ငန်းရိုင်းထံတွင် ထူးဆန်းသည့်ဆင်ခြေနှင့်အကြောင်းပြချက်တွေ အမြဲတမ်းရှိသည်။ တမာပွင့်လေးတွေကို သူတကယ်မချစ်မှန်း သိသာနေပေမယ့်လို့ ချစ်ဟန်ဆောင်ဖို့ကလည်း မခဲယဉ်းပေ။ မရည်ရွယ်ဘဲ ဖျက်ဆီးမိသည့်တစ်ဖက်လူမှာလည်း ငန်းရိုင်း၏ နှမြောတသဖြစ်နေသည့်မျက်နှာဘေးကြောင့် ချက်ချင်းလက်ငင်း အပြစ်ရှိသလို ခံစားသွားရတော့သည်။
ဒီရက်ပိုင်းတွင် ငန်းရိုင်း၏သူမအပေါ် သဘောထားက ဆတ်ဆတ်ထိမခံဖြစ်နေသည်ဟု ကြာရွက်ခံစားမိသည်။ ရောက်ခါစ ပုန်ကန်တုန်းကလိုမျိုး ဆိုးသွမ်းခြင်းလည်းမဟုတ်။ ထိလွယ်ရှလွယ်ဖြစ်လွန်းနေကာ အကြောင်းအရင်းမရှိ စိတ်ဆိုးဒေါသထွက်နေတတ်သေးသည်။ တဖြည်းဖြည်းနှင့် တွေးမိလာသည်က ရွာသားတွေကြောင့်မဟုတ်ဘဲ ငန်းရိုင်းကိုက ဒီအရပ်မှာ မပျော်တာလားလို့ပင်။ ထိုအတွေးကြောင့် ကြာရွက်မှာ စိတ်ပျက်အားလျော့သွားရသည်။ သူမနှင့်အတူနေရင် ပျော်ရလိမ့်မယ်လို့ ပြောလိုက်ချင်သော်လည်း ပြောမထွက်တော့ပါ။ ဒီတစ်လျှောက်လုံး သူမနှင့်အတူရှိနေတာပေမယ့်လို့ ငန်းရိုင်းက သက်သောင့်သက်သာဖြစ်မနေဘူးမလား။ နေပျော်ဖို့ဆို ဝေးလေစွ။
မျက်နှာငယ်လေးနှင့် ငူငိုင်နေသော အိမ်ကြီးရှင်ကိုကြည့်ရင်း မြငွေငန်းမှာလည်း စိတ်အခြေအနေက ကြည်သာမနေတော့ပေ။ သူမထံတွင် အိမ်ကြီးရှင်ကို ဒီဝဲဂယက်ကနေ ဆွဲထုတ်ဖို့အတွက် ဆိုးဝါးသည့်အကြံအစည်တစ်ခုရှ်ိခဲ့သည်။ အိမ်ကြီးရှင်၏ပါးစပ်ဖျားမှ ထိုကလေးလေးအကြောင်းကို ပထမဆုံးကြားခဲ့ရစဉ်ကဖြစ်သည်။ သူမသာ ဒုတိယကလေးလေးဖြစ်လာခဲ့မည်ဆိုလျှင် အိမ်ကြီးရှင်က သူမအတွက်နှင့် ဒီအရှုပ်အထွေးကနေ ကိုယ်တိုင် ဖောက်ထွက်ပစ်လိုက်မည်ဟု ထင်ခဲ့တာဖြစ်သည်။
ကောင်းမွန်သန့်စင်ပြီး ချစ်စရာကောင်းသည့်စရိုက်နှင့် မိန်းမပျိုလေးကို မည်သူကမှ ငြင်းဆန်နိုင်မည်မဟုတ်ချေ။ တစ်ဖက်တွင် ထိုကလေးကဲ့သို့ လိမ္မာချင်ယောင်ဆောင်နေရင်း တစ်ဖက်မှာတော့ မြငွေငန်းသည် အခြားသူ၏အရိပ်ထဲတွင် ရှင်သန်ဖို့ ကြိုးစားနေသည့် သူမကိုယ်သူမ မုန်းတီးလာတော့သည်။ အိမ်ကြီးရှင်ကို ထိုကဲ့သို့လိမ်လည်ပြီး သူမအတွက် ကျောထောက်နောက်ခံအဖြစ် ရပ်တည်ခိုင်းလိုက်လျှင် သူမစီစဉ်သည့်အတိုင်းဖြစ်လာရင်တောင်မှ အပြစ်ရှ်ိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးစိတ်တို့ကြောင့် ဒီရွာတွင် ဆက်ပြီးနေနိုင်တော့မည်မထင်ပေ။ ထို့အပြင် သူမ၏လုပ်ရပ်ကလည်း အိမ်ကြီးရှင်ကို ခြေချုပ်မိနေစေသည့် ဒီရွာသားတွေနှင့် သိပ်ပြီးကွာခြားတော့မည်မဟုတ်ချေ။ အဲ့တာ ခါဥရဲ့အပြစ်ပဲ။ သူမကို အခုလိုတွေ အတွေးမှားတွေဝင်အောင် တွန်းအားပေးတာ ခါဥပဲ။
YOU ARE READING
ငန်းဖြူထောင်ချောက်
Romance"ငန်းတစ်ကောင်ကို ဘာနဲ့မျှားရမလဲ" "ကြာတစ်ရွက်နဲ့ပေါ့" ကြာရွက်+မြငွေငန်း GL တောရွာ type ပါ။ pic crd to the original ower coz I downloaded it from Pinterest.