part 24

42 3 1
                                    

    ကူကယ်ရာမဲ့စွာ ကျန်ရစ်ခဲ့သည့် ယုဂန်နှင့်ယှဉ်လျှင် မြငွေငန်း၏ဘဝက အေးအေးဆေးဆေးရှိလှသည်။ အခုလည်း အိမ်ကြီးရှင်ပေါက်စယူလာပေးသော အသီးများကို ဇိမ်ပြေနှပြေစားရင်း ကျောခင်းလို့နေသည်။

     "ညစာ ဘာချက်မှာလဲ။" မြငွေငန်း၏အမေးကြောင့် အသီးခွံအား ဓားဖြင့် ပါးပါးနွှာနေသည့် ဆယ်ကျော်သက်လေး၏လက်များမှာ ရုတ်တရက်တန့်သွားသည်။

     "ဒီအိမ်မှာ ဟင်းချက်လို့မရဘူး။" ရှေးလူကြီးတွေက ဘာကြောင့် ခြေနှစ်ချောင်း မကယ်ကောင်းဟုပြောလည်း နားလည်လာသလိုပင်။ သူကယ်လာသည့်ခြေနှစ်ချောင်းက လက်ရဲဇက်ရဲနှင့်ဇွတ်တရွတ်နိုင်ရုံသာမက ပါးစပ်ကလည်း အစားစားလျှင်စား မစားရလျှင် တောင်စဉ်ရေမရ တတွတ်တွတ်လျှောက်ပြောနေရမှ ကျေနပ်သည်။ အခုလည်း သူအိမ်ထောင်ကျပြီးလျှင် နေထိုင်ရန်ဟူသည့်ရည်ရွယ်ချက်နှင့် အဘိုးဆောက်ပေးထားသည့်အိမ်အသစ်အပေါ်တွင် အခန့်သားတက်နေကာ ထမင်းဟင်းချက်စားချင်နေသေးသည်။

     ငွေငန်းရိုင်းနှင့်အတူရှိနေသည်မှာ နေ့တစ်ဝက်သာရှိသေးပေမယ့်လို့ ဆယ်ကျော်သက်လေး၏ရင်ထဲတွင်တော့ ငြူစူစရာတွေ အတော်လေးကို များပြားနေပြီဖြစ်သည်။ ဒီအိမ်ကြီးမှာပုန်းခိုပါရန် ခေါ်လာပေးသည့်လူက သူကိုယ်တိုင်ဆိုပေမယ့်လည်း တစ်နေနေ့တွင် သူအရွယ်ရောက်လို့ ထိမ်းမြားလက်ထပ်ပြီးချိန်၌ လက်တွဲဖော်နှင့်အတူ ဒီအိမ်ကြီးဆီ ပြောင်းရွေ့နေထိုင်စဉ် အရင်က ဒီအိမ်တွင် သူစိမ်းတစ်ယောက်က သူ့အိမ်သူယာလိုပြူမူနေထိုင်ဖူးသည်ဆိုသောအချက်ကြောင့် သူ့လက်တွဲဖော် စိတ်ကွက်သွားလျှင် ဘယ်လိုဖြေရှင်းရမှာလဲ။

      သူနှင့်တွေ့တာပဲ သုံးလေးနာရီမကရှိနေပြီကို အိမ်ကြီးရှင်ပေါက်စက အခြားတစ်ယောက်ကို လက်တွဲဖော်အဖြစ်ထိမ်းမြားယူဖို့ အတွေးရှိနေသေးကြောင်း သိလိုက်ရချိန်တွင် မြငွေငန်းလည်း စိတ်ထဲကမပါဘဲ ခြောက်ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။ အစကတော့ မီးခိုးတွေကြောင့် ရွာသားတွေဆီက အာရုံစိုက်ခံရမှာကို ရှောင်ရှားချင်သည်ဟု ထင်ခဲ့တာဖြစ်သည်။ အိမ်ကြီးရှင်ပေါက်စက သူ့ကို အပြင်လူတွေတွေ့လို့မဖြစ်ဟုဆိုကာ အိမ်ထဲတွင်သာနေပါရန် ခဏခဏမှာနေလေရာ သူ့ကို ရွာသားတွေမသိအောင် ဖွက်ထားချင်သည်ဟုသာ ‌တွေးမိခဲ့လေသည်။ လက်စသတ်တော့ ဒင်းက အနာဂတ်မှာ သူ့လက်တွဲဖော် ငြိုငြင်သွားမှာကို စိုးရိမ်နေသည်တဲ့လေ။

ငန်းဖြူထောင်ချောက်Where stories live. Discover now