ငန်းရိုင်းက ပြဿနာ၏အရင်းအမြစ်အား သူမကို ပြောပြဖို့ ငြင်းဆန်ခဲ့သည်။ ကြာရွက်လည်း ဖိအားပေးပြီး မမေးဖြစ်တော့။ သူမအနေနှင့် ငန်းရိုင်းဖွင့်ပြောလာမည့်အချိန်အထိ စိတ်ရှည်ရှည်ဖြင့်စောင့်လို့ရသလို အခြားသောနည်းလမ်းတွေကတစ်ဆင့်လည်း ဘာဖြစ်ခဲ့သလဲသိနိုင်သည်လေ။ ညက တိတ်ဆိတ်ကာ လေသည်လည်း အတက်အကျမရှိ ငြိမ်သက်နေ၏။
အိပ်ပျော်သွားချိန်တွင် ကြာရွက်သည် ဟိုးအရင်အတိတ်ဆီက နေ့ရက်တစ်ရက်ကို အိပ်မက်မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ငယ်ရွယ်သည့်သူမက ဆိုဆုံးမမှုများကို နာခံရန်ဆန့်ကျင်နေသည်ကို မြင်နေရ၏။ မြငွေငန်းသာ အိမ်ကြီးရှင်၏ထိုပုံစံလေးကို တွေ့နိုင်လျှင် ငယ်စဉ်ထဲက စူးရှသည့်မျက်လုံးအကြည့်တွေရှိပြီး ရိုက်ပစ်ချင်လောက်အောင် ခေါင်းမာသည့်သူဟု ကောက်ချက်ချလိမ့်မည်ဖြစ်သည်။
မတုန်မလှုပ်နှင့် အမူအယာကင်းမဲ့သောကလေးငယ်က ဝါကျင့်ကျင့်မီးအလင်းရောင်ထွန်းလင်းနေသည့်အခန်းထဲတွင် မျက်စိစုံမှိတ် မျက်လွှာချထားကာ အိပ်ချင်ယောင်ဆောင်ရန် ကြိုးစားလို့နေသည်။ အခန်းက တိတ်ဆိတ်လွန်းကာ လေထုသည်လည်း တစ်မျိုးတစ်မည် ဖော်ပြရခက်စွာ ငြိမ်ဆိမ်လို့နေ၏။ ထိုစဉ် ဖြူဖွေးနေသည့်ဆံပင်တို့အား သပ်ရပ်စွာ ထုံးဖွဲ့ထားသည့် အဘိုးအိုက အခန်းအတွင်းသို့ဝင်လာကာ အိပ်ယာနံဘေးတွင် ထိုင်ချလိုက်ပြီးနောက် ကလေးငယ်အား စိုက်ကြည့်ရင်း လေးပင်စွာဖြင့် သက်ပြင်းချလိုက်၏။ လူအိုကြီး၏လက်နှစ်ဖက်က မြေးဖြစ်သူ၏ ဘောင်းဘီအနားစတို့အား ဒူးအထက်နားရောက်သည်အထိ လိပ်တင်ကာ ပေါ်ထွက်လာသည့် အရှိုးရာဒဏ်ရာများပေါ်သို့ ဆေးအဆီများလောင်းချပြီး ညင်သာစွာ ဆေးလိမ်းပေးနေသည်။ ကြာရွက်ငယ်လေးကတော့ ဆေးအဆီ၏အေးစိမ့်စိမ့်အထိအတွေ့ကြောင့် တုန်ယင်သွားသည့်တိုင် သူမဟန်ဆောင်နေကြောင်း မရိပ်မိသွားစေရန် ခန္ဓာကိုယ်အား တောင့်ခံထား၏။
ထိုနေ့ကအဖြစ်အပျက်များက ကြာရွက်၏မှတ်ဉာဏ်များထဲတွင် ထင်ရှားနေဆဲပင်။ သူမအနေနှင့် တစ်လျှောက်လုံး လိမ္မာသည့်ကလေးဖြစ်ခဲ့သော်လည်း ပုန်ကန်ရန် သင်ယူခဲ့သည့် ပထမဆုံးအကြိမ်ဟု ဆိုလို့ရသည်။ အခြားလူ၏အိမ်မှ ကြာပင်ကို ခွင့်ပြုချက်မရှိဘဲ ချိုးယူခဲ့သည်။ ထိုစဉ်က သူမ ဘာတွေတွေးနေခဲ့သလဲ အသေးစိတ်မမှတ်မိတော့ပေမယ့်လို့ အပြစ်ရှိသည်ဟုတော့ အနည်းအကျဉ်းမျှပင် မခံစားမိခဲ့ကြောင်းတော့ သတိရနေသေးသည်။ ကာကွယ်ရန်သင်ပြခြင်းခံထားရသော်လည်း တကယ်တမ်းတွင် ကာကွယ်လိုသည့်တစ်စုံတစ်ရာက ရှိမနေတော့သောအခါ ထိုအချိန်တွင် ကြာရွက်၏အတွေးတို့က အကြမ်းဖျဉ်းအားဖြင့်တော့ ရူးသွပ်ရှုပ်ထွေးနေခဲ့လောက်သည်။
YOU ARE READING
ငန်းဖြူထောင်ချောက်
Romance"ငန်းတစ်ကောင်ကို ဘာနဲ့မျှားရမလဲ" "ကြာတစ်ရွက်နဲ့ပေါ့" ကြာရွက်+မြငွေငန်း GL တောရွာ type ပါ။ pic crd to the original ower coz I downloaded it from Pinterest.