Chapter 55

2K 215 11
                                    

အခန်း (၅၅) ကြားထားတာ မှားနေတယ်


နေ့လယ်ခင်း။

နောက်ထပ် ကောင်းမွန်တဲ့ အိပ်စက်ခြင်း။

အစကတော့ မြန့်မြန့်က အစ်ကိုကြီး သူမခေါင်းကို ပွတ်တာ ဆန့်ကျင်ခဲ့တယ်။

ဒါပေမဲ့နောက်တော့ သူပွတ်ပေးရင်း ပွတ်ပေးရင်း ချော့သိပ်သလိုဖြစ်ကာ အတော်လေး ဇိမ်ခံလို့ကောင်းလေတယ်။

သူမ ချက်ချင်းပဲ အိပ်ပျော်သွားတယ်။

အခုလေးတင် ပုရွက်ဆိတ်လေးကို စနေတာတောင် မေ့သွားတယ်။

ဖမ်းပြီး ရောင်းစားခံရခါနီးဖြစ်ပြီးတော့ ကျန်းမြန့်မြန့်က သူမရဲ့ ပုရွက်ဆိတ်သူငယ်ချင်းလေးတွေနဲ့ ပိုရင်းနှီးလာပြီး ပုရွက်ဆိတ်လေးတွေကို မကြောက်တော့ဘူး။

သူမက ကယ်ဆယ်ရေး အိတ်အနေနဲ့ အိတ်ကပ်လေးတစ်ခုရှိတာက အရမ်းလွယ်ကူမယ်လို့တောင် ထင်လိုက်မိတယ်။

ဒါပေမဲ့ ပုရွက်ဆိတ်လေးတွေက အရမ်းအလုပ်များကြတယ်။ ဝင်လိုက် ထွက်လိုက်နဲ့၊ သူမထက် သူငယ်ချင်းတွေ ပိုများကြတယ်။

မမကျန်းယွီရဲ့ "ဂါးဂါးဂါး"ရယ်သံကြီးကြောင့် သူမနိုးသွားတယ်။

မျက်လုံးဖွင့်လိုက်တော့ သူမတို့အိမ်မှာ မသိတဲ့လူနှစ်ယောက် ရောက်နေတာ တွေ့လိုက်ရတယ်။

သခင်လေးနှစ်ယောက်ဟာ ကြိုမပြောဘဲ ရောက်လာတာကြောင့်ကို အတော်ရိုင်းပျနေပြီဖြစ်တာမို့ သူတို့က လက်ဆောင်တွေ ယူလာကြတယ်။

သူတို့က ကျန်းအိမ်တော်အတွက်တော့ သင့်လျော်တဲ့ လက်ဆောင်ဖြစ်တဲ့ စာရေးပစ္စည်း ၄ မျိုးနဲ့ လက်ဖက်လက်ဆောင်ကို ပို့ပေးခဲ့ကြတယ်လေ။ (စုတ်တံ၊ မှင်တုံး၊ မှင်သွေးကျောက်၊ စက္ကူ)

ကျန်းဖုန်းအတွက်တော့ မုန့်ချိုလေးမျိုး၊ လက်ဖက်ခြောက်၊ အဝတ်အထည်စတွေနဲ့ ပိုက်ဆံ(ငွေစ) အချို့ကို ပေးခဲ့ကြတယ်။

ဒါပေါ့ သူတို့တွေ့ဆုံမဲ့သူအပေါ်လိုက်ပြီး သူတို့အောက်လက်ငယ်သားတွေက ပြင်ဆင်ပေးခဲ့ကြတာ။

ကျန်းဖုန်းက ဆင်းရဲပြီး သူတို့မိသားစုမှာ ပညာတတ်မရှိနိုင်တာကြောင့် စာရေးပစ္စည်းတွေ ပို့ပေးခဲ့ရင်က သူ့ဆင်းရဲမှုကို လှောင်ပြောင်တယ်လို့ မြင်နိုင်တယ်လေ။

ဒါပေမဲ့ မုန့်အချိုနဲ့ လက်ဖက်ခြောက်ကတော့ စားသောက်နိုင်တယ်။

အထည်နဲ့ ငွေစတွေကလည်း လက်တွေ့ကျပြီး အသုံးဝင်တယ်။ အထည်စကိုလည်း ငွေကြေးအဖြစ် လဲလှယ်အသုံးပြုနိုင်တယ်လေ။

ဒါက အစောက ကျန်းဖုန်း သူတို့ကိုပေးခဲ့တဲ့ အသားခြောက်တွေအတွက် အတုံ့အပြန်လည်း ဖြစ်တယ်။

သူတို့က ထိုအသားခြောက်ဟာ လူဆင်းရဲတွေစားရတဲ့ တောဝက်ရိုင်းသားကနေ လုပ်ထားတယ်လို့ ထင်တာကြောင့် စားဖို့တော့ မစီစဉ်ထားဘူး။

ဒါပေမဲ့ အပြုအမူကို အသိအမှတ်ပြုတဲ့အတွက် ပြန်လက်ဆောင်ပေးချင်ခဲ့တာ။

ကျန်းယွီရဲ့ တဂါးဂါးရယ်သံကတော့ သူမက မုန့်အချိုတွေကို အနံ့ခံမိလို့ပါပဲ။

သူမက သခင်လေးနှစ်ယောက်ကို အလွန်တရာ ရင်းနှီးနေဟန်နဲ့ ကြည့်လိုက်တယ်။

သူမရဲ့ တစ်မျက်နှာလုံးနဲ့ ပြုံးပြလိုက်တယ်။

ပုရွက်ဆိတ်လေးလို အိမ်ထဲကို ဝါးဆစ်ပိုင်းကို ယူဖို့ ဝင်လိုက် ထွက်လိုက်နဲ့ ပြီးတော့ ရေသွားခပ်ခဲ့တယ်။ အလွန်ကို ကြိုးစားနေတယ်။

သူမ သစ်သီးခြောက်အနေနဲ့ စားတဲ့အဖေဖော်စပ်ထားတဲ့ ကျီးနီသီးဆေးကိုလည်း ရက်ရက်ရောရောနဲ့ ပန်းကန်သေး တစ်ပန်းကန်စာ ထည့်ပေးသေးတယ်။

ကြက်ဆူအမြစ် လက်ချောင်းလောက် အရှည်လေးတွေကို အချိုရည်ထွက်အောင် ဝါးပြီးတော့ ထွေးထုတ်ရတယ်။

မြွေသားခြောက်၊ အသားမျှင်လေးတွေလုပ်ကာ အဆာပြေစေပြီး ဝါးလေလေ ပိုအရသာရှိလေလေပဲ။

ချက်ချင်းပဲ ကျန်းယွီက အလုပ်ရှုပ်နေတဲ့ ပျားငယ်လေးလိုပဲ၊ ထူးဆန်းတဲ့ မုန့်ပန်းကန်လေး သုံးပန်းကန်ကို ကျောက်စားပွဲပေါ် ချပေးလိုက်ပြီး ဧည့်သည်တွေအတွက် ရေနွေးကြမ်း ငှဲ့ပေးလိုက်တယ်။

မုန့်ရှောက်ရှားက အလုပ်များနေတဲ့ ကောင်မလေးရဲ့ လှုပ်ရှားမှုတွေကြည့်ပြီး တွေးလိုက်မိတယ်။ တကယ်လို့များ အိမ်မှာသာ ဒီလောက်အလုပ်ကြိုးစားတဲ့ ပုံရိပ်လေးရှိနေရင် သူကမ္ဘာကြီးအနှံ့ လျှောက်လည်ချင်မှာ မဟုတ်ဘူး။

ဟယ့်ချန်ကလည်း ကျန်းဖုန်းရဲ့ ညီမက အရမ်းအလုပ်ကြိုးစားပြီး တက်ကြွတယ်လို့ ထင်တယ်။ လမ်းလျှောက်ရင်းတောင် ခုန်ဆွခုန်ဆွနဲ့ပေမဲ့ ရိုင်းပျမနေဘဲ သူမကိုကြည့်ရင်းနဲ့ ပျော်ရွှင်လာစေတယ်။

သူတို့က ဒီနေရာမှာ အရမ်းကို စိတ်သက်သာနေတယ်။

ဒီမနက် ကျန်းအိမ်တော်ကို သွားလည်ရတာနဲ့ လုံးဝမတူညီတဲ့ ခံစားချက်ပဲ။

ကျန်းမြန့်မြန့်က နိုးလာပြီးတော့ ဧည့်သည်တွေ ရှိနေပေမဲ့လည်း သူမ 'ဝီအာ ဝီးအာ' လို့ အော်လိုက်တယ်။ (ရှူးပေါက်ချင်တယ်)

ကံကောင်းစွာနဲ့ သူမ မိသားစုက သူမကို ကောင်းကောင်းနားလည်ခဲ့တယ်။

အစ်ကိုကြီးက သူမကို ရှူးတည်ဖို့ ခွင့်တောင်းလိုက်တယ်။

ကျန်းမြန့်မြန့်က ရှူးပေါက်ဖို့ ခြေထောက်ကားထားရင်း သူမအစ်ကိုကြီးက သူမ မျက်နှာကို ကယ်ဆယ်ခဲ့တာကြောင့် စိတ်သက်သာရာရမိတယ်။

တစ်ခါတစ်ရံ သူမ သစ်ပင်အောက်မှာပဲ ပေါက်ခဲ့တယ်လေ။

အဲ့သစ်ပင်နှစ်ပင်က ပိုတောင်စိမ်းစိုလာသေးတယ်လို့ သူမ ထင်တယ်။

ဒီနေ့တော့ အစ်ကိုကြီးက အမေထွန်ယက်ထားတဲ့ နံရံဘေးက မြေကွက်လပ်ကလေးဆီကို ခေါ်သွားခဲ့တယ်။ အဲ့ဒီမှာ ကျန်းမြန့်မြန့်ရဲ့ ကိုယ်ပိုင် ကြက်သွန်စိုက်ခင်းလေး ရှိတယ်လေ၊ ဘာလို့ဆို အဲ့ကြက်သွန်တွေက သူမရှူးရှူးပေါက်ပြီး ရေလောင်းထားလို့ပဲ။

အလွန့်အလွန်ကို စိမ်းစိုထူထပ်နေတယ်...

ရှူးပေါက်ပြီးတော့ ကျန်းမြန့်မြန့်လည်း တက်ကြွလာပြန်တယ်။

အစ်ကိုကြီးက လက်ဆေးဖို့ သွားခဲ့တာကြောင့် ကျန်းမြန့်မြန့်က မမရဲ့ လက်ထဲရောက်သွားတယ်။

ကျန်းယွီက လူငယ်လေးနှစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်နေတယ်။

ကျန်းမြန့်မြန့်လည်း သူတို့ကို သိချင်ဇောနဲ့ ကြည့်နေခဲ့တယ်။

သူတို့အဝတ်အစားက အတော်လှပပြီး လှပတဲ့ အဆင်နဲ့ ပိုးသားလို ချောမွေ့နေကာ နေရောင်အောက်မှာ ရွှေရောင်လက်နေပြီးတော့ ဈေးကြီးတဲ့ပုံပဲ။

သူတို့က ခေါင်းအဆင်တန်ဆာလည်း ဝတ်ဆင်ကြတယ်။ အဲ့တာ ဘာပုံလဲတော့ သူမ,မမြင်ရပေမဲ့ ဆံပင်ကို ခပ်မြင့်မြင့် စည်းနှောင်ထားကြကာ ကြည့်ကောင်းပြီးတော့ ခေါင်းပြားနေတဲ့ ဆံပင်ပုံစံမဟုတ်ဘူး။

သူတို့က မြင်းတွေစီးလာတာတောင် သူတို့ဆံပင်က ရှုပ်ပွမနေဘူး၊ သူတို့ ဆံပင်လိမ်းဂျယ်များ သုံးကြသေးလား။

သူတို့ခါးမှာ ဓားတွေချိတ်ဆွဲထားပေမဲ့ ထိုင်တဲ့အခါ သူတို့ကိုယ်သူတို့ မထိုးမိကြဘူးပဲ။

သူတို့ဖိနပ်တွေကလည်း ကောင်းမွန်တယ်။ ထိပ်ချွန်နဲ့ ဘွတ်ဖိနပ်နဲ့တူပေမဲ့ ဟစ်ဟော့ဗားရှင်းလိုပဲ။

ကျန်းမြန့်မြန့်က စူးစိုက်စွာ လေ့လာနေတယ်။

မနေ့ညက ညစာထမင်းပွဲမှာ အစ်ကိုကြီးက အရမ်းချမ်းသာပြီး အာဏာရှိတဲ့ သခင်လေးနှစ်ယောက်နဲ့ ဆုံခဲ့တယ်လို့ ပြောတာကြားခဲ့တာကြောင့် ကျန်းမြန့်မြန့်က ဒီခေတ်အခါရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ဘယ်လိုမျိုးလဲဆိုတာ သိချင်နေခဲ့တာ။

သူတို့ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးသွားတော့ သူတို့က ကောင်းကောင်းဝတ်စားထားပြီး အပြုအမူကောင်းရှိကာ ကောင်းကောင်းထိုင် ယဉ်ယဉ်ကျေးကျေး ပြောဆိုရုံလောက်ပဲလို့ ထင်တယ်။ ကျန်းမြန့်မြန့်က ရုပ်ရည်အရရော ဟန်ပန်အရပါ သူတို့က အဖေ့ကို မမှီဘူးလို့ ခံစားရတယ်။

သူမအဖေနဲ့ ယှဉ်လို့တောင် မရဘူး။

အို၊ သွားပါပြီ။

ကျန်းမြန့်မြန့်က အကယ်၍သူမမှာ ထူထဲတဲ့ ဇကာရှိတာလား၊ ဒါမှမဟုတ် ကလေးတစ်ယောက်ရဲ့ စူးရှတဲ့ အလှတရားစံနှုန်းကြောင့်လား မသိတော့ဘူး။

သူမရဲ့ ဆေးပင်ခူးရတဲ့ အဖေက ဒီမြို့တော်က သခင်ငယ်လေးတွေထက် ပိုကျက်သရေရှိကာ ပိုကြည့်ကောင်းတယ်လို့ ထင်မိတယ်။

နည်းနည်းတော့ ဂုဏ်ဖော်ရာကျတယ်။

အဲဒီမှာ အတူထိုင်နေတဲ့ အစ်ကိုကြီးကတောင် သူတို့ထက် မနိမ့်ကျဘဲ သူ့အဝတ်အစားနဲ့ ဖိနပ်တွေကသာ ပိုပြီး ရိုးရှင်းနေကာ ထိုမျက်နှာသေးသေးလေးတွေထက် ပိုကြည့်ကောင်းတယ်လို့ သူမ ထင်မြင်မိတယ်။

ကျန်းမြန့်မြန့်က သူတို့ကို စူးစမ်းနေရင်း မျက်လုံးလေးတွေ လည်နေတယ်။

ကျန်းယွီလည်း စူးစိုက်ကြည့်နေတယ်။

မုန့်ရှောက်ရှားမျက်နှာက ကျန်းဖုန်းညီမက သူ့ကို ကြင်နာမှုအပြည့်နဲ့ စိုက်ကြည့်နေတာတွေ့တော့ တဖြေးဖြေး နီရဲလာကာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။

သူမ ဘာလို့ ဒီလောက်တောင် တည့်တိုးဆန်ရတာလဲ။

သူက ချောမောပြီး ကြည့်ကောင်းနေတာ သိပေမဲ့ ဒီလိုတည့်တိုးပြုမူတာကိုတော့ သူ မကိုင်တွယ်တတ်တော့ဘူး။

သူ့မိသားစုက မျိုးရိုးစဉ်ဆက် သားတွေကိုသာ ရာထူးလက်ဆင့်ကမ်းလာတာကြောင့် သူ့အိမ်ထောင်ရေးက ရှုပ်ထွေးလောက်တယ်။ သူ့မိဘတွေရော၊ အဘိုးအဘွား၊ ဦးလေး ၇ ယောက်၊  ဒေါ်လေး ၇ ယောက်နဲ့ ဦးလေး မိန်းမ၊ ဒေါ်လေး ယောက်ျားတွေရော သူ့ဖခင်ရဲ့ မိဘတွေပါ ပြောဆိုဖို့ အခွင့်ရှိလေတယ်။

သူ့အဖေ၊ သူ့အမေတစ်ယောက်တည်းကိုသာ လက်ထပ်နိုင်တာက သူ့ဖခင်ဖက်က အဘိုးအဘွားတွေက အတော်လုပ်ရည်ကိုင်ရည်ရှိလို့ပဲ။

ဒါပေမဲ့ အဆုံးမှာတော့ သူ့အမေက သူ့တစ်ယောက်တည်း မွေးခဲ့တယ်။

သူတို့ လက်ရုံးရည်မိသားစုက လက်ထပ်မဲ့သူရဲ့ မိသားစုအဆင့်အတန်းအတွက် လိုအပ်ချက်မမြင့်မားပေမဲ့ သူ့အဘိုးက ပြောခဲ့တယ်၊ ဧကရာဇ်ရဲ့ ကြီးထွားလာတဲ့ သံသယကြောင့် သူ့ဇနီးဖြစ်မဲ့သူရဲ့ မိသားစုအဆင့်အတန်းက အရမ်းမြင့်နေလို့ မဖြစ်ဘူးတဲ့။

ဒါပေမဲ့ သူမရဲ့ နောက်ခံကိုတော့ စုံစမ်းရဦးမယ်။ တကယ်လို့သာ သူခရီးထွက်ရင်းနဲ့ မိန်းမတစ်ယောက် အိမ်ခေါ်လာရင် သေချာပေါက် ခြေထောက်ရိုက်ချိုးခံရမှာ။

မုန့်ရှောက်ရှား တွေးလေလေ သူ့မျက်နှာထားက တည်တင်းလာလေလေပဲ။

ဟယ့်ချန်ကတော့ ကျန်းယွီရဲ့ စူးစိုက်ကြည့်မှုကို အနှောင့်အယှက် မဖြစ်ဘူး။ သူ့မိသားစုက ပညာတတ် - အရာရှိတွေ ဖြစ်ကာ ပြည့်သူ့ဝန်ထမ်းအနေနဲ့ အလုပ်လုပ်ကြတာ။ တစ်မျိုးပြောရရင် ရုပ်ရည်က အရေးကြီးတယ်။
သူ့မှာ ဖျင်ကြမ်းစဝတ်ထားတဲ့ ခပ်တုတ်တုတ် မျက်နှာဝိုင်းဝိုင်းနဲ့ ကလေးမလေးအတွက် ဘာပြောလောက်တဲ့ ခံစားချက်မှ မရှိဘူး။

သူမက ဒီအတိုင်း ခပ်ကစ်ကစ်မိန်းမပျိုလေးပါပဲ။

သူက ကျက်သရေရှိ ကြော့ရှင်းမှုတို့ကိုပဲ ဆွဲဆောင်မှုရှိတာ။

ဆို‌တော့ သူက ကျန်းယွီရဲ့ အကြည့်မှာ မသက်ရောက်ပေမဲ့ ကျန်းဖုန်းညီမလက်ထဲက ကလေးလေးကိုပဲ သိချင်စိတ်နဲ့ စူးစမ်းကြည့်နေမိတယ်။

ဒါလေးက နောက်ဆုံးတစ်ခါက သူတို့ကယ်ခဲ့တဲ့ အဖမ်းခံရတဲ့ ကလေးလေးလား။ အဲ့ဒီတုန်းက သူ သတိမထားမိဘူး။

သူ စစရောက်ချင်းတုန်းကလည်း သတိမထားမိဘူး။

ဒါပေမဲ့ အခုမှ ကလေးလေးက သူ့ကို မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေတာ တွေ့လိုက်ရတယ်။

ဟယ့်ချန်က ထိတ်လန့်သွားတယ်။

ဒီမနက် ကျန်းအိမ်တော်မှာ သူက တစ်လောကလုံးက အလှဆုံးမိန်းကလေးနဲ့ တွေ့လိုက်ရပြီထင်တာ။ ကျန်းဝမ်မိန်းကလေးက မသွေးရသေးတဲ့ ကျောက်မျက်ရတနာလို သူ့ရဲ့ တောက်ပတဲ့အလှက အခုမှ ပေါ်ထွက်ကာစလေ။

ယခုမှာတော့ သူက ဒီကလေးလေးဟာ ကြီးပြင်းလာရင် ကျန်းဝမ်ထက်တောင် အဆပေါင်းထောင်သောင်းမက လှပလိမ့်မယ်လို့ ခံစားရတယ်...
ဘာလို့လဲဆိုတော့ ဒီကလေးလေးက မသွေးရသေးတဲ့ ကျောက်ရိုင်းတုံးလိုပဲ။ ဖုန်မှုန့်တွေ ကပ်နေတာမဟုတ်ဘဲ တစ်ခုလုံး စင်းလုံးချောဖြစ်နေတဲ့ ကျောက်စိမ်းလို အလှမျိုး။

အရမ်းလှပတာက ဖော်ပြစရာ စကားလုံးမရှိဘူး။

သူမရဲ့ အပေါက်ဖာထားတဲ့ ကြမ်းတမ်းတဲ့ အနှီးစက သူမကို ဖျက်ဆီးနေတယ် ထင်မိတယ်။

ဒီလို ရွှံ့စေးနံရံ၊ မြေကြီးကြမ်းခင်း၊ အုတ်ကြွပ်မိုးနဲ့ သစ်သားဇလုံတွေအစား သူမက တန်ဖိုးအကြီးဆုံး အခန်းထဲမှာ ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထားတဲ့ အိပ်ရာပေါ်မှာ လှဲနေသင့်တာ။ ရွှေနဲ့လုပ်ထားတဲ့ ရှူးရှူးအိုးနဲ့ပေါ့။

ဟယ့်ချန်က သူရူးသွားပြီ ထင်လိုက်တယ်။

သူက ဒီလောက်သေးငယ်တဲ့ ကလေးလေးဆီ ထူးဆန်းတဲ့ ခံစားချက်တွေ ရှိနေတာ။

ဒါပေမဲ့ ဒီကလေးလေးက အရမ်းလှပလွန်းတယ်။

ကျန်းဖုန်းနဲ့ သူ့ညီမတို့က သူ့လောက် မလှဘူး။

ဒီကလေးလေးကမှ အဖမ်းခံထားရတာ ဖြစ်မလား။

ကျန်းယွီက ထိုနှစ်ယောက်ကို စိုက်ကြည့်နေပြီး သူတို့ နေ့လယ်တုန်းက ကောင်းကောင်းစားထားရမယ်လို့ တွေးမိတယ်။ အနည်းဆုံး ဟင်း ၁၆ ပွဲပဲ၊ တကယ်ပဲ သူမ အနံ့ရနေတယ်၊ တွေးကြည့်ရုံနဲ့တင် သူမပါးစပ်ထောင့်ကနေ သွားရည်ကျချင်လာတယ်။

ဘယ်သူကများ ဒီလောက် တခမ်းတနား စားနိုင်ရတာလဲ။ တစ်နပ်စာကို ဟင်းပွဲ ၁၆ ပွဲတောင်။

တစ်ပွဲဆိုရင်ကို သူမအဖို့ လုံလောက်နေပြီ။

ကျန်းမြန့်မြန့်က ဒီမြို့တော်က လူချမ်းသာပေါ်ကြော့လေး နှစ်ယောက်က မှင်တက်နေတယ်လို့ ထင်မိတယ်။

သူတို့ရဲ့ မြင်းတွေကလည်း အတော်ကောင်းတာပဲ၊ အခု သူမရဲ့ အာရုံက မြင်းတွေဆီရောက်သွားတယ်။

တကယ်လို့သာ အမေသာ ဒီမြင်းကိုမြင်ရင် သူ့လည်ဆံမွှေးတွေကို ဖြတ်ပြီး အရှည်အလိုက်စီကာ တံမြက်စည်းထုံးလေးတွေလို စည်းပေးလိမ့်မယ်။ သူတို့စားပွဲပေါ်က ဘရက်ရှ်အသေးလေးတွေက သူမစုဆောင်းထားတဲ့ တောဝက်မွှေးကနေ လုပ်ထားတာ။

သူမ ကြည့်နေရင်း သူမရဲ့ ပုရွက်ဆိတ်နက်လေးက မြင်းတစ်ကောင်ရဲ့ ခြေထောက်ပေါ်ကို အားကြိုးမာန်တက် တက်နေတာကို သတိထားမိလိုက်တယ်။

ကျန်းမြန့်မြန့်က အားပေးလိုက်မိတယ်။ "တက် တက် တက်"

"အစ်ကိုမုန့်၊ အစ်ကိုဟယ့်၊ တကယ်လို့ ခင်ဗျားတို့ ကျွန်တော်တို့ ဆင်းရဲတဲ့အိမ်လေးကို စိတ်မရှိရင် ညစာစားဖို့ နေပါဦး" ကျန်းဖုန်းက လက်ဆေးပြီးသွားတော့ ပြောလိုက်တယ်။

သူက မီးဖိုချောင်မှာ ကြည့်လိုက်တော့ အသားခြောက်တစ်ချို့၊ အသီးအရွက်ရိုင်းတွေနဲ့ ဆန်ကြမ်းလည်း ရှိနေတာကို တွေ့လိုက်ရတယ်။ သူ့မိသားစုစံနှုန်းအရ အတော်လေးကို ဖွယ်ဖွယ်ရာရာဖြစ်နေပြီလေ။

သခင်လေးနှစ်ယောက်က လက်ဆောင်တွေ အများကြီးယူလာတာကို သူသတိထားမိတယ်။

ဧည့်သည်ကို ထမင်းမကျွေးတာက ရိုင်းပျတဲ့ အပြုအမူဖြစ်တာကြောင့် လက်တွေ့ကျတဲ့ ကျန်းဖုန်းက သူတို့ကို စိတ်ရင်းနဲ့ ညစာစားဖို့ ဖိတ်ခေါ်လိုက်ကာ သူတို့ရဲ့ အသွင်အပြင်ကို သိပ်ဂရုစိုက်မနေဘူး။

အမေ မကြာခင် ပြန်လာသင့်နေပြီ။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်က တစ်ယောက်နဲ့တစ်ယောက် အကြည့်ဖလှယ်လိုက်ကြပြီး ကျန်းဖုန်းရဲ့ စိတ်ရင်းနဲ့ ဖိတ်ကြားမှုကို လက်ခံလိုက်ကြတယ်။

သူတို့က ညစာစားဖို့ သဘောတူလိုက်တော့ ကျန်းယွီက အံ့ဩသွားပေမဲ့ ပျော်နေတယ်။ ဧည့်သည်ရှိရင် ညစာက သေချာပေါက် အများကြီး ဖြစ်မှာ။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်တို့ကလည်း လက်ခံလိုက်တာကို သူတို့ကိုယ်သူတို့ အံ့ဩသွားတယ်။

ဒါပေမဲ့ သူတို့လာပြီးမှတော့ နေလိုက်ပါဦးမယ်။

ထို့နောက် ကျန်းဖုန်းက သူ့ညီမကို အိမ်ထဲခေါ်လိုက်တယ်။

ရွှံ့စေးနံရံတွေက အသံမလုံဘူး၊ အထူးသဖြင့် ကျန်းဖုန်းရဲ့ညီမက အသံအတော်လေး ကျယ်တဲ့အခါမှာပေါ့။

"ညီမ မြေရှင်လျူဆီကနေ ဆန်ချောတချို့ သွားချေးလိုက်မယ်။ သူတို့ ချေးပေးလောက်မယ်ထင်လား"

"ရတယ်၊ ညီမ ချက်ချင်းပြန်ခဲ့မယ်။ တချို့တစ်လေတော့ ရစေရမယ်"

သူတို့ကို မျက်နှာဝိုင်းဝိုင်း မိန်းမပျိုလေးဟာ နှုတ်ဆက်ပြီးတော့ တောင်လမ်းကနေ အောက်ကို ပြေးဆင်းသွားတာ ကြည့်နေခဲ့ရတယ်။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်တို့က အနည်းငယ် ကိုးရိုးကားရားဖြစ်နေတယ်။

ညစာအဖိတ်ခံရပေမဲ့ ဆန်ကို သွားမချေးရသေးဘူး။

မုန့်ရှောက်ရှားက သူ့ရှေ့ပန်းကန်ထဲက မုန့်ကိုယူကာ တစ်ကိုက်ကိုက်လိုက်တယ်။ ချဉ်စုတ် ခါးသက်တဲ့ ကျီးနီးသီးရဲ့အရသာက သူ့ပါးတွေကို ရှုံ့သွားစေကာ သူ့မျက်နှာလေးထောင့်ကတောင် အဝိုင်းဖြစ်သွားတော့မလိုပဲ။

မုန့်ရှောက်ရှားရဲ့ မျက်နှာထားကို မြင်တော့ ဟယ့်ချန်က သင်ခန်းစာယူကာ အသားခြောက်လေးတစ်ပိုင်းကို ပါးစပ်ထဲယူထည့်လိုက်တယ်။ အဲ့တာက ဂျွတ်ခနဲ အသံကျယ်ကြီးမြည်ကာ သူ တောင့်ခဲသွားတယ်။ သူ့သွားတောင် ကျိုးပြီလားမသိဘူး...?

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now