Chapter 10

2.5K 262 3
                                    

အပိုင်း (၁၀) မတရားမှု

နေ့လယ်ခင်းမှာ လေက ပိုတိုက်လာပြီး မိုးစရွာလာတော့တယ်။

ပုရွက်ဆိတ်လေးတွေက ပုန်းအောင်းနေကြပြီး ချန်ထားခံရတဲ့ တစ်ကောင်ပဲ ကျန်နေခဲ့တော့တယ်။

လေက စောစောက လာခဲ့တဲ့ အဘွားအိုရဲ့ ခြံဝန်းထဲမှာ ချန်ထားခဲ့တဲ့ မွှေးပျံ့တဲ့ရနံ့ကို ဖယ်ရှားလိုက်တယ်။

အဘွားအိုဆီကနေ နေ့တိုင်း အမွှေးတိုင်ထွန်းပြီး ဘုရားကို ပူဇော်ထားသလို စန္ဒကူးနံ့သာနံ့ရနေခဲ့တယ်။


အမေချင်က အဲ့ဒီလိုပြောလိုက်တော့ ဗုဒ္ဓဆင်းတုတော်လိုမျိုး အဘွားအိုရဲ့ ကြင်နာတဲ့ မျက်ခုံးမျက်လုံးတွေက ဒေါသကြောင့် တွန့်ချိုးသွားတော့တယ်။

သူမနှုတ်ခမ်းတွေကလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေတယ်။ သူမနှုတ်ခမ်းတွေ တုန်နေတော့ သူမရဲ့ မလိုမုန်းထားတဲ့ စရိုက်က နောက်ဆုံးမှာ ပေါ်လာခဲ့တယ်။

ဒီတောသူမကများ သူမရဲ့အဖိုးတန် ဝမ်အာလေးကို သူများနဲ့ နှိုင်းယှဉ်ရဲတယ်။

လုပ်ရဲလိုက်တာ။

ထို့နောက် ထွားကျိုင်းတဲ့ အမျိုးသမီးက ချက်ချင်းပဲ သူတို့ကို ရိုက်ဖို့ သူမရဲ့ မြေအိုးလောက်ရှိတဲ့ လက်ကြီးကို လှမ်းလာခဲ့တယ်။
သို့သော်လည်း ချင်လော့ရှားက တားနိုင်လိုက်မယ်လို့ သူမ ထင်မထားခဲ့ဘူး။

သန်သန်မာမာ အမျိုးသမီးကြီးရဲ့ မျက်နှာက နီမြန်းသွားတယ်။

သူမ မထင်ထားတာက ကလေးမွေးပြီးတော့မှ ဒီတောသူမက သူမရဲ့ ရိုက်ချက်ကို ကာနိုင်လောက်တဲ့အထိ သန်မာလာတာလား။

သူမ လေ့ကျင့်ထားတာပဲ။

အဘွားအိုရဲ့ မျက်နှာထားက အရုပ်ဆိုးစွာနဲ့ စကားပြောလိုက်တယ်။ “ချင်မျိုးနွယ်၊ နင့်ကိစ္စနင် စိတ်ဝင်စားစမ်းပါ။ မကောင်းမှုများများလုပ်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ပျက်စီးစေမှာ။ မကောင်းမှုတွေက ချက်ချင်းတော့ အကျိုးပေးမှာမဟုတ်ပေမဲ့ ကံကောင်းမှုတွေကတော့ နင်တို့ကို ဖယ်ခွာသွားတာ ကြာပေါ့။ အားယောင်၊ ငါတို့ သွားကြစို့”

သန်မာတဲ့အမျိုးသမီးက အဘွားအိုကို တွဲပေးပြီး ပြန်သွားခဲ့ကြတယ်။

ဘယ်လိုတောင် ထူးဆန်းတဲ့ နှစ်ယောက်လဲ။

ကျန်းမြန့်မြန့်က သူတို့ကြောင့် စိတ်ရှုပ်သွားတယ်။

သူတို့ အပြန်လမ်းမှာ မိုးများ မိသေးလားလို့ သူမတွေးမိတယ်။ ပထမဆုံးအနေနဲ့ ကျန်းမြန့်မြန့်တစ်ယောက် စိတ်ပုပ်စွာနဲ့ တစ်စုံတစ်ယောက်ကို မိုးထဲ စိုရွဲပါစေဆိုပြီး ဆုတောင်းမိတာပဲ။

ချင်လော့ရှားက အရမ်းကို ဒေါသထွက်နေတယ်။
သူမရင်ထဲမှာ ဒေါသတွေက တလိပ်လိပ်နဲ့။

ဒါပေမဲ့ သူမဖောက်ခွဲစရာ နေရာမရှိဘူး။

အဘွားအိုက စကားလုံးတွေကို ဝေ့လည်ကြောင်ပတ် ပြောတတ်တယ်။ သက်သေမရှိဘဲနဲ့ သူမပဲ အမြဲမှန်ကန်နေတဲ့ ပုံစံနဲ့။ သူမသာ မင်းလုပ်တာ မှားတယ်လို့ ထင်လိုက်ရင် သူမက မင်းကို ဆုံးမဩဝါဒ ချွေတော့တာပဲ။

ချင်လော့ရှားက အသက်ပြင်းပြင်းရှူလိုက်တယ်။ ဒီကနေ့ ကာလိုက်နိုင်တဲ့ ရိုက်ချက်ကို သတိရမိတော့ ရုတ်တရက် သူမ စိတ်လှုပ်ရှားသွားတယ်။

တချို့တွေက ပြောကြတယ်။ ကလေးမွေးပြီး မီးတွင်းထဲမှာ ဂရုတစိုက် နေခဲ့ရင် ယခင်က ကလေးမွေးပြီး ဒဏ်ဖြစ်ထားတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်တဲ့။ မြန့််မြန့်ကို မွေးလိုက်တာက သူမရဲ့ ခန္ဓာကိုယ်ကို ကျန်းမာသွားစေတာလား။

သူမက အားကြိုးမာန်တက် အလုပ်စခဲ့ပြန်တယ်။

ကျန်းမြန့်မြန့်က အမေချင်တစ်ယောက် သူမကျောပေါ်မှာ ကုတင်ကို သယ်တာ... ကျောက်တုံး ကြိတ်ဆုံကြီးကို မ,တာ... တိုင်တွေကို ရွှေ့တာ.... မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ကာ ချောင်ကြို ချောင်ကြားမကျန် တိုက်ချွတ်ဆေးကြောနေတာကို ကြည့်နေလိုက်ရတော့တယ်။

အိုဟောင်းနေပေမဲ့လည်း အနည်းဆုံးတော့ တစ်နေရာမကျန် ပြောင်လက်နေတယ်။

နောက်ဆုံးမှာတော့ မိုးက စတင်ရွာလာတယ်။

ပိုပိုပြီး သည်းလာခဲ့တယ်။

တပေါက်ပေါက်၊ တဝေါဝေါနဲ့...

ကျန်းမြန့်မြန့်က ဗိုက်ဆာနေပြီ။ “ယိယ ယိယ” (မေမေ မေမေ စား စား)

ချင်လော့ရှားက အမိုးအောက်မှာ ဝါးကုလားထိုင်လေးနဲ့ ထိုင်နေပြီး သူမသမီးကို နို့တိုက်လိုက်တယ်။

ခြံထဲမှာ မိုးသည်းတာကို ကြည့်နေရင်းနဲ့ လေက အေးမြလာတာကို ခံစားလိုက်ရပြီး သူမရင်ထဲက ဒေါသတွေက နောက်ဆုံးတော့ ကွယ်ပျောက်သွားတယ်။

ပြီးသွားတာတွေ ပြီးပါစေတော့လေ။

တကယ်လို့သာ အဘွားအိုရဲ့ သူတော်ကောင်းဟန်ဆောင်တဲ့ အပြုအမူကြောင့်သာ မဟုတ်ရင် သူမခင်ပွန်းနဲ့ သူမ လက်ဆက်ခဲ့ရမှာတောင် မဟုတ်ဘူး။

သူမ အဘွားအိုကိုတောင် ကျေးဇူးတင်သင့်တယ်။

မိုးဖွဲလေးက ဆက်ရွာနေတယ်။ ကောင်းကင်က စောစောမှောင်သွားခဲ့တယ်။

အသုံးမကျတဲ့ ကျန်းဖုန်းက ထုံးစံအတိုင်း အိမ်ကို စောစောပြန်မလာဘူး။
အရင်လိုပဲ သူက အိမ်ကို ထမင်းစားချိန်မှ ပြန်ရောက်လာတယ်။

ဒီနေ့တော့ သူက တစ်နည်းနည်းနဲ့ အနီရောင်ပိတ်စကို ပြန်ယူလာခဲ့တယ်။ အမေချင့်ကို ပေးလိုက်တော့ ပျော်ရွှင်နေခဲ့တယ်။

ချင်လော့ရှားက မကျေမနပ်ဖြစ်ကာ သူ့ကို မဆူဘဲ လျစ်လျူရှုထားတယ်။

ကျန်းယွီက မြေရှင်အိမ်ကနေ ကူလုပ်ပေးပြီး ပြန်လာတော့ လုံးဝကို မှောင်တော့မယ်။ သူမက မပျော်မရွှင် လက်ဗလာနဲ့ပြန်လာတယ်။ “အမေ, သမီး မနက်ဖြန်ကစပြီးတော့ အဲ့ဒီကို ထပ်မသွားရတော့ဘူး။ ချွေ့အမေက အားချွေ့ကို မြေရှင်လျူ့အိမ်က အစောင့်နဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပြီ။ အခုကစပြီး ချွေ့က မြေရှင်လျူ့အိမ်မှာ အလုပ်လုပ်ရတော့မှာ”

ချင်လော့ရှားက စိတ်မဝင်စားဘဲ တအင်းအင်းပဲ ပြန်ဖြေလိုက်တယ်။

ကျန်းချင်တျန်းအိမ်ပြန်လာတော့မှပဲ ချင်လော့ရှားက လှုပ်လှုပ်ရှားးရှားဖြစ်လာတယ်။
သူမခင်ပွန်းက ဉာဏ်ကောင်းပြီးတော့ သူမ ပြဿနာနဲ့ကြုံတိုင်း အကြံဉာဏ်ပေးနိုင်တယ်။

သူမသမီးကြီးအတွက် စိတ်နည်းနည်းပူနေရတယ်။ အဘွားကြီးက ဘာမှမပြောရင်တော့ ဘာမှမဖြစ်ပေမဲ့ သူမပါးစပ်ဖွင့်ခဲ့ရင်တော့ သူမလိုချင်တာ ဖြစ်အောင် ဘာကမှ တားလို့ရမှာ မဟုတ်ဘူး။

အံ့အားသင့်စရာပဲ။ ဒီနေ့ ကျန်းချင်တျန်းက အသားပေါက်စီလေးလုံး ပါတဲ့အိတ်နဲ့ အိမ်ပြန်လာခဲ့တယ်။

ဖောင်းပြည့်နေတဲ့ အသားပေါက်စီ လေးခု။

တစ်ခုကတော့ ဖိမိထားတယ်။

ကျန်းမြန့်မြန့်က သူမအဖေ သူ့ရဲ့ အင်္ကျီလက်ကျယ်ထဲကနေ ကြော့ရှင်းစွာ ဆွဲထုတ်လိုက်ပြီး အငွေ့တွေတောင် ထနေသေးတာကို မြင်လိုက်ရတယ်။

အဲ့တာတွေက လတ်လတ်ဆတ်ဆတ် ပေါင်းထားပြီးတော့ အနံ့လေးကလည်း မွှေးနေတယ်။ သူမ ပေါက်စီကိုတောင် မမြင်ရတာ ကြာပြီ။

သူတို့က အဲ့တာတွေကို ပေါက်စီလို့ ခေါ်ပေမဲ့လည်း ပေါက်စီအစစ်တော့မဟုတ်ဘူး။

လုံးလုံးဝိုင်းဝိုင်း အသားဘန်းမုန့် လေးခု။

တစ်ခုကတော့ ဖိမိလို့ ကြေနေတယ်။

“အဖေဒီနေ့ ဘယ်လိုတောင် ကံကောင်းပြီးတော့ အိမ်ကို အသားဘန်းမုန့်တွေ ပြန်ယူလာနိုင်တာလဲ” လေးခုတောင်ရှိတော့ ကျန်းယွီလည်း အားနာမနေတော့ဘဲ တစ်ခုယူလိုက်တယ်။ သူမလက်တွေနဲ့ တစ်ခုယူ ကိုက်စားလိုက်ပြီးတော့ စိတ်ကျေနပ်စွာ မေးလိုက်တယ်။

ကျန်းချင်တျန်းက ပြုံးလိုက်ပြီး “မင်းတို့အဖေက ရာထူးတိုးသွားတယ်လေ။ အခုကစပြီး အဖေက အငယ်တန်း စာရေးဖြစ်သွားပြီ။ အဖေ့ရဲ့ လစာကလည်း နှစ်ဆတိုးသွားတယ်ဆိုတော့ ဂုဏ်ပြုပွဲလုပ်ရမှာပေါ့။ အခုကစပြီး အဖေ မင်းတို့ တစ်ယောက်ချင်းစီကို လတိုင်း အသားဘန်းမုန့် တစ်ခုစီဝယ်ကျွေးမယ်။ မကောင်းဘူးလား”

ကျန်းဖုန်းက အသားဘန်းမုန့်တစ်ခုကို ယူပီး အမေ့ကို ပေးလိုက်ပြီးမှ ကြေနေတဲ့တစ်ခုကို သူ့ဖို့ယူလိုက်တယ်။ သူက အကိုက်အကြီးကြီး ကိုက်ကာ နောက်တစ်ခါထပ်ကိုက်လိုက်ပြီး သုံးကိုက်တည်းနဲ့ ကုန်အောင် စားပစ်လိုက်တယ်။

ပလုတ်ပလောင်းစားနေရင်း ပြည့်ဖောင်းနေတဲ့ ပါးစောင်နဲ့ အကုန်လုံးကို မျိုချလိုက်တယ်။ သူ့ဗိုက်ကို ပွတ်ပြီးသွားတော့မှ မေးလိုက်တယ်။ “အရင်က စာရေးဝူကရော ဘာဖြစ်သွားပြီလဲ။ သူက ဆက်ဆံရခက်တယ်။ အရင်တစ်ခေါက် အမေ ညီမလေးကို မွေးတုန်းက ကျွန်တော် အဖေ့ကိုသွားရှာတော့ သူနဲ့တွေ့ခဲ့တာ။ သူ ကျွန်တော့်ကို ကန်လိုက်တာ ဒီနားမှာ အခုထိနာနေတုန်းပဲ။ တကယ်လို့ သူရော ရာထူးတိုးတာဆိုရင်တော့ အဖေ့အလုပ်က ခက်ခဲတော့မှာပဲ”

ကျန်းချန်တျန်းက အေးအေးဆေးဆေးနဲ့ နောက်ဆုံးလက်ကျန် ဘန်းမုန့်ကို စားသောက်ပြီးစီးသွားတော့မှ ပြန်ဖြေလိုက်တယ်။ “သူသေသွားပြီလေ။ သူ အစိုးရပိုင်ပစ္စည်းတွေ ခိုးနေတာမိသွားလို့ သေတဲ့အထိ အရိုက်ခံလိုက်ရတယ်”

တိတ်ဆိတ်သွားလေတယ်။

ကျန်းမြန့်မြန့်မျက်လုံးတွေက ပြူးသွားပြီး သူငယ်အိမ်ကလည်း အာရုံမစိုက်နိုင်တော့ဘူး။

သူမခေါင်းလေးထဲမှာ သူမအဖေ ပြောထားဖူးတဲ့ ဆေးဝါးပစ္စည်းတွေ ခိုးတဲ့အကြောင်းကို မှတ်မိနေတုန်းပဲ။

အခုတော့၊ ဟင်း....

ချင်လော့ရှားလည်း တုန်လှုပ်သွားတယ်။

သူမ ဒီကနေ့ စိတ်အခြေအနေ မကောင်းဖြစ်နေတာ။ သူမခင်ပွန်းစကားတွေကြားတော့.... ငိုနေတဲ့မျက်နှာထက် ပိုအရုပ်ဆိုးတဲ့ အပြုံးကို ပြုံးပြလိုက်တယ်။

“သေခြင်းတရားက ဝေဒနာခံစားနေရတာထက်စာရင် ပိုကောင်းပါတယ်။ ဒီလောကကြီးက....”

ကြည့်ရတာ မိသားစုအားလုံးက နှလုံးသားမာကျောနေကြပုံရတယ်။ ဘယ်သူမှ နောက်ထပ် ထပ်မပြောကြတော့ဘဲ သူတို့က ညစာအတွက် ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်နေကြတယ်။

ကျန်းယွီက ပေါ့ပါးစွာပြောလိုက်တယ်။ “မနက်ဖြန် သမီးအလုပ် သွားစရာမလိုတော့တာနဲ့ အတော်ပဲ။ သမီး အိမ်မှာနေပြီးတော့ ညီမလေးကို ထိန်းလို့ရတယ်။ အဖေက ရာထူးတိုးသွားပြီဆိုတော သမီးတို့ အငတ်ခံစရာ မလိုတော့ဘူး”

ဗိုက်ထဲမှာ အသားဘန်းမုန့်တွေ ခံထားပြီးလိုက်တော့ ဒီနေ့ညရဲ့ အသီးအရွက်ရိုင်းစွပ်ပြုတ်က ပိုတောင် ခါးနေသလိုပဲ။

ဒါပေမဲ့ အကုန်လုံးက မြိန်ရေရှက်ရေပဲ စားလိုက်ကြတယ်။

ဗိုက်ပြည့်အောင် စားထားမှ ညလယ်မှာ ဗိုက်ဆာပြီး နိုးမလာမှာ။

ကျန်းမြန့်မြန့်ကတော့ နို့စို့နေတာကြောင့် အသီးအရွက်စွပ်ပြုတ်ကို မသောက်ရဘဲ သူမလက်ချောင်းလေးတွေကိုပဲ စုပ်နေလိုက်တယ်။

သူမရဲ့ အစ်ကိုအစ်မတွေကို အစိမ်းရောင်သန်းနေတဲ့ သွင်ပြင်နဲ့ ကြည့်နေလိုက်တယ်။

သူမရဲ့ ပညာရှင်နဲ့တူတဲ့ အဖေကလည်း အရိုးနဲ့ အရေချည်းပဲ။

သို့သော်လည်း ဒီကနေ့ အမေကတော့ တောက်ပနေကာ ဝင်းပနေတဲ့ အသားအရေနဲ့ ခြေလက်တွေကလည်း သန်သန်မာမာရှိနေတယ်။

ကျန်းမြန့်မြန့်က အသီးအရွက်စွတ်ပြုတ်ထဲကို စမ်းရေနည်းနည်းထည့်ဖို့ နည်းလမ်း စဉ်းစားလိုက်တယ်။ အနည်းဆုံးတော့ သူတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတာပေါ့။

ဒီကနေ့က သတင်းရတဲ့နေ့ပဲ။ အတင်းသတင်းတွေနဲ့ ပြည့်နေတယ်။

ကျန်းမြန့်မြန့်က သူ စမ်းရေတစ်စက် တိုက်ထားတဲ့ ပုရွက်ဆိတ်လေးအကြာင်းကို လုံးဝမေ့သွားခဲ့ပြီ။

အဲ့ဒီပုရွက်ဆိတ်ကလေးကတော့ သစ်သားပုခက်အောက်မှာ အိမ်တောင်ဆောက်ပြီးသွားလေပြီ။

သူမရဲ့ အစ်ကိုအစ်မတွေက သူမနဲ့ ခဏလောက် ဆော့ကစားပေးကြတယ်။ သူမက ဒီည သူမအိပ်တဲ့ အိပ်ရာထောင့်ကနေပြီးတော့ ခိုးနားထောင်ဖို့ အင်အားချွေတာထားတယ်။

နောက်ဆုံးတော့ သူ့အမေလက်ထဲမှာ လှဲလျောင်းနေရပြီ။

သူမအမေက သူမကို ချော့သိပ်လိုက်ပြီး ဘေးနားချထားလိုက်တယ်။

ညအမှောင်ထဲမှာ...

တရှဲရှဲမြည်နေတဲ့ အသံကို မျက်လုံးပြူးနဲ့ နားထောင်နေခဲ့တယ်။

ထို့နောက် သူမအဖေက သူမအမေ့ရင်ခွင်ထဲမှာ ခေါင်းထိုးလိုက်တာကို မြင်လိုကရတယ်...

အမှောင်ထဲမှာ လုံးထွေးနေတဲ့အသံက တိုးညင်းစွာ ပျံ့လွင့်လာတယ်။ “ဝူက ကိုယ့်ကို တစ်လှမ်းချင်း ဦးဆောင်ခဲ့တာ။ ကိုယ်သူ့ကို ကျေးဇူးတင်သင့်ပေမဲ့ သူက ကိုယ့်ကို ချောက်ချပြီး အပြစ်ဖို့,ဖို့ ကြံစည်နေတာကို သိလိုက်ရတော့ ကိုယ်ကပဲ သူ့ကို အရင်တိုင်လိုက်တယ်။ သူသေသွားပြီ၊ ကိုယ်အသက်ရှင်ခဲ့တယ်၊ ပြီးတော့ သူ့ရာထူးကိုလည်း ယူလိုက်သေးတယ်”

“ရှောင်မေ၊ နောက်တော့ ကိုယ်အရမ်းကြောက်လန့်သွားပေမဲ့ ကိုယ်ပျော်လည်းပျော်နေတယ်။ ကိုယ်,တကယ့်ကို ကျေးဇူးမသိတတ်၊ မဖြောင့်မတ်တဲ့ သူပဲ။ အသက်ရှင်ရတာ ပင်ပန်းလိုက်တာ”

အမှောင်ထဲမှာ...

သူမအမေရဲ့ လက်ဖဝါးကြီးက အဖေ့ရဲ့ အရိုးငေါထွက်နေတဲ့ ကျောကို ဖြေးဖြေးလေးသပ်ပေးနေတယ်။

သူမအဖေက တကယ်တော့ တအားပိန်တာပဲ။

ကျောရိုးတောင် ငေါထွက်နေပြီ။

သူရဲ့ ပုံမှန်ဝတ်နေခဲ့တဲ့ ပွယောင်းတဲ့အဝတ်တွေက သူ့ကိုကြည့်ကောင်းသယောင် ထင်စေတယ်။

ကျန်းမြန့်မြန့်က မသိလိုက်ပါဘဲ သူမခြေထောက်လေးကို ကိုက်ဝါးနေမိတယ်။ သူမမျက်လုံးတွေက မျက်ရည်တွေနဲ့ ရုတ်တရက် စိုစွတ်လာပြီး သူမပါးပြင်ပေါ် လိမ့်ဆင်းလာတယ်။

သူမရဲ့ ခြေထောက်လေး ကိုက်ရတာ ငံနေခဲ့တယ်။


647 words


ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now