"ဒေါနပန်းတွေက ဘာဖြစ်လို့လဲ။" မြငွေငန်းရဲ့မျက်ဝန်းတွေဟာ သံသယအတိနှင့် ပြည့်နှက်လို့သွား၏။ ယုဂန်သည်လည်း ဒေါနပန်းကဲ့သို့သော ရနံ့မျိုး ရှိသယောင်ယောင်ပင်။ အခုချိန် လေထုထဲမှာ ပျံ့နှံ့နေသည့် ဒေါနရနံ့နှင့်တော့ မတူကွဲပြား၏။ ဘယ်လိုမတူသလဲတော့ မြငွေငန်းလည်း ရှင်းမပြတတ်ပါ။
ရှည်လွန်းသည့်ဇာတ်ကြောင်းအား ကြာရွက်မှာ ရုတ်တရက်ကြီး ဘယ်ကနေ စပြောရမလဲ မသိတော့သော်လည်း သူ မပြောပြလျှင် ငွေငန်းရိုင်းက သူ့နည်းသူ့ဟန်နှင့် သိရအောင် အဖြေရှာတော့မည်မှန်း သေချာနေတာကြောင့် ပြောပြရုံသာရှိတော့သည်။
ငန်းဖြူရွာအား တောတွေ တောင်တန်းတွေက ပတ်ချာလည် ဝန်းရံကာ ကာကွယ်ထား၏။ ရွာသားများတွင် ထူးခြားသည့်ယုံကြည်မှုများရှိကြပြီး ဖော်ရွေလေ့မရှိကြပေ။ ဆန်းကြယ်သည့်မျိုးနွယ်တစ်ခုကြောင့် သူတို့၏ရွာက အခုချိန်အထိ တည်မြဲနေတာဟုလည်း အစွဲရှိကြသည်။ ထိုမျိုးနွယ်မှဆင်းသတ်လာသည့် ကြာရွက်ကတော့ သူ့ကိုယ်သူ ထူးခြားသည်ဟု မခံစားရပေ။
"ဒေါနတွေဝေရင် သူတို့ခိုကိုးရာဖြစ်တဲ့ အဲ့ဒီလူက ရွာထဲကို ပြန်ရောက်နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ ပုံမှန်အချိန်ဆို သူက ဘယ်မှာရှိနေတတ်လဲ ဘယ်သူမှမသိဘူး။" ရွာသားများ၏စိတ်နှလုံးအလုံးစုံ ပုံအပ်ထားခြင်း ခံရသည့် နတ်ဘုရားအလား ဖြစ်တည်မှုနှင့်လူက ကြာရွက်၏နှုတ်ဖျားတွေတော့ အဲ့ဒီလူဆိုသည့် နာမ်စားအပြင်မပိုပါချေ။
"အဲ့ဒီလူက ဘယ်လိုပုံစံလဲ မြင်ဖူးလား။" အိမ်ကြီးရှင်၏လေသံမှတစ်ဆင့် ထိုနတ်ဘုရားလိုလူအပေါ် မုန်းတီးမှုများ စိမ့်ထွက်နေသည်ကို မြငွေငန်းတစ်ယောက် ခံစားမိသည်။ သို့တိုင်အောင် မေးသင့်သည်ကိုတော့ မေးရမည်ပင်။ မဟုတ်လျှင် သူမအနေနှင့် အိမ်ကြီးရှင်ကို ကယ်ထုတ်ဖို့ လွယ်ကူမှာမဟုတ်ပေ။
ဆယ်ကျော်သက်လေးက ခေါင်းကိုအသာခါယမ်းလိုက်၏။ မျိုးဆက်နှစ်ဆက်ဟာ တစ်ချိန်ထဲတွင် အတူထွက်ပေါ်လာလို့ မရပေ။ အဲ့ဒီလူက သူ့မွေးဖေဖေဟုတ်မဟုတ် အတည်ပြုချင်ပေမယ့်လည်း အတည်ပြုခွင့်တောင် မရပေ။ ဒေါနတွေဝေပြီဆိုတာနှင့် ရထားသံလမ်းက စည်းအဖြစ် အသက်ဝင်လာပြီး သူ့အဘိုးက သူ့ကို ရွာအပြင်မှာ အိမ်ဆီသို့ တိုက်ရိုက် နှင်လွှတ်တော့တာဖြစ်သည်။ သူက လာလို့မရဘူးဆိုရင် အဲ့လူကရော ဘာလို့ သူ့ကို လာမရှာရတာလဲ။
YOU ARE READING
ငန်းဖြူထောင်ချောက်
Romance"ငန်းတစ်ကောင်ကို ဘာနဲ့မျှားရမလဲ" "ကြာတစ်ရွက်နဲ့ပေါ့" ကြာရွက်+မြငွေငန်း GL တောရွာ type ပါ။ pic crd to the original ower coz I downloaded it from Pinterest.