part 19

58 8 0
                                    

    ညစာတစ်နပ်က အေးအေးချမ်းချမ်းပြီးဆုံးသွားပြီးနောက်မှာတော့ တစ်ယောက်တစ်မျိုး မျိုးစုံတွေးကာ စိတ်ဆင်းရဲခံနေရမည့်အဖြစ်ကနေ ရှောင်လွှဲဖို့ဆုံးဖြတ်လိုက်တော့သည်။ တစ်ယောက်ချင်းစီ ထိုပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲ ကိုယ်စီစဉ်းစားခဲ့ကြပေမယ့်လို့ တစ်နေ့ကုန်သွားတာတောင်မှ အေးတိအေးစက်အခြေအနေကနေ ဘာမှမထူးခြားလာခဲ့ပါ။ သိသိသာသာကိုပင် ဒီအရာက ပါဝင်ပတ်သတ်နေသည့်လူနှစ်ယောက်လုံး ရင်ဆိုင်ဖြေရှင်းမှရမည့်ပုစ္ဆာဖြစ်နေတော့သည်။

     မြငွေငန်း၏အတွေးမှာ ရိုးရှင်းသည်။ အရင်ဆုံး သူမဘက်ကနေ ဆိုးဆိုးဝါးဝါးပြောမိခဲ့သည့်အတွက် အိမ်ကြီးရှင်ကို တောင်းပန်လိုက်မည်။ ဒီမှာနေခဲ့ရသည့် နေ့ရက်တွေအတောအတွင်း အိမ်ကြီးရှင်က သူမကို ဘယ်လိုသဘောထားပြီး ဦးစားပေးဆက်ဆံသလဲဆိုတာကို မမြင်နိုင်ရလောက်အောင်အထိ ‌တုံးအမနေပါ။ အားနာဖို့ကောင်းရသလို တစ်ဖက်မှာလည်း ဖြစ်သင့်သည်ဟု လက်ခံမိသည်အထိ အိမ်ကြီးရှင်က သူမအရင်က သတ်မှတ်ထားဖူးသည့် စံညွှန်းများနှင့်အပြိုင်ကို သူမအပေါ်ကောင်းမွန်သည့်လူဖြစ်သည်။

     အားနာစိတ်ဝင်လာရသည့်အကြောင်းအရင်းမှာ ဒီဆက်ဆံရေးတွင် သူမဘက်ကနေ ဘယ်လိုပေးဆပ်မှုမျိုးကိုမှ မလုပ်ခဲ့ရသောကြောင့်ဖြစ်သည်။ ထိုအတွေးကိုသာ ကြာရွက်တစ်ယောက် ကြားနိုင်ခဲ့လျှင် သေချာပေါက် ပြန်ပြောမည်က မလိုပါဘူး ဆိုတာပင်။ သူပေးလိုသည့်မေတ္တာတွေအား ငန်းရိုင်းက ကြည်ကြည်ဖြူဖြူလက်ခံနေသရွေ့ သူမအတွက် ဘယ်အရာကိုပဲ လုပ်ပေးရပါစေ ခက်ခဲသည်ဟု မထင်ပါ။ မြငွေငန်းကတော့ ထိုသို့မတွေးပါ။ ညီတူမျှတူမရှိသည့်ဆက်ဆံရေးက ကြာရှည်မမြဲဘူးဟု ယုံကြည်သည်။ တစ်ဖက်ကပဲ အကုန်အလျှော့ပေးလာရသည့်အခါ နောက်ပိုင်းတွင် အရာရာတိုင်းက တစ်ဖက်စောင်းနင်းဖြစ်လာလိမ့်မည်။ ပြီးလျှင်တော့ အိမ်ကြီးရှင်ကလည်း သူမကို တဖြည်းဖြည်းနှင့် ငြိုငြင်သွားလိမ့်မည်။

     ပိုဆိုးသည်ကတော့ သူတို့နှစ်ယောက်၏အစနှောင်ကြိုးဖြစ်သည့် လက်ထပ်ထားသည်ဟူသည့်ဖြစ်ရပ်မှာ ဝေဝေဝါးဝါးဖြစ်လာသောအခါ မြငွေငန်းမှာ ရတက်မအေးတော့ပါ။ အနာဂတ်တွင် အိမ်ကြီးရှင်၏အလိုလိုက်မှုတွေကြောင့် သူမက ဘယ်လိုမျိုး အကြောက်အလန့်ကင်းပြီး ရဲတင်းလာမလဲ မြင်ယောင်ကြည့်လို့ရနေသည်။ ဆိုးသွမ်းပြီး တစ်ကိုယ်ကောင်းဆန်သည့်စရိုက်မှာ ထိန်းသိမ်းရမလွယ်ကူပါ။ တစ်ဖက်မှာလည်း မြငွေငန်းသည် ပိုင်စိုးပိုင်နင်းလုပ်တတ်လွန်းသည့် ကိုယ့်ကိုယ်ကိုယ်အား မနည်းထိန်းသိမ်းနေရသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now