part 21

66 6 0
                                    

       ရွာသားတွေက နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ကြာရွက်အပေါ် အထင်သေးကြသလိုမျိုး ကြာရွက်ကလည်း ငန်းရိုင်းတစ်ကောင်၏ အန္တရာယ်ပြုနိုင်စွမ်းကို လစ်လျူရှုထားခဲ့သည်။ ထို့ကြောင့် ရွာသားတွေက သူမဟုတ်ဘဲ ငန်းရိုင်းကို ရှင်းပစ်ချင်ကြခြင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် အံ့ဩသွားသလို တစ်ချိန်ထဲမှာပဲ ဒေါသကြောင့် လောင်မြိုက်သွားတော့သည်။ သူ့မျက်စိရှေ့မှာ သူ့ငန်းရိုင်းကို အန္တရယ်ပြုဖို့ တွေးရဲကြတယ်ပေါ့လေ။

        ကြာရွက်မသိတဲ့ငန်းရိုင်းက ဘယ်လိုပုံစံမျိုးလဲ။ ချစ်စနိုးနှင့်သာ ငန်းဖြူအရိုင်းအစိုင်း ငန်းရိုင်းလို့ ခေါ်နေပေမယ့်လို့ ကြာရွက်ရဲ့အမြင်မှာ ငန်းရိုင်းက ဖြူစင်သည့်အရိုးခံလေးသာဖြစ်သည်။ စိတ်ဆိုးစိတ်ကောက်ရတာကြိုက်ပြီး အာရုံစိုက်ခံရဖို့အတွက် ဆိုးသွမ်းနေရုံထက် မပိုခဲ့။ ရောင့်ရဲလွယ်ပြီး စိတ်ကျေနပ်အောင် ချော့မော့ဖို့လည်း မခက်ပါချေ။

        သို့သော် အဒေါ်ဖြစ်သည့် မြမဒီအတွက်တော့ သူမပျိုးထောင်ခဲ့သည့် မြငွေငန်းက ငန်းဖြူတစ်ကောင်လို လှပပြီးချစ်စရာကောင်းမနေခဲ့ပါ။ သူမတစ်ဘဝလုံး ထိုကလေးကို ပြစုစောင့်ရှောက်ရင်း အချိန်ကုန်ခဲ့ရသည်။ မြငွေငန်း ကြီးပြင်းလာသည့်တစ်လျှောက်လုံးတွင် အဒေါ်ဖြစ်သည့်သူမက အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ခဲ့သည်။ အပြင်ပန်းရုပ်ရည်သွင်ပြင်ကလွဲလျှင် တူမဖြစ်သူကို ဆုံးသွားပြီဖြစ်သည့် အစ်မမြ‌ ကြေးမုံနှင့် လုံးဝ ကွဲပြားခြားနားနေအောင် ပျိုးထောင်ခဲ့သည်။ ထိုအစား သူမကိုယ်တိုင်ထက် ပိုဆိုးသွမ်းပြီး တစ်ကိုယ်ကောင်းဆန်သည့်လူဖြစ်လာစေခဲ့သည်။

        မြငွေငန်းက ဆူးတစ်ချောင်းဟုဆိုလိုက်လျှင် ထိုဆူးကြောင့် နာကျင်ခံစားခဲ့ရသည့်လူတွေက တစ်ယောက်နှစ်ယောက်မကပေ။ အဒေါ်အရင်းဖြစ်သည့် သူမပင် မြငွေငန်းကြောင့် ကြိမ်ဖန်များစွာ ထိခိုက်ခဲ့ရသည်။ သို့သော် ထိုဆူးကို ချွန်မြအောင်သွေးနေ‌သလိုမျိုး သူမကတော့ ထပ်ခါထပ်ခါနာကျင်ရလည်း မတုန်လှုပ်ခဲ့ပါ။ မြငွေငန်းက ဆူးဖြစ်လျှင် သူမက ထိုဆူးခြုံပင်ကို ငန်းရုပ်ပုံဖြစ်အောင် ပုံသွင်းထားသူဖြစ်သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now