part 20

102 7 0
                                    

       ခြံဝန်းထဲမှာ နေပူဆာလှုံရင်း မျက်လုံးဝိုင်းလေးတွေ မှေးစင်းနေသည့် ငန်းရိုင်းကိုကြည့်ကာ ရယ်ချင်လာသည်။ မနက်စောစောမို့ နေမင်း၏အပူရှိန်ကအရမ်းမပြင်းသေးဘဲ လူတစ်ကိုယ်နွေးထွေးသွားရုံလောက်သာ တောက်ပလို့နေသည်။ အရိုးမပါသည့်သတ္တဝါလေးလိုမျိုး ပျင်းရိပျင်းတွဲနှင့်ခုံပေါ်လှဲနေသည့်ငန်းရိုင်းကတော့ အရင်နေ့က မှုန်မှိုင်း‌ပြီးမိုးသည်းထန်သည့်ရာသီဥတုတွေကြောင့် အောက်သိုးသိုးဖြစ်နေသည့်စိတ်ကို နေရောင်အောက်တွင် ထုတ်လှန်းနေပုံရသည်။ ဟိုကောက်ဒီကောက်နှင့် တစ်ယောက်တည်း အူတွေပိန်လိမ်နေသည်အထိ စိတ်ဆိုးစိတ်ကောက်နေမည့်အစား အိမ်ကြီးရှင်ကို ပိုမှီခိုလိုက်ဖို့ကို ပိုဒုက္ခပေးလိုက်ဖို့ကိုသာ ရွေးချယ်လိုက်သည်။

       "ဘာမှလည်း မဆိုင်ပါလား။" ကြာရွက်က ငန်းရိုင်း၏ကျိုးကြောင်းမသင့်သော အကြောင်းပြချက်များကို အလွန်နှစ်ခြိုက်ဟန်ဖြင့် ရယ်လိုက်သည်။ ရှည်သွယ်သွယ်လက်ချောင်းက ငန်းရိုင်းတစ်ယောက် သန်းဝေရာမှ ဝေ့ကျလာသည့်မျက်ရည်စက်လေးအား ဖမ်းယူရန် လှုပ်ရှားသွားသည်။ အကျိုးသင့်အကြောင်းသင့်မရှိဘူး။ ဒါပေမဲ့ သူသဘောကျတယ်။ ဒီမျက်ရည်စက်လိုပဲ သူအကြာကြီး မသိမ်းဆည်းထားနိုင်ဘူး။ သို့ပေမဲ့ တုံ့ဆိုင်းခြင်းမရှိ လက်ဆန့်ထုတ်ပြီး ဖမ်းယူလိုက်တုန်းပဲ။ 

      "ဒီနေ့ ဘာလို့လေအရမ်းတိုက်နေတာလဲ။" ခြံဝန်းတစ်ခုလုံး သစ်ရွက်ကြွေတွေ ပန်းပွင့်အကြွေတွေနှင့်ပြည့်နေတော့သည်။ မိုးလည်းမမှောင်ပါဘဲနှင့် မိုးသက်လေပြင်းကျတော့မလိုကို လေပြင်းက စိတ်ရိုင်းဝင်ပြီး မြင်မြင်သမျှ ဖျက်ဆီးနေတာဖြစ်သည်။

        အဲ့တာထက် ပိုထူးဆန်းတာကတော့ အိမ်ကြီးရှင်ဖြစ်သည်။ ခါတိုင်း ခြံဝန်းထဲမှာ ရွက်ကြွေလေးတစ်ခုမြင်ရင်တောင် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သိမ်းဆည်းတတ်သည့်လူက အခုများတော့ တစ်ခြံဝန်းလုံး အမှိုက်ပုံနီးနီးဖြစ်နေတာကို ဘာမှမလုပ်ဘဲ ဒီတိုင်းကြည့်နေသည်။ မှန်းစမ်း။ ရူးများသွားလား။ ဖျားများသွားသလား။ သူ့နဖူးပေါ် အုပ်တင်လာသည့် ငန်းရိုင်း၏လက်တစ်ဖက်ကို အသာဖမ်းယူပြီး ဖြစ်ညှစ်လိုက်သည်။ လက်ဖဝါးနုနုက ပိုင်ရှင်၏စိတ်သဘောထားလိုပဲ နူးညံ့ပြီးချောမွတ်လို့နေသည်။ အသားယူခံလိုက်ရသည့် ငန်းရိုင်းကတော့ အိမ်ကြီးရှင်ကို မကျေနပ်သလိုမျိုး မျက်စောင်းဝင့်ကြည့်လာပြီး နှာခေါင်းရှုံ့လိုက်သည်။ သို့သော်ငြား အိမ်ကြီးရှင် ဆုပ်ကိုင်ထားသည့် သူမ၏လက်တစ်ဖက်ကိုတော့ ပြန်မရုတ်သွားခဲ့။ ကြည်ဖြူသလိုလို မကြည်ဖြူသလိုလိုနှင့် နားလည်ရခက်လှသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now