part 28

24 4 0
                                    

       ရှုပ်ထွေးလာသည့် ဆက်နွယ်မှုတွေကြားထဲတွင် နွမ်းနယ်နေပုံရသည့် အိမ်ကြီးရှင်ဆယ်ကျော်သက်လေးအား မြငွေငန်း ငေးကြည့်မိရ၏။ မျက်နှာအသွင်အပြင်တို့က ကလေးဆန်မှုလေး ဖုံးလွှမ်းနေဆဲဖြစ်ပြီး သူမရင်းနှီးဖူးသည့် ရင့်ကျက်မှုတို့ ဖြစ်တည်မလာသေး။ သို့တိုင်အောင် မျက်ဝန်းတစ်စုံကတော့ အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင် ငြိမ်သက်အေးဆေးနေခဲ့သည်။

        "ဒီအိမ်မှာနေရတာ မပျော်ဘူးလား။"

        "အရင်ကတော့ မပျော်ဘူး။" အခုတော့ မတူတော့ဘူး။ အိမ်ကြီးရှင်က နောက်တစ်ခွန်းကို ထုတ်ပြောမလာပေမယ့်လို့ မြငွေငန်းကတော့ ပြုံးမိသွားတော့သည်။ ဒီအမျိုးသမီးဟာ အမြဲတမ်း သိုဝှက်ထားခြင်းကင်းပြီး ပွင့်လင်းတာကြောင့် သူမကို စိတ်ချလက်ချရှိစေသည်။

        "အရင်က ဘာလို့မပျော်လဲ။" ဒီတစ်ခါ ငွေငန်းရိုင်းရဲ့အမေးက သူမကို အကြပ်ရိုက်သွားစေတာမို့ ကြာရွက်လည်း မဖြေတတ်တော့ပေ။ ဘာလို့မပျော်ရသလဲ သူကိုယ်တိုင်လည်းမသိ။ လူတွေနှင့် ခွဲခြားကာ စည်းတားခံရခြင်းက သူ့ကို မပျော်မရွှင်ဖြစ်စေတာတော့ မဟုတ်နိုင်။ ရွာသားတွေနှင့် ဖက်လှဲတကင်းမရှိဘဲ မြင်ဖူးတွေ့ဖူးရုံဆက်ဆံရေးဖြင့် နေလာသည်မှာ သူမ တစ်သက်ပင်ရှိတော့မည်ဖြစ်သည်။

        အိမ်ကြီးရှင်၏မျက်ဝန်းတို့က သူမထံ စူးစိုက်ကြည့်လာ၏။ အဖြေကို အမေးထဲကနေ ပြန်ရှာနေသလိုမျိုး ကြာရွက်သည် ဘာရယ်ကြောင့်များ အခုကျ အရင်ကနှင့်မတူဘဲ စိတ်အေးလက်အေးရှိနေရပါသလဲ စဉ်းစားလို့နေသည်။ အဓိကတော့ ငွေငန်းရိုင်းကြောင့်သာပင်။ စိတ်ဟာ ခုန်ပေါက်ပြေးလွှားနေရင်း တစ်စုံတစ်ရာကို သတိထားမိသွားပုံရ၏။ ဘာလို့ သူက ငွေငန်းရိုင်းနှင့်အတူရှိနေရတာကို သဘောကျနေရသလဲ။ လေရူးသည်လည်း သူ့ကို အမြဲအဖော်ပြုနေတာကြောင့် အထီးကျန်ဆန်မှုတစ်ခုတည်းနှင့်တော့ ငွေငန်းရိုင်းပေါ် ခင်တွယ်သွားမှာ မဟုတ်ပေ။ ဒါဖြင့်ရင် အခြား ဘာအကြောင်းအရင်းကျန်နိုင်ဦးမလဲ။

        မြငွေငန်းဟာလည်း အိမ်ကြီးရှင်ကို အာရုံလွှဲချင်ရုံသာရှိတာမို့ မသိနားမလည်သည့်မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်ရသည့်အခါ ရယ်ချင်စိတ်အနည်းငယ်သာ ဖြစ်မိသည်။ ‌ဒီလိုမျိူးက သူမကို လာကြည့်နေလို့ အဖြေဘယ်သိရမလဲ ကိုယ့်ကိုယ်ကိုယ်ပြန်စမ်းစစ်ကြည့်မှပဲ နားလည်နိုင်မည့်ကိစ္စဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ငန်းဖြူထောင်ချောက်Where stories live. Discover now