part 12

60 7 0
                                    

       ရိုးရှင်းမှုကြောင့် မျက်စိအေးရသလို တုံးအမှုအနည်းငယ်ကလည်း ချစ်စရာကောင်းသည်ဟုထင်သည်။ ရင်စေ့အင်္ကျီကိုဝတ်ထားသည့်အမျိုးသမီးက တမာပင်အောက်တွင် တမာပွင့်တွေနှင့်အရွက်ကြွေတို့ကို လှဲကျင်းလို့နေသည်။ လေရူးပင်လျှင် သူမ၏လှုပ်ရှားမှုများနှင့်အတူ ယိမ်းနွဲ့နေကခုန်နေသည်ဟု ထင်ချင်စရာရှိ၏။ လက်တွေ့မှာတော့ လေရူးက ကမ္ဘာမြေကို နှုတ်ဆက်သွားခဲ့ပြီးဖြစ်သည်။

       အနာဂတ်တွင် ဘာဆက်လုပ်ရင် ကောင်းမလဲဆိုသည့် မေးခွန်းနှင့် အတန်ကြာလုံးထွေးသတ်ပုတ်နေရသော မြငွေငန်းမှာ ထိုမြင်ကွင်းကို မေးလေးထောက်ကာ သတိလက်လွတ်နှင့် ငေးမောကြည့်လို့နေသည်။ တစ်ချက်တစ်ချက်တွင် တမြက်စည်းထက်ပင် ဖြောင့်တန်းသည့်အိမ်ကြီးရှင်၏ ခန္ဓာကိုယ်က လေးကိုင်းလို ကွေးညွတ်ကာ အမှိုက်တွေစုနေသည်ကိုမြင်သည်။ တစ်ချက်တစ်ချက်မှာတော့ သိမ်းဆည်းနေရင်းပင် လေနှင့်အတူထပ်လွင့်ချင်နေသည့်အရွက်ခြောက်တွေလိုမျိုး မြငွေငန်း၏စိတ်တွေက ဟိုလွင့်ဒီလွင့်ဖြင့် လွင့်မြောနေပြန်သည်။ ကြည့်နေပေမယ့် အတွင်းစိတ်အထိ ဖောက်မမြင်နိုင်သလို တွေးနေပေမယ့်လည်း ထိုမေးခွန်း၌ အဖြေမရှိသလိုမျိုးခံစားနေရသည်။

     ဒီရွာက အခြေချရန်နေရာကောင်းဖြစ်သည်ဟု မခံစားရပေ။ မြို့ကိုပြန်ရအောင်ကလည်း မြို့မှာသာဆို သူမသည် ဘာအတွက်ကြိုးစားရုန်းကန်ရမည်ဆိုသည့် အကြောင်းပြချက်ကို ပျောက်ဆုံးနေပြန်သည်။ ပစ္စည်းဝတ္ထုတစ်ခုခု ဒါမှမဟုတ် လူတစ်ယောက်ကို စိတ်အစွဲဖြင့် အမှီသဟဲပြုကာ ရှင်သန်နေကြနေသည့်လူသားများအကြားတွင် သူ့အဖြစ်က ဦးတည်ရာပျောက်သည့်ငှက်တစ်ကောင်နှင့် တူနေသည်။ ထို့အပြင် သူမ၏နှလုံးသားအောက်ခြေကနေပင် အိမ်ကြီးရှင်ကိုထားခဲ့ပြီး မြို့ကိုပြန်ရန် တွန့်ဆုတ်နေခဲ့သည်။ အဓိပ္ပါယ်မရှိဘူး။

    "တက်နင်းမိကုန်ပြီ။" ငန်းရိုင်း၏အသံကြောင့် ကြာရွက်လည်း အသံလာရာဆီ ခေါင်းမော့ကြည့်လိုက်မိသည်။ နားလည်ရခက်နေသော မျက်ဝန်းတစ်စုံဖြင့်ဖြစ်သည်။

     စနောက်ချင်သောဉာည်ဆိုးလေးနှင့် မြငွေငန်းက လှေကားခြေရင်းတွင် ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။ အနင်းခံလိုက်ရသည့် တမာပွင့်တွေကို ဂရုစိုက်သည်ဆိုတာထက် ဒီလောက်သတိထားနေရင်းမှ နင်းချေမိသွားသေးကြောင်း အိမ်ကြီးရှင်သိသွားလျှင် ဘယ်လိုတုန့်ပြန်မလဲ မြင်ချင်သည်က ပိုအလေးသာသည်။ မြေကြီးပေါ်မှာကြွေကျနေသည့် တမာပွင့်တွေက တက်မနင်းဘဲ ရှောင်သွားပေးရလောက်အောင်အထိ အဖိုးထိုက်တန်ပါရဲ့လား။ ခုန်ဆွခုန်ဆွနှင့် တမာပွင့်တွေကိုကြိုးစားရှောင်ကွင်းနေသည့် အိမ်ကြီးရှင်၏ပုံစံက ရယ်ချင်စရာလေးဆိုပေမယ့် မြငွေငန်းမှာ မရယ်ရက်။ ဘယ်လိုအတိတ်ကြောင့် အခုလိုရူးကြောင်ကြောင်တွေလုပ်နေရသလဲမသိမချင်း ရယ်နိုင်မည်မဟုတ်ချေ။ မဟုတ်ဘူး။ အကြောင်းပြချက်ကိုသိသွားကာမှ မရယ်နိုင်တော့တာမျိုးလဲ ဖြစ်နိုင်ချေရှိသေးသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now