Chapter 23

1.3K 196 0
                                    

အခန်း (၂၃) ဆေးဝါးများဖြင့် ဖြည့်စွက်ခြင်း


ညအချိန် အလွန်နောက်ကျနေပြီးတော့ အကုန်လုံးက တိတ်ဆိတ်နေလေပြီ။

သေးငယ်တဲ့ ဖယောင်းတိုင်မီးအလင်းရောင်လေးက တဖျပ်ဖျပ်လှုပ်နေတယ်။

ချင်လော့ရှားက ရေဇလုံကိုယူလာကာ သူမသားခန္ဓာကိုယ် - သူ့ရဲ့ လက်မောင်းတွေ မျက်နှာနဲ့ လက်တွေကို ထပ်ကာထပ်ကာ ရေပတ်တိုက်ပေးခဲ့တယ်။

ကျန်းချန်တျန်းက သူ့သားနဖူးပေါ်က အဝတ်ကို ဖယ်လိုက်တော့ ဒဏ်ရာက ပြည်တည်ကာ အပုပ်နံ့အနည်းငယ်တောင် ထွက်နေခဲ့တယ်။

သာမန်ဒဏ်ရာဆိုရင် ဒီလိုဖြစ်မနေသင့်ဘူး။

ညစ်ပတ်ပြီး တုံးတဲ့အရာဝတ္ထုကြောင့်ဆိုရင်တော့ ဒီလောက်မြန်မြန်နဲ့ မပုပ်နိုင်ဘူး။

ကျန်းချန်တျန်းက ဒီဒဏ်ရာကိုမြင်တော့ သူ့စိတ်ထဲမှာ ဆေးပင်မျိုးစုံကို မြန်မြန်စဉ်းစားလိုက်တယ်။

ဒါပေမဲ့ အခုထိ သူက ဘယ်ဆေးက ဒါကို ကုပေးနိုင်မလဲဆိုတာ တွေးလို့မရဘူး။

ချင်လော့ရှားကလည်း ငိုမနေခဲ့ဘူး၊ သူ့သားရဲ့ ပူနေတဲ့ နေရာတွေဖြစ်တဲ့ ခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်ကို အဝတ်နဲ့  ထပ်ကာထပ်ကာ ရေဝတ်တိုက်ပေးနေတယ်။

"လော့ရှား၊ ကိုယ်ဆေးသွားရှာလိုက်ဦးမယ်။ ပျာမနေနဲ့ သူအဆင်ပြေသွားမှာပါ" ကျန်းချန်တျန်းက ပြောခဲ့လိုက်တယ်။

ဒါပေမဲ့ သူ့အကြည့်ကတော့ သူ့သားပေါ် မကြည့်ရက်ရှာဘူး။

သူသာ ထပ်ကြာကြာကြည့်ခဲ့ရင် ငိုဖို့ ထိန်းနိုင်တော့မှာမဟုတ်ဘူး။

အခန်းထဲက ဖယောင်းတိုင်မီးကိုပဲ ကြည့်နေခဲ့တယ်၊ အလင်းရောင်မှိန်မှိန်လေးက လှုပ်ခတ်နေတယ်။

မျက်လုံးကို နာကျင်စေတဲ့နည်းမျိုးနဲ့ လှုပ်ခတ်နေခဲ့တာ။

ကျန်းယွီက ညီမလေးကို ကျောမှာပိုးထားလိုက်တယ်။ ဒီအချိန်မှာ သူမသည်လည်း အသံမထွက်ရဲဘူး၊ အမေ့ကို အဝတ်ကူညစ်ပေးပြီး ရေကူလဲပေးနေတယ်။

မျက်ရည်တွေကတော့ သူမမျက်နှာပေါ် ဆက်တိုက်စီးဆင်းနေတယ်။

သူမရဲ့ အမြဲတမ်း တက်ကြွပြီး ခုန်ပေါက်နေတဲ့ အစ်ကိုကြီးက အခုချိန်မှာ သေနေပြီလိုပဲ။ သူမကြောက်ရွံ့နေခဲ့တယ်။

ကျန်းမြန့်မြန့်ကလည်း ကြောက်နေခဲ့တယ်။

ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ သူမ ဆေးထဲကို မှော်ဝင်စမ်းရေစက်တချို့ ထည့်ခဲ့တာပဲဟာ၊ အဲ့တာက သေချာပေါက် ထိရောက်မှာပါ။

ကျန်းမြန့်မြန့်က သူမကိုယ်သူမ အားပေးလိုက်ပေမဲ့ သူမကိုယ်တိုင်လည်း မသေချာနေဘူး၊ အတုအယောင်လို ခံစားနေရတယ်။

ဒီနေရာမှာ ဖျားနာခြင်းက လူကိုသေစေနိုင်လောက်တယ်ဆိုတာပဲ သိတယ်။

တစ်ဖက်ခန်းကနေ တစ်ခုခုပြုတ်ကျသံ 'ဘန်း' ဆိုပြီး ထွက်လာခဲ့တယ်။

ချင်လော့ရှားက အနည်းငယ်စိတ်ပူသွားပြီး သူမသွားကြည့်နေတုန်း သမီးကြီးကို ရေလဲပြီး သူ့အစ်ကိုကို ရေပတ်တိုက်ခိုင်းထားခဲ့တယ်။

ချင်လော့ရှား တစ်ဖက်ခန်းကိုရောက်တော့ သူမခင်ပွန်းက ဗီရိုကို တွန်းဖွင့်ကာ အထဲထဲ ကုန်းဝင်နေပြီး ဖိုသီဖတ်သီဖြစ်နေခဲ့တာကို တွေ့လိုက်ရတယ်။

သူမနဲ့လက်ထပ်ခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ သူ့ကို ဒီလောက်ဖရိုဖရဲဖြစ်နေတာမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။

ကျန်းချန်တျန်းက အကြာကြီး စမ်းတဝါးဝါးရှာခဲ့ပြီးမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်တယ်။

သူက ဘီဒိုထဲကနေ ကုန်းထွက်လာပြီး လှည့်လိုက်တော့ သူ့ဇနီးကို တွေ့လိုက်ရတယ်။

"ကယ်လို့ရပြီ၊ ငါတို့ ကယ်လို့ရပြီ။ လော့ရှား ကြည့်လိုက်၊ ဒါက ဂျင်ဆင်းပဲ၊ ဒီဂျင်ဆင်းက အသက်ကယ်နိုင်တယ်။ ဒါစားပြီးသွားရင် ဖုန်းအာက ပြန်ကောင်းလာတော့မှာ" ကျန်းချန်တျန်းက ပြောရင်း အမြစ်မပါတဲ့ ဂျင်ဆင်းတစ်ခုကို ဆုပ်ကိုင်ထားခဲ့တယ်။ သူ မပြောခဲ့တာက ဒီဂျင်ဆင်းကြောင့်ပဲ စာရေးဝူက အကွပ်မျက်ခံခဲ့ရတာ။

သူတို့ခိုးခဲ့တဲ့အရာတွေထဲကနေမှ အစအနအချို့ကို သူ့အတွက် စာရေးဝူမသိအောင် ယူထားခဲ့တာ။

သူတို့အကြောင်းပေါ်သွားတော့ သူက အသံမထွက်ရဲပဲ လုံလုံခြုံခြုံဖွက်ထားခဲ့တာ။

ဒါက ဖုန်းအာကို ကယ်နိုင်ပါ့မလားတော့ သူလည်း သေချာမသိပေမဲ့ ဒီအရာကြောင့် တစ်စုံတစ်ယောက်ကတောင် သေပေးခဲ့ရတာဆိုတော့ အသုံးတော့ဝင်မှာပါ။

"ဘယ်လို တိုက်ရမှာလဲ" ချင်လော့ရှားက သူမရဲ့ ယိုင်နဲ့နေတဲ့ခင်ပွန်းကို မေးလိုက်တယ်။

"အပိုင်းလေးတွေလှီးလိုက်၊ တကယ်လို့ သူ မမျိုချနိုင်ရင် အမှုန့်ကြိတ်ပြီး ရေနဲ့ဖျော်ပြီး တိုက်လိုက်" ကျန်းချန်တျန်းက သူ့မိန်းမကို ထိန်းထားကာ ပြန်ဖြေလိုက်တယ်။

ချင်လော့ရှားလည်း အချိန်ဆွဲမနေတော့ဘူး၊ ပထမဆုံး သူမခင်ပွန်းပြောသလို လှီးဖြတ်လိုက်ပြီးမှ ကျန်တာတွေကို အမှုန့်ကြိတ်လိုက်တယ်။

ကျန်းချန်တျန်းက ဂျင်ဆင်းဖြတ်ပိုင်းလေးကို ဖုန်းအာရဲ့ပါးစပ်ထဲ ထည့်ပေးချင်ခဲ့ပေမဲ့ သူက လုံးဝကို သတိလစ်နေတာကြောင့် အသုံးမဝင်ခဲ့ဘူး၊ သူ့ပါးစပ်ကို မရမကဖွင့်တာကလည်း အလုပ်မဖြစ်ဘူး။

ကျန်းချန်တျန်းရဲ့ လက်တွေက ဆက်တိုက်တုန်ယင်နေခဲ့တယ်။

ဒါတောင်မှ သူ့သမီးကို ပြောခဲ့သေးတယ်။ "ယွီအာ, ဒီကိုလာ။ ဒီဆေးကို ကိုင်ထားပြီး မဖိတ်ကျစေနဲ့"

သူက ရေပတ်တိုက်တဲ့ရေကို လဲဖို့သွားခဲ့တယ်။

ခြံထဲကနေ 'ဘန်း ဘန်း ဘန်း' ဆိုပြီး ဆေးကြိတ်တဲ့အသံက လျင်မြန်စွာ ထွက်ပေါ်လာခဲ့တယ်။

ကျန်းမြန့်မြန့်က စိုးရိမ်စွာနဲ့ နားစွင့်နေရတယ်။ ထို့နောက်တော့ မထိန်းနိုင်တော့ဘဲ ရှူးပေါက်ချမိလိုက်တယ်။ သူမလည်း မတတ်နိုင်ဘူးလေ၊ နို့တွေစို့ထားပြီးတော့ ရှူးပေါက်ဖို့ လိုတယ်။

ကျန်းယွီလည်း သူမကျောပေါ်မှာ စိုစွတ်သွားတဲ့အနွေးစီးကြောင်းကို ခံစားလိုက်မိပေမဲ့ ဂရုမစိုက်အားသေးဘူး၊ သူမညီမလေးကို ဆက်ပိုးထားကာ ဂျင်ဆင်း ဖြတ်စလေးကို သူမအစ်ကိုကြီးပါးစပ်ထဲ တတ်နိုင်သလောက် ထည့်ဖို့ ကြိုးစားနေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သူမကျောပေါ်ကို ဖွဖွပုတ်ပေးလိုက်ပြီး "မြန့်မြန့်, ကိစ္စမရှိပါဘူး။ အစ်ကိုကြီး နိုးလာရင် မမက ညီမလေး အနှီးကို လဲပေးမယ်နော်။ လိမ္မာနော်"

ချင်လော့ရှားက ဆေးကြိတ်ပြီးတော့ ပန်းကန်လုံးထဲကို ရေနည်းနည်းနဲ့ ရောထည့်လာတယ်။

သူမသားက အခုထိ တုံ့ပြန်ချက်မရသေးတာကို မြင်တော့ မငိုမိအောင်ထိန်းရင်း သောကတွေကို အကြိမ်များစွာ ခက်ခက်ခဲခဲ မျိုချခဲ့ရတယ်။

အလွန်အမင်းသောကရောက်နေတဲ့ သူတွေက ငိုမချနိုင်ဘူး၊ သူတို့က တိတ်ဆိတ်နေတဲ့ ပြဇာတ်ကို ကနေရသလိုပဲ။

"ကိစ္စမရှိဘူး၊ ကောင်းသွားမှာပါ။ ဆေးဒီမှာ ရပြီ၊ ရှန့်ကုန်း ဆေးဒီမှာ။ သူသောက်ပြီးသွားရင် ကောင်းသွားမှာပါ" ချင်လော့ရှားက သူမခင်ပွန်းကျောကို သပ်ပေးလိုက်တယ်။

"ယွီအာ သမီးဆေးကို သေချာကိုင်ထားနော်။ ရှန့်ကုန်း ကျွန်မကို လာကူပါဦး" ချင်လော့ရှားက တည်ငြိမ်စွာ ညွှန်ကြားလိုက်တယ်။

သူမက ကုတင်ခေါင်းရင်းမှာထိုင်ပြီး သူမခင်ပွန်းအကူအညီနဲ့ သူတို့သားဖြစ်သူကို သူမရင်ခွင်ထဲ မှီနေစေတယ်။

သူမသားက လူရွယ်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီးတော့ သူတို့နီးနီးကပ်ကပ်မနေခဲ့တာ အလွန်ကြာလေပြီ။ သူမသားတစ်ယောက် နေ့တိုင်း အပြင်ထွက် ပြေးလွှားနေတာ၊ လူကြီးတစ်ယောက်လို မအပ်မရာတွေလုပ်နေတာကို ကြည့်နေခဲ့ရတယ်။ သို့ပေမဲ့ သူမ မထင်မှတ်မိတာက ယခုတော့ သူမကိုမှီထားတဲ့ သူက မီးပြင်းဖိုတစ်ခုလို ပူနေပြီး ကြက်ခြေခတ်ဖြစ်နေတဲ့ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကလည်း အညိုမဲစွဲနေခဲ့တယ်။ သူ့နှုတ်ခမ်းတွေကလည်း ခရမ်းပုပ်ရောင်ဖြစ်နေခဲ့တယ်။

ချင်လော့ရှားက သားကိုပွေ့ထားရင်း သူမလည်ချောင်းက ထိန်းချုပ်ထားတဲ့ ရှိုက်သံတွေကြောင့် တစ်ဆို့နေပေမဲ့ တည်ငြိမ်စွာပြောလိုက်တယ်။ "ရှန့်ကုန်း၊ ရှင်ဆေးတိုက်လိုက်။ ကျွန်မ ဖုန်းအာကို ထိန်းထားပေးမယ်"

သူ့သားကို ဒီလိုမြင်ရတော့ ကျန်းချန်တျန်းရဲ့လက်တွေက တုန်ယင်နေလိုက်တာ ဇွန်းကိုတောင် သူ့ပါးစပ်နားရောက်အောင် မနည်းချိန်နေရတယ်။

ဒါက သူ့ရဲ့ သားဦးလေ။

သူကိုယ်တိုင်ကိုက ကလေးတစ်ယောက်သာသာပဲ။

ဖုန်းအာကို ရလာပြီးမှ သူကပိုပြီး တာဝန်သိလာခဲ့ပြီး မဆင်မခြင်လုပ်တာတွေ ရပ်တန့်ခဲ့တာ။

သူ့အရင်ပုံစံက ထိန်းချုပ်ခံထားရတဲ့ သားရဲကောင်လိုပဲ၊ ဒီကမ္ဘာကြီးကို မကျေနပ်ချက်တွေနဲ့ အကုန်လုံးကို သဘောမကျဖြစ်နေခဲ့တာ။

သူ့ဇနီးက သူတို့သားရဲ့မေးရိုးကနေ ပါးစပ်ကို မရမကဖွင့်နေတာကို ကြည့်လိုက်တယ်။

ကျန်းချန်တျန်းက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။ "အဲ့ဒီလိုလုပ်လည်း အသုံးမဝင်ဘူး။ သူ့လည်ချောင်းက ပိတ်နေတာ၊ သူမျိုချနိုင်မှာ မဟုတ်ဘူး။ ကိုယ် သူ့မေးစေ့အောက်က အကြောကို နှိပ်လိုက်မယ်၊ ယွီအာ သူ့ကို လာတိုက်လိုက်"

ကျန်းယွီက ဆေးပန်းကန်ကိုယူလိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ ဆေးကို အဆက်မပြတ်မွှေနေခဲ့တယ်။

ဒါကို ကြည့်နေတဲ့ ကျန်းမြန့်မြန့်ကလည်း အလွန်ကြောက်ရွံ့နေခဲ့တယ်။ သူမရဲ့ ပျော်ပျော်နေတတ်ပြီး အမြဲရယ်မောနေတဲ့၊ သူမကို ချီပိုးပြီး ဆော့ကစားပေးခဲ့တဲ့ အစ်ကိုကြီးက အခုတော့ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာကြီးငယ်နဲ့။

သူမလုပ်နိုင်တာက မမဆေးပန်းကန်ကို မွှေနေတုန်းက ဘယ်သူမှကြည့်မနေတုန်း အဖျားနားတိုးပြီးတော့ ရှိသမျှအားနဲ့ ကျန်နေတဲ့ စမ်းရေတွေအကုန်လုံးကို ထည့်ခဲ့လိုက်တယ်။ စမ်းရေတွေ ခမ်းသွားသည်အထိ - ပန်းကန်လုံးအောက်ခြေနားမှာ အလွှာပါးလောက်လေးပဲ ကျန်တော့တဲ့အထိ၊ တစ်ဇွန်းစာလောက်ပဲရှိတော့တယ် ထင်တယ်။

သူမထည့်ပြီးသွားတော့ ပင်ပန်းစွာနဲ့ မမရဲ့ကျောပေါ်မှာ ပစ်လှဲပြီး မှီတွယ်နေခဲ့တယ်။

သူမရဲ့ ရှူးစိုနေတဲ့ အနှီးကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ သူမသာ ဆက်စိုနေရင်လည်း သူမရှူးရှူးတွေက အငွေ့ပြန်သွားတော့မယ်တောင် ထင်ရတယ်။

ကျန်းယွီက သူမအစ်ကိုကြီးကို ကလေးထမင်းခွံ့သလိုမျိုး တစ်ဇွန်းပြီး တစ်ဇွန်းတိုက်ခဲ့တယ်။ လျှံကျလာတဲ့ ဆေးတွေကိုလည်း ဇွန်းနဲ့ ပြန်သပ်ကာ ပါးစပ်ထဲပြန်ခွံ့တိုက်လိုက်တယ်။

ကျန်းချန်တျန်းက သူ့သားကို လက်တစ်ဖက်နဲ့ ထိန်းထားရင်း သူ့လည်ပင်းညာဖက်က အကြောကို သေချာဖိနှိပ်ထားကာ ဆေးဝင်အောင်လုပ်လိုက်တယ်။

ဒီဟာအလုပ်ဖြစ်မဖြစ် သူတို့လည်း မသိဘူး။

အနည်းဆုံးတော့ ဆေးတွေအကုန်လုံး ဝင်သွားခဲ့ပြီလေ။

ကျန်းဖုန်းရဲ့ မေးရိုးနဲ့ လည်ပင်းတွေမှာ အနီစက်တွေ ထွက်ပေါ်လာခဲ့တယ်။

ကျန်းချန်တျန်းက သူ့သားရဲ့ လက်တွေနဲ့ ခန္ဓာကိုယ်ကို ရေပတ်ဆက်တိုက်ပေးခဲ့တယ်။

တစ်မိသားစုလုံး တစ်လှည့်စီ။ ဆေးကလည်း တိုက်ပြီးသွားပြီ၊ သူတို့လုပ်နိုင်သမျှက သူ့အပူချိန်ကို ကျအောင်ပဲလုပ်နိုင်တယ်။

ကျန်တာအားလုံးကတော့ ကံတရားအပေါ်ပဲ မူတည်တော့တယ်။

ကျန်းချန်တျန်းရဲ့ မျက်ဝန်းတွေက နီရဲနေခဲ့တယ်၊ သူ့ရဲ့ ပိန်ပါးတဲ့ ပုခုံးပေါ်ကို ဆံပင်ရှည်တွေက ကျနေခဲ့တယ်။ အကြောင်းအရင်းတချို့ကြောင့် သူမအဖေကို ဒီလိုမြင်ရတာ ကျန်းမြန့်မြန့်အဖို့ သူကအလွန်သနားစရာကောင်းနေတယ်။

သူတို့တစ်မိသားစုလုံးရဲ့ ပင်ကိုစရိုက်က တက်ကြွတယ်၊ အဖေကလွဲလို့ပေါ့။

အဖေက လမ်းလျှောက်လည်း ညင်သာတယ်၊ စကားပြောလည်း သိမ်မွေ့တယ်၊ ရယ်ရင်တောင် ခပ်တိုးတိုးပဲ ရယ်တယ်။ သူမကိုချီရင်လည်း အသာအယာပဲ၊ ဂရုတစိုက်ချီတယ်။

သူက စိတ်ခံစားချက်ကို တော်ရုံမပြတတ်ဘူး။ အမေ့လက်ထဲ ပြိုလဲပြီး ငိုခဲ့တဲ့ အဲဒီညကလွဲလို့ပေါ့။

သူက ဖခင်တစ်ဦးဖြစ်ပေမဲ့ သူ့ကြည့်ရတာ ရင့်ကျက်ပုံလည်း မပေါ်သလို ရဲတင်းမှုလည်း ရှိပုံမရဘဘူး။

အပြင်ဖက်မှာ အင်းဆက်အော်မြည်သံတွေက တိုးသထက်တိုးလာတယ်။

အတွင်းမှာ ဖယောင်းတိုင်ရဲ့ အလင်းရောင်က မှိန်သထက်မှိန်လာတယ်။

မီးစာကုန်လုပြီ။

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now