ငန်းရိုင်း၏အပြုအမူတွေကို တရားလွန်တယ်လို့မမြင်တဲ့ ကြာရွက်က အရမ်းတဇွတ်ထိုးမလုပ်ရန် စကားအနည်းငယ်သာပြောခဲ့ပြီး ထိထိရောက်ရောက်တားဆီးခြင်းမရှိခဲ့။ ငန်းရိုင်း ဆန္ဒရှိသရွေ့ ဘာကိုပဲလုပ်လုပ် ကိစ္စမရှိပေ။ သို့သော် ရွာသားတွေကတော့ ငန်းရိုင်းပျိုဆီကနေ သေးသေးတင်မခံလိုကြ။ တစ်ချိန်လုံး သူများအပေါ် အခွင့်ကောင်းယူလာကြသည့် ထိုလူတွေက သူတို့အပေါ် ရိုကျိုးမှုမရှိသည့် ငန်းရိုင်းကို နဂိုကထက် မျက်မုန်းကျိုးလာတော့၏။ ကိုယ့်ရွာသားတွေဘက်ကိုလိုက်ရမှန်းမသိသည့်ကြာရွက်ကိုလည်း အပြစ်တင်လိုကြသည်။
ကြားထဲကနေ မနေနိုင်သည့်လူကတော့ ခါဥဖြစ်သည်။ သူငယ်ချင်းအတွက်ပူရာကနေ သူငယ်ချင်းရဲ့အိမ်ထောင်ဖက်ကိုပါ စိတ်ပူလာရတော့သည်။ သူ့အနေနှင့် ငန်းရိုင်းက လိုက်လျောညီထွေဖြစ်စွာနေဖို့ ကြိုးစားလိမ့်မည်ဟု ထင်ခဲ့တာဖြစ်သည်။ အခုလို ရမ်းကားပစ်လိမ်မည်လို့တော့ မတွေးမိခဲ့။ ရွာထဲတွင် ကြာရွက်က ငန်းရိုင်းတစ်ယောက် ဒီရွာအပေါ်ရိုင်းပျနေသည်ကို မတားရကောင်းလားဟူ၍ စိတ်ဆိုးနေကြသည်။ အများညီလျှင် ဤကိုကျွဲဖတ်လို့ရသည်ဆိုသည့်အတိုင်း တရားလောမတရားလောထက် သူတို့ဘက်ကနေ လူအင်အားနှင့် အနိုင်ပိုင်းချင်နေကြတာဖြစ်သည်။ ကြာရွက်ကို အရင်ကကဲ့သို့ ပြန်နာခံလာအောင် ဖိအားပေးချင်နေကြ၏။
"တားမှပဲ အံ့ဩစရာကောင်းတော့မယ် အဘရေ။" သူတို့နှစ်ယောက်လုံးနှင့် အနီးကပ်ဆုံးလူဖြစ်နေသဖြင့် ခါဥသည် မိမိသူငယ်ချင်းက တစ်ဖက်မိန်းကလေးအပေါ် ဘယ်လိုသဘောထားဆက်ဆံသလဲကို ရှင်းရှင်းကြီးမြင်ဖူးပြီးသားဖြစ်သည်။ လူပုံစံက မလှုပ်တလှုပ် အေးစက်စက်ပေမယ့်လို့ ငန်းရိုင်းပါးစပ်ဟလိုက်သည်နှင့် မရမရှိစေရ။ အကုန်မဖြစ်ဖြစ်အောင် ရသည့်နည်းနှင့် လိုက်ဖြည့်ဆည်းပေးသည်။ ရွာသားတွေ မကြည်ဖြူပြရုံလောက်နှင့် ကြာရွက်က ငန်းရိုင်းကို စွန့်ပစ်လိမ့်မည်ဟု မထင်ရေးချမထင်ပါ။
"ငန်းတွေက သူတို့တစ်သက်မှာ အဖော်တစ်ကောင်ပဲရှာတယ်။" ငရုတ်ဆုံထဲမှ ငရုတ်သီးတွေကြက်သွန်တွေ ပြန်ကန်မထွက်လာအောင် အဝအား လက်ဝါးဖြင့်အုပ်ထားရင်းမှ မြငွေငန်းက ငန်းတို့၏ဘဝဇာတ်ကြောင်းကို ပြောပြလို့နေသည်။ ငန်းရိုင်းတစ်ယောက် ငရုတ်ကျည်ပွေ့ကို တစ်ချက်မြှောက်လိုက်တိုင်း ရင်တုန်ရသူကတော့ မလှမ်းမကမ်းကနေထိုင်ကြည့်နေသည့် ကြာရွက်ပင်။ မတော်တဆ ငရုတ်ကျည်ပွေ့က ငရုတ်ဆုံကိုမထောင်းမိဘဲ လက်ကိုများထောင်းမိသွားရင် လက်ဖဝါးနုနုသွေးခြေဥကုန်လိမ့်မည်။ အဲ့အခါကျ ငန်းရိုင်းလည်းနာကျင်ရသလို သူလည်းရင်နာရမည်။
YOU ARE READING
ငန်းဖြူထောင်ချောက်
Romance"ငန်းတစ်ကောင်ကို ဘာနဲ့မျှားရမလဲ" "ကြာတစ်ရွက်နဲ့ပေါ့" ကြာရွက်+မြငွေငန်း GL တောရွာ type ပါ။ pic crd to the original ower coz I downloaded it from Pinterest.