part 23

42 5 0
                                    

       ကျော့ကွင်းမှာမိနေပြီးသား သားကောင်က မရုန်းကန်တော့ဘဲ ငြိမ်သက်သွားပြီဆိုရင် မုဆိုးအနေနှင့် ဒွိဟဖြစ်သင့်သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေခဲ့သည့် မြမဒီကတော့ သံသယတောင်မရှိခဲ့ချေ။ အဒေါ်တစ်ယောက်ဖြစ်ပြီး ဟိုးအစမှာကတည်းက သူမ၏တူမကို နားလည်ဖို့ ကျရှုံးခဲ့သည်။

        ရလဒ်ကတော့ အခုလိုမျိုး သူမကို အရှက်ရစေခဲ့သည်။ အရင်က ဘာကိုမှဂရုမစိုက်တဲ့ မြငွေငန်းက အခုတော့ အဒေါ်ဖြစ်သည့်သူမကိုဆန့်ကျင်ပြီး သူမ အသည်းနှလုံးထဲကကို ခါးခါးသီးသီးမုန်းပါသည်ဆိုသည့်လူအား ထိခိုက်အောင် မလုပ်ရက်နိုင်ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါ။ ကြာရွက်ဆိုတဲ့ အဲ့ဒီကလေးက အဲ့သလောက်တောင် လူကို သိမ်းသွင်းနိုင်စွမ်းရှိတယ်ပေါ့လေ။ အမုန်းနှင့်နာကြည်းချက်များက စုပုံလာပြီး မြမဒီ၏နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ရသော အာဃာတတို့ဟာ ပြည့်လျှံပေါက်ကွဲကုန်တော့သည်။

       ထိုနေ့က ငန်းဖြူရွာတွင် ကောင်းကင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အနီရောင်သန်းနေခဲ့သည်။ ဒီနေ့မှာလည်း အချိန်တွေဟာ တစ်ကျော့ပြန်လျက် ကောင်းကင်တစ်ခွင် နီကျင်ကျင်အရောင်တို့ဖြင့် ပြည့်နှက်နေသည်မှာ သွေးမိုးရွာသွန်းဖို့ တာဆူနေသည့်အလားပင်။ လေနီကြမ်းက သဲကြမ်းတို့ကို သယ်ဆောင်ရင်း သည်းကြီးမည်းကြီး သောင်းကြန်းလို့နေသည်။ ပိတ်ထားချင်းမရှိသည့် တံခါးပေါက်တို့က လေပြင်းအောက်တွင် ဖွင့်ချည်ပိတ်ချည်ဖြင့် ဝုန်းဒိုင်းညံနေတော့သည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားက မြမဒီအတွက်တော့ မကောင်းဆိုးဝါးအလိုက်ခံရသည့်အိပ်မက်လိုပင်။ အရာအားလုံးက ထိုနှစ်များမှ နေ့ရက်တစ်ရက်ဆီသို့ သူမကို ဆွဲခေါ်သွားပြီး စိတ်နှလုံးနာကျင်မှုနှင့် နောင်တကြောင့် သူမ၏ခန္ဓာကိုယ်ဟာ ယိမ်းယိုင်ပင်ပန်းလို့နေသည်။ သည်လိုနေ့တွင် မြမဒီသည် သူမ၏အရာရာကို ဆုံးရှုံးခဲ့ရသည်။

      ဒေါသကြောင့် မျက်ကန်းဖြစ်သွားသော မြမဒီက ကြာရွက်ကို တိုက်ခိုက်ရန် ပြေးဝင်လို့သွားသည်။ ဒီကလေးက သူ့ဘဝတစ်ခုလုံး ကံဆိုးမိုးမှောင်ကျအောင်လုပ်တဲ့ တရားခံလက်သည်ပဲဖြစ်သည်။ ရန်သူက မျက်စိရှေ့တွင် ရှိနေပါရက်နှင့် လက်တုန့်ပြန်ရန် အခွင့်ကောင်းကို စောင့်နေရတာမျိုး မလုပ်ချင်တော့ပါ။ သူမရင်ဘတ်တစ်ခုလုံး ပြည့်နှက်ပြီး မွန်းကြပ်နေတာမို့ စိတ်ကိုလွှတ်ပေးလိုက်ရုံကလွဲပြီး မရှိတော့ပေ။ သို့သော် သူမ၏လက်သည်းချွန်တွေက ကြာရွက်ကို ထိခိုက်အောင် လုပ်နိုင်ဖို့ရာ အချိန်မမီလိုက်ပါ။

ငန်းဖြူထောင်ချောက်Where stories live. Discover now