Chapter 43

1.3K 179 0
                                    

အခန်း (၄၃) မှော်ဝင်စမ်းချောင်း

ညမှောင်လာပြီ။

ကျန်းမြန့်မြန့်တို့ အိမ်အပြင်ဘက်မှာ နောက်ထပ် သစ်ပင်တစ်ပင် ရောက်လာတယ်။ တစ်ပင်က ဟော်သွန်းပင်နဲ့ နောက်တစ်ပင်ကတော့ သူမလည်း နာမည်မသိဘူး။

သစ်ရွက်တွေက ကြီးမားပြီး ထူထဲတယ်။

အိမ်ထောင်ဦးစီးဖြစ်သူ ကျန်းချန်တျန်းလည်း အိမ်ပြန်လာတယ်။

ခရိုင်ရုံးရှေ့က အော်ရောင်းနေတဲ့ ဈေးသည်တွေဆီကနေ သူ့မိသားစု ၅ ယောက်မှာ ၃ ပုံ ၂ ပုံလောက် ဆုံးရှုံးပြီး တကွဲတပြားဖြစ်ခါနီးဆိုတာကို သိခဲ့ရတယ်။

ကျန်းချန်တျန်းက အတင်းပြောနေတဲ့ အုပ်စုနားထောင်နေကြတဲ့ အရောင်းသမား လင်မယားကို ကြည့်ရင်း ပြုံးလိုက်တယ်။

"ကလေးဖမ်းသမားတွေက စိတ်ပျက်စရာပဲ"

"ကလေးဖမ်းသမားတွေကို သေအောင် ရိုက်သတ်သင့်တယ်"

"အဲဒီကလေးဖမ်းသမားတွေလည်း သနားစရာတော့ ကောင်းပါတယ်၊ ဒီလောက်တောင် သေလောက်အောင် ဒဏ်ရာရထားတာ"

...

ကျန်းချန်တျန်းက ခပ်ပေါ့ပေါ့ပြုံးရင်း သေချာနားထောင်နေခဲ့တယ်။

သူက မတရားခံရသူတစ်ယောက်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

ထိုပြန်ပေးသမား ၂ ယောက်က ဘယ်ကလာပြီး ဘယ်လိုဖမ်းသွားလဲဆိုတာတောင် အသေးစိတ်ပြောပြလိုက်သေးတယ်။

သူတို့ကို သူရဲကောင်းလေးတွေ အုပ်စုက ကယ်ခဲ့တာလို့ ပြောတယ်။

တကယ်လို့သာ အကယ်မခံရရင် သူတို့က ပြည့်တန်ဆာအိမ်မှာ ရောင်းစားခံရတော့မှာ။ အရမ်းသနားဖို့ ကောင်းတာပဲ။

တုယောင်ဇီက မိန်းကလေးတွေက လူလိုသူလို အဆက်ဆံမခံရဘူး၊ သူတို့ကို တိရိစ္ဆာန်တွေလိုပဲ ဆက်ဆံကြတာ။

ပြန်ပေးသမားတွေက သူတို့မှာလည်း အခက်အခဲတွေ ရှိလို့ပါလို့ ပြောတယ်။ သူတို့ရဲ့ အ,နေတဲ့ သားလေးက ဆေးဝါးလိုအပ်နေတယ်။

လမ်းပေါ် အော်ရောင်းနေတဲ သူတွေနဲ့ သူတို့နဲ့က လာတဲ့ခရိုင်ချင်း တူတယ်၊ သိပ်မဝေးဘူး။ သူတို့ရဲ့ အ,နေတဲ့ ကလေးကို တခြားသူဆီ ထိန်းဖို့အပ်ခဲ့ပြီးတော့ သူတို့ကတော့ ဒီလိုမကောင်းမှုမျိုး အပြင်မှာ လာလုပ်နေကြတာ။

ဘယ်ဆေးက ဒီလောက်ဈေးကြီးနိုင်မှာလဲ။ သူတို့လည်း အလိမ်ခံရတာနေမှာ...

...

ကျန်းချန်တျန်းလည်း လှည့်ထွက်ခဲ့တယ်။

သူက အိမ်ကို မြန်မြန်ပြန်ခဲ့တယ်။

အိမ်အပြန်လမ်းမှာ လူတွေကို အပြုံးလေးနဲ့ နွေးထွေးစွာ နှုတ်ဆက်ခဲ့သေးတယ်။

သူက ဒီလိုလူပဲလေ၊ သူ့ရင်ထဲမှာ အမုန်းတရားတွေများလေလေ သူ့မျက်နှာပေါ်က အပြုံးက ပိုနွေးထွေးလေ သူ့မျက်နှာထားက ပိုချိုလေပဲ၊ တကယ်တမ်း တမင်ဖုံးကွယ်ထားတာကို ဘယ်သူမှမပြောနိုင်ဘူး။

သူ့အမေပြောတာ မှန်တာပဲလို့ သူတွေးလိုက်တယ်၊ သူက မကောင်းတဲ့လူပဲ၊ အရိုးထဲထိ ဆိုးဝါးနေတာ။

သူ့အရိုးထဲမှာ ကောက်ကျစ်မှုတွေ ရက်စက်မှုတွေ ရှိနေတယ်။

အမြဲတမ်း ရူးသွားခါနီးပဲ။

အခုလိုမျိုးပေါ့။

အိမ်အပြန်လမ်းမှာ လမ်းပေါင်း ၄၄၊ ၄၅၊ ၄၆၊ ၄၇ လမ်းကို ဖြတ်ခဲ့တယ်...

သူ့ခြေလှမ်းတွေ ရပ်တန့်မသွားဘူး။

သူက ပုံမှန်အတိုင်း ရှေ့ဆက်သွားခဲ့ပြီးတော့ လမ်းထောင့်ချိုး အသားဘန်းမုန့် လေးခုတောင် ဝယ်ခဲ့သေးတယ်။

ထို့နောက် လမ်းလျှောက်ပြန်ခဲ့တယ်။

အရင်လိုပဲ ခပ်သွက်သွက် လျှောက်ကာ အိမ်ပြန်လာတယ်။

သူ ပိန်သွယ်တဲ့ ပညာတတ်ပုံစံနဲ့ အသားဘန်းမုန့်တွေ သယ်ကာ သူ့အိတ်ကပ်ထဲမှာ ချွန်ထက်တဲ့ ဓားတစ်ချောင်းပါတယ်။

နည်းနည်းတော့ သေးပေမဲ့ အရမ်း အရမ်း ထက်တယ်။

ဒီဓားက သူ့ရဲ့ သတ္တိပဲ။

သူ့မိသားစုက သူ့စိတ်ဝိညာဉ်ပဲ။

...

အိမ်ရောက်တော့...

ရှောင်မေ့က သစ်ပင်စိုက်နေတာကို တွေ့လိုက်တယ်။

ဖုန်းကောက ထိုင်ခုံမှာ မှီထိုင်နေကာ သူ့လက်က ဘေးမှတွဲကျနေတာကို တွေ့ရတယ်။

ယွီကျဲက မြန့်မြန့်ကို ချီထားတယ်။

အကုန်လုံးရှိနေတာကို တွေ့လိုက်ရတယ်။

သူ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်တယ်။

သူ့ဝတ်ရုံအောက်က လက်က တုန်နေတာကို မရပ်နိုင်ဘူး။

ဆိုးရွားစွာ တုန်ယင်နေတယ်။

သူက အကျင့်အတိုင်း ချောင်းဆိုးချင်ခဲ့ပေမဲ့ ဆိုးလို့မရဘူး။

ကြည့်ရတာ ရှောင်မေ့ သူ့ကို ကျွေးတဲ့ မြွေသည်းခြေက သက်ရောက်မှု ကောင်းတဲ့ပုံပဲ။

မဟုတ်ရင် သူအိမ်ကို လမ်းလျှောက်ပြန်ဖို့တောင် အားရှိမှာ မဟုတ်ဘူး။ အိမ်နဲ့ နီးလာလေလေ သူပိုပြီး ကြောက်လာလေလေပဲ။

အိမ်မှာ ဘယ်သူမှရှိမနေမှာကို ကြောက်နေခဲ့တာ။

သူကြားခဲ့ရတဲ့ သတင်းတွေက အမှန်မဟုတ်ဘဲ ပြန်ပေးသမားတွေက ကလေးတွေကို ရောင်းပြီးနေမှာကို ကြောက်နေခဲ့တယ်။

အခု အိမ်မှာ အကုန်လုံးရှိနေတာကို မြင်ရပေမဲ့ သူကတော့ တုန်ယင်နေတာကို မရပ်နိုင်သေးဘူး။

အသားဘန်းမုန့်တွေကို သူ့ဒုတိယသမီးကို ပေးလိုက်ပြီးတော့ အငယ်ဆုံးသမီးလေးကို ဖက်ထားလိုက်တယ်။

သူ့လက်ထဲက နူးညံ့ပြီး နို့နံ့သင်းတဲ့ အလေးချိန်ကို ခံစားလိုက်ရမှ သက်ပြင်းချနိုင်ခဲ့တယ်။

ဒါက အိပ်မက်မဟုတ်ဘူး။

သူ့မိသားစုက ဒီမှာ ရှိနေတုန်းပဲ။

...

ညစာအတွက် သူတို့က ပြုပြင်ထားတဲ့ ဘာသားမှန်းမသိတာကို (စပါးအုံးမြွေသား) နဲ့ အသီးအရွက်တွေ၊ ဆန်ကြမ်းနဲ့ အသားဘန်းမုန့်တွေကို ဝဝလင်လင် စားခဲ့ကြတယ်။

ထိတ်လန့်စရာ နေ့တစ်နေ့အပီးမှာ ကျန်းမြန့်မြန့်က သူ့မိသားစုအတွက် ပါဝင်ပစ္စည်းအပိုကို တိတ်တိတ်လေး ထည့်ပေးလိုက်တယ်။

နေထိုင်ရတဲ့ အခြေအနေတွေက အရမ်းဆိုးလွန်းတယ်၊ အကုန်လုံးရဲ့ ကြံ့ခိုင်မှုကို တိုးတက်အောင်လုပ်ပေးဖို့ သူမ အလျင်လိုနေခဲ့တယ်။

ချမ်းသာကြွယ်ဝဖို့ မတောင်းဆိုပါဘူး၊ ရှင်သန်နေနိုင်ဖို့ပဲ မျှော်လင့်တာပါ။

မိသားစုက သူတို့ရဲ့ ညစာကို အလွန်ကို မြိန်ရေရှက်ရေ စားခဲ့ကြကာ အသားရဲ့ အရသာကြောင့်လို့ပဲ တွေးထင်ခဲ့ကြတယ်။ အထူးသဖြင့် အသားဘန်းမုန့်တွေကို ထည့်ပေါင်းလိုက်တော့ ဘယ်လိုလုပ် အရသာမရှိဘဲ နေမှာလဲ။

ကျန်းယွီက ပိုလို့တောင် စားကောင်းခဲ့တယ်။ စားနေရင်း မျက်ရည်တွေသုတ်ကာ တကယ်လို့ သူမသာ အမှန်တကယ် ရောင်းစားခံလိုက်ရရင် ဒီလိုအရသာရှိတဲ့ အသားစွပ်ပြုတ်နဲ့ အသားဘန်းမုန့်တွေကို နောက်ထပ်စားရတော့မှာ မဟုတ်ဘူးလို့ တွေးနေမိတယ်။

ကျန်းဖုန်းလည်း ကောင်းမွန်စွာ စားသောက်ခဲ့တယ်၊ သူ့ခေါင်းကို အစားထဲပဲ နှစ်ထားကာ လက်တစ်ဖက်ကတော့ အားမရှိစွာ တွဲကျနေတယ်၊ သူ့မိဘတွေနဲ့ အကြည့်ချင်းဆုံဖို့ ကြောက်နေခဲ့တယ်၊ သူ့ရဲ့ မြို့ပြင်မှာ ခြုံခိုနေခဲ့တဲ့အကြောင်းကို ဘယ်လိုရှင်းပြရမယ် မသေချာသေးဘူးလေ။

ကျန်းချန်တျန်းက လေးနက်စွာ စားသောက်ခဲ့တယ်၊ တစ်လုပ်ချင်းစီကို သေချာအရသာခံကာ အသီးအရွက်ရိုင်းဟင်းကိုတောင် ကြော့ရှင်းစွာ စားနေတယ်။

ချင်လော့ရှားကတော့ များများစားခဲ့တယ်၊ သူမက နို့ထွက်ဖို့ရာ ပိုစားရမယ်လေ။

အစားအသောက်က သူတို့ရဲ့ ဟာနေတဲ့ဝမ်းကို ပြည့်စေရုံသာမက စိတ်ပူပန်နေတာကိုလည်း လျော့ကျသွားစေတယ်။

ဘယ်အချိန်ပဲဖြစ်ဖြစ် အရင်စားတာ အကောင်းဆုံးပဲ၊ ဒါမှ ဆက်ပြီးလုပ်ဆောင်ဖို့ အားရှိမှာ။

စားပြီးသွားကြတော့ အမေက ကျန်းမြန့်မြန့်ကို နို့တိုက်ခဲ့တယ်။
အဖေက ပန်းကန်ဆေးနေတယ်။
ကျန်းယွီက သိမ်းဆည်းခဲ့တယ်။
အစ်ကိုကြီးက ကူဖို့ကြိုးစားပေမဲ့ ဘေးတွန်းခံလိုက်ရကာ ဘာလုပ်ရမှန်း မသိတော့ဘူး။

မြန့်မြန့်လည်း သူမရဲ့နို့ကို အားနဲ့မာန်နဲ့ စို့ခဲ့ကာ အမေ့ကို ဆွဲထားခဲ့တယ်။

သူမ ကြောက်ခဲ့ရတာ လုံလောက်ပြီလေ။

သူမရဲ့ အနှီးစကို ရှောင်ဟေးက ကိုက်ဖြဲကာ သူတို့သွားတဲ့လမ်းတစ်လျှောက် အမှတ်အသားချခဲ့တယ်။

အမေကလည်း တော်ပါတယ်၊ သူမတို့ကို တကယ်ရှာတွေ့ခဲ့တယ်လေ။

မြန့်မြန့်က သူမ အမေကို ပိုတောင်မှီခိုလာတယ်၊ နောက်တစ်ခါ အမေဟင်းရွက်သွားခူးရင် အတူလိုက်ဖို့ ဂျီကျရမယ်လို့ တေးထားတယ်၊ လူးလှိမ့်ပြီး ငိုယိုဂျီကျရရင်တောင် လိုက်ရမယ်။

မမကလည်း ကောင်းပေမဲ့ မမက သူ့အစာအိမ်နောက် လိုက်လွန်းတယ်။

ပြီးတော့ အစ်ကိုကြီးကိုတော့ တကယ်လို့ အမေက သူအပြင်ထွက်ပြီး ဓားပြတိုက်ဖို့ လုပ်မှန်းသိရင် ဘယ်လိုကိုင်တွယ်မလဲလို့ မြန့်မြန့်တစ်ယောက် တွေးမိတယ်။

မြန့်မြန့်က ဆူညံပူညံဖြစ်တာကို စောင့်ကြည့်ချင်ခဲ့တာ...

ဒါပေမဲ့ နို့သောက်လို့ဝတော့ သူမ အိပ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။

တကယ်ပါပဲ၊ သူမ မထိန်းချုပ်နိုင်ဘူး၊ အရမ်းပင်ပန်း အရမ်းအိပ်ချင်နေပြီ။

သူမ နှစ်ခြိုက်စွာအိပ်ခဲ့တာကြောင့် ဟောက်တောင်ဟောက်နေတယ်။

မြန့်မြန့် ပြန်နိုးလာတော့ အပြင်မှာ မှောင်မဲနေတယ်၊ ညသန်းခေါင်လောက် ရှိလောက်ပြီ။

ဒါပေမဲ့ အိပ်ရာထဲမှာ အဖေပဲရှိတယ်၊ အမေမရှိဘူး။

"မားမား၊ မားမား" သူမ အော်ခေါ်လိုက်တယ်။

ကျန်းချန်တျန်းက ကလေးကို ကောက်ချီကာ ချော့လိုက်တယ်။ "သမီးမမက နေ့ခင်းတုန်းက ထိတ်လန့်သွားပြီး အခု အဖျားနည်းနည်းရှိနေလို့ မေမေက သွားပြုစုနေတယ်၊ မကြာခင် ပြန်လာတော့မှာ"

ညအမှောင်ထဲမှာ အဖေက သူမကို လက်မောင်းကြားမှာ ယမ်းရင်းချော့သိပ်ခဲ့တယ်။

သူမလည်း မမဘယ်လိုနေလဲဆိုတာ သွားကြည့်ချင်ခဲ့တယ်၊ ဘာပဲပြောပြော သူမက ဆယ်ကျော်သက်ဖြစ်စ မိန်းကလေးတစ်ယောက်ပဲလေ၊ မော်ဒန်ခေတ်မှာဆိုရင် အလယ်တန်းကျောင်းသားပဲ ရှိဦးမှာ၊ သူမ သေချာပေါက် ထိတ်လန့်သွားမှာပဲ။

"မားမား, မားမား" မြန့်မြန့်က အဖေ့ရဲ့ အင်္ကျီစကို ဆွဲလိုက်တယ်။

ကျန်းချန်တျန်းက အံ့ဩဖို့ကောင်းစွာနဲ့ နားလည်ခဲ့တယ်။ သူက ကလေးမလေးကို အဝတ်နဲ့ပတ်ကာ အပြင်ခေါ်သွားတယ်။

ချင်လော့ရှားက ခင်ပွန်းဖြစ်သူ သမီးလေးကို ချီလာတာတွေ့တော့ သူမလက်ထဲပြောင်းကာ နို့တိုက်လိုက်တယ်။

"ရှန့်ကုန်း၊ ခဏလောက် ပြန်အိပ်ပါဦး။ ယွီအာ အဆင်ပြေပါတယ်၊ အဖျားနည်းနည်းပဲ ရှိတာပါ၊ သူတို့တိုက်တဲ့ ရေကို သောက်လိုက်မိလို့ ထင်တယ်၊ မသန့်ရှင်းတော့ သူမ ခဏတိုင်း ဝမ်းသွားနေတာ၊ ကောင်မလေးက ရှင့်ကိုတွေ့ဖို့ ရှက်နေတယ်" ချင်လော့ရှားက ကလေးနို့တိုက်ရင်း ပြောလိုက်တယ်။

ကျန်းချန်တျန်းက သန်းဝေလိုက်ပေမဲ့ သွားမအိပ်ခဲ့ဘဲ မီးဖိုချောင်မှာ ရေနွေးတည်ဖို့ သွားခဲ့တယ်။

မြန့်မြန့်က နို့စို့ကာ မျက်လုံးတွေက ဝေ့ကြည့်နေတယ်။ ညသန်းခေါင်မှာ သူမက လုံးဝနိုးကြားနေပြီး အားအပြည့်နဲ့ ဖြစ်နေတယ်။ မမက ဝမ်းလျှောနေတာဆိုတော့ သူမ ညစာထဲ ထည့်လိုက်တဲ့ စမ်းရေကြောင့်ထင်တယ်။

ဒါပေမဲ့ မမက ဝမ်းလျှောရလောက်တဲ့ စမ်းရေဗားရှင်းကို မသောက်ရသေးဘူးလေ။

သူမ တွေ့ရသလောက်ဆိုရင် အမေက စမ်းရေသောက်ပြီး သန်မာလာတယ်။ သူမနို့က ပိုပြီး အရသာရှိ၊ ပိုများလာတယ်။ ကျန်တဲ့ ပြောင်းလဲမှုတွေကိုတော့ မလေ့လာရသေးပေမဲ့လို့ပေါ့။

အစ်ကိုကြီးလည်း အားရှိလာပုံပဲ၊ မဟုတ်ရင် ဈေးသည်လင်မယားက ကြမ်းတမ်းကာ တခြားအစ်ကိုတွေကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာမဟုတ်ဘူး။ လှံရှည်ကိုင်ထားတဲ့ သူမ အစ်ကိုကြီးကတော့ သူတို့ကို အားသိပ်မစိုက်ရဘဲ ဖမ်းလိုက်နိုင်ကာ သူတို့ ထွက်မပြေးနိုင်တော့ဘူး။

နောက်ထပ် ပြောင်းလဲမှုကတော့ သူမ အစ်ကိုကြီးရဲ့ နီးကပ်တဲ့အပြုအမူတွေပဲ၊ သူမခေါင်းကို ရံဖန်ရံခါ ပွတ်သပ်ပေးကာ အမြဲတမ်း လာကပ်နေတယ်။

အဖေကတော့ စမ်းရေသောက်ပြီးတော့ သူ့ချောင်းဆိုးပျောက်သွားတယ်။ အပြင်ပန်းအရတော့ ပိုပြီးသန်မာလာတာမျိုးမရှိဘူး၊ သူမကို ချီရင်လည်း ညင်သာပြီးတော့ သူ့လက်တွေက အနည်းငယ်အေးနေတုန်းပဲ။ ဒါပေမဲ့ သူ့ရုပ်ရည်ကတော့ သိသာလောက်အောင် ပိုကြည့်ကောင်းလာတယ်။

သူမ မမရဲ့ အခြေအနေကိုရော တွေးနေမိတယ်။ သူတို့နားကို ချိနဲ့စွာလျှောက်လာကာ ခြေထောက်တွေဆွဲလို့ အနံ့ဆိုးနေတာကြောင့် သူမ နို့စို့နေရင်းနဲ့ မမကို လက်တစ်ဖက်နဲ့ တွန်းထုတ်လိုက်ကာ သူမနား အကပ်ခံဖို့ တွန့်ဆုတ်နေခဲ့တယ်။

ကျန်းယွီ : ...

သူမက နို့သောက်နေတဲ့ ညီမလေးဆီကနေ မျက်လုံးလှန်ပြကာ အဖက်မတန်သလို ဆက်ဆံခံလိုက်ရတယ်။ တကယ်ကြီးလား။

ငယ်ငယ်ကတည်းက ဖျားခဲပြီး ကျန်းမာရေးကောင်းခဲ့တာကြောင့် ဒီတစ်ကြိမ်က သူမအဖို့ ခက်ခဲခဲ့တယ်။ သူမဆီက ဖျားနာနေတဲ့ အနံ့က မခံနိုင်လောက်စရာပဲ။ ဈေးသည်တွေဆီက ဆေးခပ်ထားတဲ့ ရေကြောင့်ဖြစ်မယ်။ သူမ မသိတဲ့အရာတွေကို မစားမသောက်ဖို့ သန္နိဌာန်ချခဲ့တယ်။

ကျန်းမြန့်မြန့်ကတော့ အပြစ်ကင်းစွာ နို့ဆက်စို့နေတယ်။ ကျန်းမာပြီး ပေါများတဲ့ နို့ကိုသောက်ရင်း အရပ်ရှည်တဲ့ အကျိုးကျေးဇူးကို ရဖို့မျှော်လင့်နေတယ်။

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now