part 6

88 10 0
                                    

      နေ့လယ်စာစားပြီးသည့်နောက်တွင်တော့ မြငွေငန်းက အိမ်ကြီးရှင်၏ ချဉ်ပေါင်ရွက်စည်းများကို ကူညီစည်းပေးလိုက်သည်။ သူမ၏ရင်ထဲမှသံသယတွေက ဆူပွက်နေပြီဖြစ်နေသော်လည်း မြငွေငန်းသည် အပြုံးတစ်ခုနှင့်အတူ အိမ်ကြီးရှင်အား သူမ သိလိုသမျှ ဟိုဟိုဒီဒီမေးမြန်းနေဆဲဖြစ်သည်။ 10တန် 20 တန်တွေနှင့်ပင် မလုံလောက်သေးဘဲ 2 ကျပ်တန် လက်ဖက်ခြောက်ပါ ဈေးဆိုင်ထဲတွင် ရှိကြောင်း သိလိုက်ရချိန်တွင် မြငွေငန်းသည် အိမ်ကြီးရှင်က ရိုးတဲ့အဆင့်ကိုကျော်ပြီး အ လွန်းနေတာ မဟုတ်ဘူးလားဟု စတင်တွေးမိလာတော့သည်။

     ထိုကိစ္စနှင့်ပတ်သတ်ပြီး ကြာရွက်လည်း ငန်းရိုင်းဆီမှ မသက်မသာဖြစ်မှုတို့ကို ခံစားမိလေရာ စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။ ချဉ်ပေါင်ရွက်နှစ်ပင် သုံးပင်ကို တစ်စည်းစည်းထားပြီး ထိုတစ်စည်းလျှင် 10 ကျပ်ဖြစ်သည်။ သူမတစ်ယောက်တည်း လုပ်ရစဉ်က ပင်ပန်းသည်ဟု မထင်သော်လည်း ငန်းရိုင်းတစ်ယောက် ချဉ်ပေါင်ရွက်တွေအား တစ်စည်းပြီးတစ်စည်း သားရေပင်ဖြင့် ထပ်ခါထပ်ခါရစ်ပတ်နေသည်ကိုကြည့်ရင်း အလုပ်ရှုပ်လွန်းသည်ဟု ထင်လာတော့သည်။ တစ်ခါထဲ အစည်းကြီးကြီးစည်းလိုက်ရင် ငန်းရိုင်းတစ်ယောက် အစောကြီးထဲက အနားယူလို့ရနေလောက်ပြီဖြစ်သည်။

    "နားတော့လေ၊ ဘာမှလည်း လုပ်စရာမကျန်တော့ဘူး။" အိမ်ကြီးရှင်၏စကားကို မြငွေငန်းလည်း ခေါင်းညိတ်ကာ သဘောတူလိုက်၏။

     အိမ်အပေါ်ထပ်သို့တက်ကာ တစ်ရေးတမောအိပ်လိမ့်မည်ဟု ထင်ထားသော်လည်း ငန်းရိုင်းက အညောင်းပြေခြေဆန့်မလို့ဟူသော ဆင်ခြေဖြင့် ရွာထဲသို့ လျှောက်ကြည့်ရန် ထွက်သွားလေသည်။ ထွေထွေထူးထူးမတွေးမိသော ကြာရွက်လည်း အပေါ်ထပ်သို့တက်ကြည့်လိုက်လေရာ ငန်းရိုင်းဖွထားသမျှကို တွေ့လိုက်ရတော့သည်။ ကတ်ကြေးနှင့်စက္ကူတို့မှာ ပွစာကြဲလျက် မီးပူသည်လည်း ကြိုးတန်းလန်းဖြင့် ကြမ်းပြင်ပေါ်တွင် လဲလျက်သားရှိနေသည်။ အခြားသော တိုလီမုတ်စများနှင့် အစိမ်းရောင်အပိုင်းအစလေးတွေကတော့ အရွက်ကိုပုံဖော်ရာမှ ထွက်လာသည့်အမှိုက်တွေဖြစ်ဟန်တူသည်။ ခြေချစရာတောင်နေရာမရှိတာ အခန်းထဲကို ပြန်ဝင်မအိပ်တာ မဆန်းတော့ပါဘူး။

ငန်းဖြူထောင်ချောက်Where stories live. Discover now