part 14

67 6 1
                                    

     "သူ့ကို ဖမ်းဆုပ်လိုက်။ မျှော်လင့်ချက်တွေ တနင့်တပိုးပေးပြီး အသက်မရှူနိုင်အောင် နှိပ်စက်ပစ်လိုက်။ ပြီးရင် တစ်စစီ ရက်ရက်စက်စက်ချေမွပစ်လိုက်။ လိမ္မာတယ်မလား။ စကားနားထောင်ရင် တီတီလေးက သမီးကို မြို့ကိုပြန်ခေါ်သွားပေးမယ်လေ။ သမီးရဲ့မိထွေးကို လက်စားချေရဦးမယ်မလား။ ဒီ‌နေရာကြီးကိုလည်း သဘောမကျဘူးမလား။ တီတီလေးပြောသလိုသာလုပ်လိုက်။ ပြီးရင် တို့တူဝရီးနှစ်ယောက် ဒီနေရာကနေ အတူထွက်သွားကြမယ်။"

     ယုတ္တိမရှိလှသော အိပ်မက်က သူမကို ညစဉ်ညတိုင်း ဤသို့နှိပ်စက်နေတော့သည်။ စိတ်ဓာတ်ပျော့ညံ့သူသာဆိုလျှင် အိပ်မက်ဆိုးဆီကနေ လှုံ့ဆော်ခံရကာ နံဘေး‌တွင်အတူအိပ်ပျော်နေသူကို အန္တရာယ်ပြုဖို့ လက်တွန့်နေမှာမဟုတ်ချေ။ ချွေးစေးတွေအား လစ်လျူရှုလိုက်ရင်း မြငွေငန်းလည်း သက်ပြင်းငွေ့ငွေ့ချလိုက်သည်။ အိမ်ကြီးရှင်ကတော့ သူမ၏လှုပ်ရှားမှုတွေဆီကနေ အနှောင့်အယှက်မခံရဘဲ အေးအေးချမ်းချမ်းအိပ်ပျော်လို့နေသည်။

     ထင်တဲ့အတိုင်းပဲ။ သူမရဲ့မိသားစုက သူမကိုနားမလည်နေဘူး။ မိုးရွာပြီးနောက် အိုက်စပ်အိုက်စပ်ဖြစ်နေသည့်ရာသီဥတုကြောင့် မြငွေငန်းမှာ ပြန်ပြီးအိပ်မပျော်တော့ပါ။ အိပ်မက်ကြောင့် ယောက်ယက်ခတ်နေသည့်စိတ်ကတော့ အစောကြီးထဲက ပြန်တည်ငြိမ်သွားပြီဖြစ်သည်။ ပိတ်လှောင်မွန်းကြပ်နေသည့်ခံစားချက်များ ပြေလျော့သွားစေရန် ကိုယ်တစ်ပိုင်းကြွကာ ခေါင်းရင်းမှပြတင်းတံခါးကို တွန်းဖွင့်လိုက်သည်။ ဒီတစ်ခါတော့ အိမ်ကြီးရှင်ဆီမှ မကျေမချမ်းဖြစ်နေပုံရသည့်အသံပိစိလေးတွေထွက်လာ၏။ ပြတင်းတံခါးဖွင့်လိုက်သည့်အသံက ကျယ်သွားသောကြောင့်ဖြစ်မည်။

     သူမကိုကျောခိုင်းထားသည့် ကျောပြင်လေးအား ကလေးချော့သလို တစ်ချက်နှစ်ချက်မျှ ဖွဖွလေးပုတ်ပေးလိုက်သည်။ မျက်စိပွင့်မလာဘဲ ဘယ်ညာလူးလှိမ့်နေသည့်လူက အချော့ခံလိုက်ရလို့လားမသိ ပြန်ငြိမ်ကျသွား၏။ ထို့နောက်တွင်တော့ ဝင်လေထွက်လေစည်းချက်မှန်သည့် အသက်ရှူသံငြိမ်ငြိမ်လေးက အခန်းထဲတွင် ကြီးစိုးလို့သွားသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now