွတ်လပ်လပ်လွှတ်ထားရမည့်အစား ငွေငန်းရိုင်းရှိရာအိမ်ဆီသို့သာ ခေါ်လာခဲ့၏။

ငန်းဖြူထောင်ချောက်Where stories live. Discover now