part 25

40 4 0
                                    

          ညဥ့်နက်သန်းခေါင် ကြယ်ရောင်လရောင်တောင်မမြင်ရသည့်အချိန်၌ အမှောင်ထုကို အရဲကိုးကာ လှုပ်ရှားကြသူများရှိကြောင်း ယုံတမ်းပုံပြင်တွေထဲတွင် မကြာခဏကြားခဲ့ဖူးသည်။ အခုတော့ ထရံကာခြံစည်းရိုးကို လက်တစ်ဖက်ဖြင့် ထောက်မှီထားရင်း ကြာရွက်မှာ သူ ဘာကြောင့် ဒီနေရာကို လာခဲ့မိတာလဲဟု ပြန်စဉ်းစားသုံးသပ်နေတော့သည်။ ဒီနေရာက အနာဂတ်တွင် သူ့အိမ်ဖြစ်လာလိမ့်မည်။ ယခုမူ အိမ်အတွင်း၌ သူစိမ်းတစ်ယောက်က အိပ်မောကျနေပြီး သူကတော့ သူခိုးသူဝှက်လိုမျိုး ခြံစည်းရိုးအကွယ်ကနေ ကိုယ့်အိမ်ကိုယ်ပြန်ချောင်းမြောင်းနေရသည်။

       အမှန်အတိုင်းဆိုရလျှင် ဤကဲ့သို့သော လုပ်ရပ်များက သူမနှင့် မရင်းနှီးပါ။ အိမ်ကနေ ညကြီးအချိန်မတော် ခိုးထွက်လာဖို့ဆိုတာက ရွာထဲရှိအခြားသောဆယ်ကျော်သက်တွေအတွက် မထူးဆန်းလောက်ပေမယ့် ကြာရွက်အတွက်တော့ လွယ်လွယ်နှင့်လက်ခံလို့ရသည့်ကိစ္စဟုတ်မနေပါ။ သူမမှာ ညဘက်အိမ်ပြင်ခိုးထွက်ရလောက်အောင် အရေးကြီးပြီးတိုးတိုးတိတ်တိတ်လုပ်မှဖြစ်မည့်ကိစ္စမျိုး ရှိမနေခဲ့။ ဒါဖြင့်ရင် ဒီနေရာအထိ သူ့ခြေထောက်နှင့်သူရောက်လာအောင် ဘာအရာကများ ဆွဲဆောင်ခဲ့တာဖြစ်မလဲ။

       ယနေ့ညနေ အိမ်ပြန်လာချိန်တွင် ကြာရွက်သည် သူမ၏အဘိုးထံမှ အဆူအပူခံရန် စိတ်ကို အဆင်သင့်ပြင်ထားပြီးသားဖြစ်သည်။ ဒီပတ်ဝန်းကျင်တွင် သူမကို အန္တရာယ်ပြုနိုင်မည့်အရာဟူ၍ ဘာမှရှိမနေသော်ငြား အဘိုးက ကြာရွက်တစ်ယောက် အိမ်ပြန်နောက်ကျခြင်းကို မကြိုက်ပေ။ အခုလို အိမ်ပြန်နောက်ကျရခြင်းမှာ ငွေငန်းရိုင်းက ဆွဲထားသောကြောင့်ဟု ပြောရအောင်ကလည်း စိတ်မချဘဲ နောက်ဆံတင်းနေသူက သူမကိုယ်တိုင်ဖြစ်သည်။ အသိမိတ်ဆွေလည်းမဟုတ်ပါဘဲ လူစိမ်းတစ်ယောက်ကို သူ့အိမ်ထဲတွင် နေထိုင်ရန်ခေါ်လာမိခြင်းကြောင့် စိတ်မှာ အတော်လေး ကသိကအောင့်ဖြစ်ရသည်။ ထိုလူကသာ အိမ်ကိုတစ်ခုခုလုပ်သွားခဲ့လျှင် အနာဂတ်တွင် သူ အိုးမဲ့အိမ်မဲ့ဖြစ်သွားလိမ့်မည်မဟုတ်ပါလော။ တကယ့်အကြောင်းအရင်းမှန်ကိုနားလည်ရန် ငယ်ရွယ်နေသေးလေရာ ကြာရွက်လည်း သူမခွဲနိုင် မခွာရက်ဖြစ်နေသည်က အခြားမဟုတ်ဘဲ သူ့၏အနာဂတ်အိမ်လေးဟုသာ မှတ်ယူလိုက်တော့သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now