Chapter 19

1.5K 219 0
                                    

အခန်း (၁၉) ပန်းထိုးဖိနပ်နီလေးတစ်ရန်

ကောင်းကင်က မှောင်လာလေပြီ။ အစ်ကိုကြီးနဲ့အဖေက အိမ်ပြန်မရောက်ကြသေးဘူး။

မမက ကျန်းမြန့်မြန့်ကိုချီကာ ခြံတံခါးရှေ့က သစ်ပင်ကြီးအောက်မှာ ဟိုဟိုဒီဒီလျှောက်နေခဲ့တယ်။

အဲ့တာက ထူးဆန်းတယ်။ သူမကငယ်သေးပေမဲ့ အိမ်ပြန်မလာသေးတဲ့သူတွေကို မျှော်တတ်နေခဲ့ပြီ။

အထူးသဖြင့် သစ်ပင်ကြီးအောက်မှာ စောင့်နေကာ အဝေးကိုမျှော်ကြည့်လိုက်ချိန်မှာပေါ့။ ရွာထိပ်မှာ သေးငယ်တဲ့အမဲစက်လေးကို မြင်လိုက်တိုင်း သူမနှလုံးသားက အနည်းငယ်မြန်မြန်ခုန်လာပြီး ပိုတက်ကြွလာတယ်။ တကယ်လို့ အကြာကြီးစောင့်နေပြီး ဘယ်သူမှရောက်မလာရင် သူမက ထိတ်လန့်ပြီး စိတ်ပူလာလိမ့်မယ်။ ကျန်းမြန့်မြန့်အတွက်တော့ အပြင်ဖက်ကမ္ဘာကြီးက သူမဘာမှမသိတဲ့ သားရဲကောင်ကြီးလိုပဲဖြစ်တာကြောင့် သူမက အရမ်းကိုအန္တရာယ်များတယ်လို့ ထင်မိတယ်။

သစ်ပင်အောက်မှာ ရပ်စောင့်ရင်း ဘယ်သူမှပေါ်မလာတာကြာတာတော့ မမကျန်းယွီက သူမကို ခြံထဲပြန်ခေါ်ဝင်သွားတယ်။

ခြံထဲမှာ အမေက တောဝက်ရိုင်းသားကို ပြင်ဆင်နေတယ်။

အမေက ခြင်းတောင်းကိုဖွင့်ပြီးတော့ အသားတုံးတွေကို ထုတ်လိုက်တာမြင်တော့ ကျန်းမြန့်မြန့် တစ်ယောက် ၃ စက္ကန့်လောက် နှလုံးခုန်ရပ်သွားသလိုပဲ။

မမကျန်းယွီကတော့ စိတ်လှုပ်ရှားသွားတဲ့မျက်နှာနဲ့ “မေမေ၊ မေမေ အသားတွေဝယ်လာတယ်၊ အသားစားလို့ရပြီဟေ့”

“အမေ ဝယ်လာတာမဟုတ်ဘူး။ ဒီနေ့ အမေတောထဲဝင်တော့ တောဝက်တစ်ကောင်က အမေ့လှံဖျားကို ရူးရူးမိုက်မိုက်ဝင်တိုးခဲ့တယ်လေ။ အမေလည်း မတော်တဆ ထိုးသတ်လိုက်မိတယ” ချင်လော့ရှားက တည်ငြိမ်စွာပြောလိုက်တယ်။

ကျန်းမြန့်မြန့်က စဉ်းစားလိုက်တယ်... အမေက လိမ်နေတာပဲ၊ တောဝက်တွေမှာ ရှည်လျားတဲ့အမွှေးထူကြီးတွေရှိတာ၊ ဒီတစ်ကောင်လို ဘယ်လိုလုပ် အမွှေးလည်းမပါဘဲ ဖြူဖွေးနေမှာလဲ။ အမေက တောင်ပေါ်မှာ တောဝက်ကိုသတ်ပြီး အရေခွံခွာ၊ ခုတ်ထစ်ပြီးတော့ ဆေးကြောခဲ့တာတော့ မဖြစ်နိုင်ဘူးမလား။ အမေ့မှာ OCD များရှိတာလား။ ရက်စက်ကြမ်းကြုတ်ရတာကို ခုံမင်နေတာလား။

အဲဒီနောက် သူမက အမေဟာအသားတွေကို အိမ်ဆောက်တုံးလေးတွေလို ညီညီစီလိုက်တာကို တွေ့လိုက်ရတယ်။

နောက်ဆုံး ဝက်ခြေထောက်နဲ့ ဝက်ခေါင်းတွေကို ပေါင်းလိုက်တော့ တောဝက်ရိုင်းတစ်ကိုယ်လုံးကို စီထားတာက ပြည့်စုံသွားတယ်။

ဝက်ရဲ့ သားမွေးလည်း ပါသေးတယ်။ အမေက အဲ့တာတွေကို မြက်ကျစ်ကြိုးနဲ့ သပ်သပ်ရပ်ရပ် သူ့အစုနဲ့သူ ချည်ထားခဲ့ကာ ဝက်သားမွေး ၆ စည်းတောင်ရှိတယ်.

တကယ်လို့ ကျန်းမြန့်မြန့်က ဝက်ကိုသာမတွေ့ခဲ့ရရင် သူမအဲ့တာတွေကို ထင်းရှူးပင်ရဲ့ အရွက်ချွန်တွေ စည်းထားတယ်ထင်နေမှာ။

သူမက ဒီလောက်ပြည့်စုံအောင် ခုတ်ထစ်ထားတဲ့ ဝက်ကို အရင်ကမမြင်ဖူးဘူး။ ဒါက ရှေးခေတ်ရဲ့လီဂိုဗားရှင်းလား။

အသားတွေကိုမြင်တော့ မမက သူမထက်တောင် တက်ကြွနေသေးတယ်။ သူမကတော့ ရိုးရိုးရှင်းရှင်းပဲ အများကြီးမတွေးခဲ့ဘူး။ ကျန်းမြန့်မြန့်ကို သူမကျောပေါ်ချီကာ စိတ်လှုပ်ရှားစွာနဲ့ လှည့်ပတ်နေပြီး တံခါးနားကိုလည်း အဖေနဲ့ အစ်ကိုကြီးတို့ ပြန်လာပြီလား သွားသွားပြီး ကြည့်ရသေးတယ်။ အဲ့ဒါမှ သူတို့အသားကို စောစောစားနိုင်မှာ။

ကျန်းယွီက သူမရဲ့ပါးစပ်ထောင့်တွေကို သုတ်နေခဲ့ရတယ်... သူမက တကယ်ကြီး သရေကျနေတာပဲ။

မမက သူမကိုလည်း သရေသုတ်ပေးလိုက်တယ်၊ ပြုံးရွှင်စွာနဲ့ သူမ မေးလိုက်တယ်။ "မင်းလည်းပဲ အသားကို လောဘတက်နေတာလား။ မြန့်မြန့်လည်း အသားစားချင်လို့လား”

ကျန်းမြန့်မြန့်က စဉ်းစားလိုက်တယ်... မဟုတ်ရပါဘူးနော်၊ သမီးသရေကျနေတာက ကလေးတစ်ယောက်ရဲ့ အာရုံကြောတွေက မဖွံ့ဖြိုးသေးလို့ပါ၊ သမီးခန္ဓာကိုယ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး၊ သမီးပါးစပ်က အမြဲတမ်းပွင့်ပွင့်သွားတာ၊ သမီးရဲ့မျက်နှာက ကြွက်သားတွေကို မထိန်းနိုင်သေးလို့ သရေကျနေတာပါ၊ လောဘကြီးလို့မဟုတ်ပါဘူး... ဟင်း၊ ထားလိုက်ပါတော့၊ ရှင်းပြဖို့ရာ ခက်ခဲလိုက်တာ။ မမတစ်ယောက် ရူးလောက်အောင်ပျော်နေတာကို ကြည့်ပြီး သူမလည်း “ယိယာ ယိယာ”လို့ ပျော်ပျော်ရွှင်ရွှင် လိုက်အော်နေလိုက်တယ်။

တကယ်တော့ အဲ့တာက ကောင်းပါတယ်။ အသားတစ်နပ်စာကြောင့် မမက တောက်ပစွာပြုံးရွှင်နေတာ၊ ကြည့်ရတာ အဖေနဲ့ ပိုပိုတူလာတယ်၊ လွတ်လပ်တယ်၊ သူမကိုမြင်တာနဲ့ လူတွေကို ပျော်ရွှင်စေတယ်။
နောက်ဆုံးတော့ ကောင်းကင်က ပိန်းပိတ်အောင်မှောင်သွားတော့မှ အဖေနဲ့ အစ်ကိုကြီးတို့က ပြန်လာခဲ့ကြတယ်။

ခြံတံခါးနားကို မထွက်လာဘဲနဲ့တောင် ကျန်းမြန့်မြန့်က သူတို့ခြေသံတွေကို မှတ်မိတယ်။

ဒီရက်ပိုင်း သူမရဲ့ အာဟာရကိုဖြည့်စွက်ဖို့ရာ စမ်းရေကိုပဲ အားကိုးနေခဲ့ရတာ။

သူမရဲ့ စွန့်ထုတ်ကုန်က သူမခန္ဓာကိုယ်ထက် ပိုများသွားတဲ့ အဲဒီရက်တွေကလွဲရင် သူမရဲ့အာရုံတွေ ပိုကောင်းလာတာက အမြင်သာဆုံးရလဒ်ပဲ။

သူမရဲ့အကြားအာရုံ၊ အနံ့ခံအာရုံနဲ့ အမြင်အာရုံတွေအားလုံးက အလွန်တရာတိုးတက်လာခဲ့တယ်။

သူမရဲ့ အထိအတွေ့အာရုံကတော့  အမြဲတမ်း မိသားစုနဲ့ပဲ နေရတာကြောင့် သိသာလောက်အောင် မတိုးတက်ခဲ့ဘူး။ သူ့မမက သူ့ကိုနမ်းတာကို ကြိုက်တယ်၊ မေမေက ဖက်ထားပေးတာကို နှစ်သက်တယ်။ သူမရဲ့မိသားစုက သူမကို အရမ်းချစ်တာကိုပဲ ခံစားမိတယ်။

တကယ်ကိုပဲ သူမက ကလေးလေးတစ်ယောက်ဖြစ်နေပေမဲ့ တစ်လောကလုံးရဲ့ အလယ်မှာလို့ ခံစားရတယ်။ သူတို့အားလုံးက သူမကို အရမ်းချစ်ကြပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

မမက သူမရဲ ဖင်လေးတွေကိုင်ပြီးမှ ပါးလေးကို လာညှစ်တော့ အနံ့က နည်းနည်းထူးဆန်းပေမဲ့လည်း အထိအတွေ့က ညင်သာပြီး ကြင်နာနေတုန်းပဲ။
ကျန်းမြန့်မြန့်က အစ်ကိုကြီးရဲ့ခြေလှမ်းတွေဟာ တည်ငြိမ်ပေမဲ့ တစ်ခါတစ်ရံ ခုန်ဆွခုန်ဆွဖြစ်နေတာကို ကြားရတယ်။ သူ့ကြည့်ရတာ စိတ်ပျော်နေသလိုပဲ။

အဖေ့ရဲ့ခြေလှမ်းတွေကတော့ အမြဲလိုတိတ်ဆိတ်ပြီး ညီညီညာညာနဲ့ ပေါ့ပါးတယ်။ တကယ်လို့ သူမရဲ့အကြားအာရုံသာ မကောင်းခဲ့ရင် သူ့ကို သတိထားမိမှာတောင် မဟုတ်ဘူး။

“ယိယာ ယိယာ” (တံခါးဖွင့်) ကျန်းမြန့်မြန့်လည်း တက်ကြွစွာအော်ခေါ်လိုက်တယ်။

သူတို့ကို တစ်နေကုန်မတွေ့ရတာ လွမ်းလှပြီ။

တကယ်ကိုပဲ ကျန်းယွီတံခါးဖွင့်လိုက်တော့ အဖေနဲ့အစ်ကိုကြီးတို့က ဝင်လာကြတယ်။

ပြီးတော့ နှစ်ယောက်လုံးက ကျောပေါ်မှာ ပစ္စည်းတွေအများကြီး သယ်လာကြတယ်။

ပစ္စည်းတွေသယ်လာရလို့ထင်တယ်၊ သူတို့က အိမ်ကိုမိုးချုပ်မှပြန်လာကြတယ်။ သူများတွေမြင်သွားမှာ စိုးရိမ်လို့နေမယ်။

ဆင်းရဲရတာကိုလည်း ကြောက်ပေမဲ့ ပိုက်ဆံလေးရှိလာတော့လည်း ကြွားဝါမိမှာကို စိုးရိမ်ရပြန်တယ်။

ကျန်းယွီက သူတို့ဘာတွေယူလာလဲဆိုတာ သိချင်နေတယ်။

သပ်ရပ်စွာထုပ်ပိုးထားတဲ့ ပစ္စည်းတွေကို ကြည့်ရင်း သူမ စိတ်လှုပ်ရှားနေခဲ့တယ်။

အမေပြန်ယူလာတဲ့ ဝက်သားကိုတွေ့တာထက် ပိုပြီးစိတ်လှုပ်ရှားနေတယ်။

ဘာလို့လဲဆိုတော့ ဒီအရာတွေက ပိုက်ဆံနဲ့ဝယ်လာတာတွေလေ။ ပိုက်ဆံပေးဝယ်ရတဲ့ ပစ္စည်းတွေက ပိုပြီး အဖိုးတန်တယ်။

အနံ့မခံဘဲနဲ့တောင် အဲ့တာတွေက တိုင်းရင်းဆေးတွေဆိုတာ ကျန်းမြန့်မြန့်သိတယ်။ အနံ့က ပြင်းလွန်းတယ်လေ။

ကျန်းယွီလည်း အနံ့ရတာကြောင့် လိမ်လိမ်မာမာနဲ့ ပြန်ချထားလိုက်တယ်။

ထို့နောက် သူမမျက်နှာက တက်ကြွစွာဝင်းပသွားတယ်။ "အဖေ တကယ်ကြီး သန့်စင်ထားတဲ့ ကောက်နှံတွေ ဝယ်လာတာပဲ၊ ကောင်းလိုက်တာ၊ ဒီနေ့ စားစရာမရှိလို့ ညီမလေးက တအားငိုနေခဲ့တာ”

ကျန်းမြန့်မြန့်က တွေးလိုက်တယ်... သမီးငိုတာ မမက ဇွတ်ကျွေးလို့လေ၊ စားချင်လို့ မဟုတ်ပါဘူးနော်။

အဲ့ဒီနောက် မမတစ်ယောက် စူးရှစွာအော်လိုက်တာကို ကျန်းမြန့်မြန့်ကြားလိုက်ရတယ်။

“အား အား အား”

ကျန်းမြန့်မြန့်ထိတ်လန့်သွားလေတယ်။ ဘာဖြစ်တာလဲ? အဖေ့ခြင်းထဲမှာရော သေချာစီထားတဲ့ အသားတွေရှိလို့လား? အရေခွံခွာထားပြီးသားလား?

ဒါပေမဲ့ ကျန်းမြန့်မြန့်က သူမအစ်မတစ်ယောက် ပန်းထိုးဖိနပ်တစ်ရန် ကိုင်ထားတာပဲ တွေ့လိုက်ရတယ်။

အဲ့တာက လိပ်ပြာတွေ စီးကွင့်တွေနဲ့ အလှဆင်ထားတာမျိုး မရှိပေမဲ့ အဲ့တာတွေက အသစ်ကျပ်ချွတ်ဖြစ်ပြီး လှပစွာပန်းထိုးထားကာ အနီရောင်လေးဖြစ်တယ်။

“ဖေဖေ၊ ဖေဖေ၊ ဒါတွေက သမီးဖို့လား” ကျန်းယွီက ဖိနပ်တွေကို ကိုင်ရင်း အခန်းထဲပြေးဝင်လာတယ်။

အစ်ကိုကြီးနဲ့ အဖေက အိမ်ပြန်ရောက်တော့ အရင် သန့်ရှင်းနေကြတာဖြစ်တယ်။

ကျန်းမြန့်မြန့်က သူမမိသားစုက ဒီနေရာမှာတော့ အတော်ဂရုစိုက်ကြတာကို သတိထားမိတယ်။

သန့်ရှင်းပြီးသွားတော့ အစ်ကိုကြီးက သူမကိုလာချီခဲ့ပြီး ဝါးကုလားထိုင်မှာ ထိုင်လိုက်တယ်။

သူမအဖေက အခန်းထဲကနေ ပြန်ပြောတာကို ကြားလိုက်ရတယ်။ "ပန်းထိုးဖိနပ်တွေလား? အဖေ မသိဘူး၊ အဖေဝယ်ခဲ့တာ မဟုတ်ဘူး၊ အားဖုန်းကို မေးကြည့်လိုက်”

အဲဒီနောက် မမက လေလိုပဲ ပြေးထွက်လာပြန်တယ်။

“ကော၊ ကော ဒါတွေက ညီမဖို့လား။ အသစ်ကြီးကိုလေ”

ကျန်းဖုန်းက သူ့ညီမကိုချီထားရင်းနဲ့ မာန်တက်စွာခေါင်းညိတ်လိုက်တယ်။

“ပန်းထိုးဖိနပ်လေး တစ်ရန်ပါကွာ”

ကျန်းယွီကတော့ အပျော်လွန်နေတယ်။

ခုံပုလေးမှာထိုင်ကာ သူမဖိနပ်တွေ ချွတ်လိုက်‌ပေမဲ့  ဖိနပ်အသစ်တွေကိုတော့ စမ်းမစီးခဲ့သေးဘူး။ အဲဒီအစား သူမက အခန်းထဲ မြန်မြန်ယူဝင်သွားခဲ့တယ်။

ကျန်းမြန့်မြန့်က တွေးရခက်သွားတယ်၊ ပြီးမှ သတိရသွားခဲ့တယ်၊ အခုက ရှေးခေတ်မှာလေ၊ ကျားမ ခွဲခြားမှုအရ တားမြစ်ထားတာတွေရှိပြီးတော့ အစ်ကိုကြီးက သူမရဲ့ခြေဗလာကို မမြင်သင့်တာကြောင့်ဖြစ်မယ်။

ဒါပေမဲ့ မမက ဖိနပ်တွေကိုင်ပြီး အပြင်ထွက်လာပြန်တယ်။

သူမက ကျန်းမြန့်မြန့်ရှေ့မှာထိုင်ကာ ဖိနပ်တွေချွတ်လိုက်ပြီး ချောင်ချိကျယ်နေတဲ့ ခြေအိတ်တွေကို သေချာလေးဝတ်လိုက်တယ်။
တကယ့်ကိုပဲ ကျန်းမြန့်မြန့်တစ်ယောက် အတွေးလွန်နေတာပါ။ အကုန်လုံးက မဝရေစာစားနေရပြီး လယ်ထဲမှာ အလုပ်လုပ်နေရတာ ဒီလိုတားမြစ်ချက်တွေ ဂရုစိုက်နိုင်မနေဘူး။

မမက ပန်းထိုးဖိနပ်အသစ်တွေကို ပေသွားမှာ စိုးနေရုံပါပဲ။

ထို့နောက် မမက ပန်းထိုးဖိနပ်တွေကို ဂရုတစိုက်စီးလိုက်ပြီး အရမ်းကိုပျော်ရွှင်နေတာ တွေ့လိုက်ရတယ်။

အပြုံးက သူမမျက်နှာကနေ ပျောက်ကွယ်မသွားတော့ဘူး။
သူမရဲ့ ဖိနပ်အသစ်တွေနဲ့ တည်ငြိမ်စွာ လမ်းလျှောက်လိုက်တယ်။ တစ်လှမ်းချင်း လှမ်းပြီး ယိုင်လဲသွားခြင်းမရှိဘူး။ သူမက ဖွဖွလေးတောင် ခုန်လိုက်သေးတယ်၊ ဖိနပ်တွေ ပျက်စီးသွားမှာစိုးလို့ အမြင့်ကြီးတော့ မခုန်ရဲဘူး။ ဒါပေမဲ့လည်း နည်းနည်းလောက် မခုန်ဘဲလည်း မနေနိုင်ပြန်ဘူး။

“ပန်းထိုးဖိနပ်အသစ်တွေက သမီးခြေထောက်ကို မနာစေဘူးမှန်း မသိခဲ့ဘူး” ကျန်းယွီက ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်နေခဲ့တယ်။

သူမက အစ်ကိုကြီးဆီကိုတောင် လျှောက်သွားကာ မေးလိုက်တယ်။ "ကြည့်ကောင်းရဲ့လား”

အစ်ကိုကြီးလက်ထဲက ကျန်းမြန့်မြန့်က ခေါင်းညိတ်လိုက်တယ်။ "ယိယာ ယိယာ” (ကြည့်ကောင်းတယ်)

ကျန်းဖုန်းက နှာမှုတ်လိုက်တယ်။ ပြန်မဖြေခဲ့ပေမဲ့လည်း ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။

ကျန်းယွီက ဘယ်ပြန်ညာပြန်လျှောက်နေရင်း စိတ်လှုပ်ရှားစွာပြောလိုက်တယ်။ "သမီး မနက်ဖြန်ကျရင် ဒီဖိနပ်ကိုစီးပြီးတော့ အားချွေ့ကို သွားကြွားလိုက်ဦးမယ်”


ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Wo Geschichten leben. Entdecke jetzt