part 15

78 10 1
                                    

     "မန်ကျည်းသီးမှည့် တစ်ဆယ်ဖိုး။" ကောင်ငယ်လေးက လက်ထဲတွင် ငွေတစ်ရာကိုင်ထားရင်း ဈေးဆိုင်ထဲသို့ ကုတ်ချောင်းချောင်းနှင့် လှမ်းကြည့်လိုက်၏။ မနေ့က တစ်ရာကို မမကြာရွက်၏အိမ်က ဘီလူးမကြီး လုသွားသဖြင့် သူ့မှာ အမေဆီကနေ နားပူအောင် အဆူခံခဲ့ရသည်လေ။ ဈေးဆိုင်က ယူထားလိုက်ပါသည်လို့လည်း မပြောရဲ။ ကျပျောက်သွားသည်ဟု လိမ်ပြန်တော့လည်း ကျောကော့သည်အထိ ထပ်ရိုက်ခံရပြန်သည်။ ဒီနေ့တော့ အဲ့လူဆိုးမကြီး ဆိုင်မှာ မရှိပါစေနဲ့။

     "ဘာတစ်ဆယ်ဖိုးလဲ။ တစ်ဆယ်ဖိုးမရောင်းဘူး။ ဟိုမှာထုပ်ထားတဲ့အထုပ်လေးတွေ့လား။ အဲ့တာ နှစ်ရာဖိုးပဲ။ ဝယ်မယ်ဆို အိမ်ပြန်ပြီးပိုက်ဆံထပ်ယူချည်။ အကြွေးမရောင်းဘူး။" နေ့လယ်နေ့ခင်း အိမ်ကြီးရှင် မအားသည့်အချိန်များဆိုလျှင် မြငွေငန်းက ဆိုင်ထဲတွင် အခန့်သားဝင်ထိုင်ကာ ဆိုင်ရှင်လုပ်တော့သည်။ သူရောင်းချင်သည့်ဈေးနှင့် သူရောင်းသည်။ ဂုတ်သွေးစုပ်ချင်နေသည့်လူတွေကို ဘာအကြောင်းနှင့်မှ သဘောကောင်းပေးနေစရာမလိုပေ။ အိမ်ကြီးရှင်ကို အနိုင်ကျင့်တာက မြငွေငန်းကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။

    "ဟွန့် နည်းနည်းလေး။" တစ်ဆယ်တန် မန်းကျည်းသီးထုပ်ကို နှစ်ရာပေးဝယ်ရလောက်တဲ့အထိ သူ မတုံး။ သူ့အမေကိုသာ အကြောင်းစုံ ပြန်ပြောလိုက်လျှင် အရင်လို တစ်ဆယ်ဈေးနဲ့ ရမှာဖြစ်သည်။ သို့သော် သူ့ရှေ့က ဟိန်းဟောက်နေသည့်ကျားမကြီးကိုတော့ ကြောက်သည်။ အိမ်ကိုပြန်တိုင်မှန်း သိသွားလျှင် သူ့ကို လာရှာပြီး ဒုက္ခပေးမှာစိုးပါသည်။

    "နင်ပေးတဲ့ပိုက်ဆံကလည်း နည်းနည်းလေးပဲလေ။" ဒီကလေးတွေကလည်း အချဉ်မဟုတ်။ ရွာထဲတွင် အခြားသော ဈေးမှန်သည့်အိမ်ဆိုင်လေးတွေအများကြီးရှိသည်။ ထို့အပြင် ရွာ၏ထုံးစံအရ အိမ်ကြီးရှင်၏ဆိုင်တွင် တစ်လလျှင် တစ်ခေါက်နှစ်ခေါက်လောက် စတိသာဝယ်ရင် ရပြီဖြစ်သည်။ သို့သော် ထိုကလေးတစ်သိုက်ကား ဘာဝယ်ဝယ် အိမ်ကြီးရှင်၏ဆိုင်တွင်သာဝယ်သည်။ ပြီးလျှင် ပိုသည့်ပိုက်ဆံများအား မုန့်ဝယ်စားပစ်ကြသလို ဖန်ဂေါ်လီတွေလည်းဝယ်စုကြသည်။ ထိုအကြောင်းကို သူတို့အမေတွေလည်း မသိမဟုတ် သိကြသည်။ သို့သော် သားသမီးကိုအလိုလိုက်တာ ဆူပူတားမြစ်ခြင်း မရှိခဲ့ကြပေ။ ဘာနေနေ ကြာရွက်ဆိုတာက သူတို့တစ်ရွာလုံး ကြည့်ရှုစောင့်ရှောက်ပေးထားလို့သာ အခုလိုနေနိုင်နေတာမလား။

ငန်းဖြူထောင်ချောက်Where stories live. Discover now