Chapter 35

1.3K 154 0
                                    

အခန်း (၃၅) ဈေးသည်လေး

အနီရောင်ဟောသွန်းသစ်ပင်အောက်တွင်...

ကြမ်းတမ်းတဲ့ လီနင်ဖျင်ထည်စကပ်ကို ဝတ်ဆင်ထားတဲ့ ကောင်မလေးက ထိုင်ခုံပေါ်တက်ကာ သစ်ကိုင်းမှာ ကြိုးနီလေးကို ချည်လိုက်တယ်။

သူမက အစ်ကိုကြီးပေးထားတဲ့ ကြိုးနီလေးကို ပူဇော်လိုက်တယ်။

ခြေဖျားထောက်ပြီး ခေါင်းကို မော့ကာ သစ်ပင်ပေါ်မှာ သေချာလေး ချိတ်ထားလိုက်တယ်။

ကြိုးနီလေးက လေထဲမှာ တဖျတ်ဖျတ်လွင့်နေခဲ့တယ်။

ကြိုးကိုချည်ပြီးတော့ ကောင်မလေးက သစ်ပင်အောက်ကနေ လေးလေးနက်နက်ဆုတောင်းခဲ့တယ်။

သူမ ရေရွတ်လိုက်တယ်။ "သစ်ပင်စောင့် နတ်သမီးကို ထွားကျိုင်းတုတ်ခိုင်လာအောင် ဆုတောင်းပါတယ်၊ ပြီးတော့ အသီးတွေလည်း များများသီးပေးပါ"

ကျန်းမြန့်မြန့်က သစ်သားဇလုံထဲ လှဲနေရင်း ရယ်ချင်နေခဲ့တယ်၊ သူမလည်း ဆုတောင်းလိုက်ရကောင်းမလား တွေးမိသေးတယ်။
ဒါပေမဲ့ သူမရဲ့ လက်ချောင်းလေးတွေက တောင့်တင်းနေခဲ့တယ်၊ ကားနိုင်ဆန့်နိုင်ပေမဲ့ လက်အုပ်မိုးဖို့ကျတော့ အတော်လေး ခက်ခဲလေတယ်။

သူမက တိုင်ရန်နိုဆောရပ်စ်လေးလိုပဲ၊ လက်မသုံးဘဲနဲ့တောင် ၁၀၀% တိုက်ခိုက်နှုန်းရှိပေမဲ့ သူမရဲ့လက်တွေကိုတော့ မသုံးနိုင်ဘူး... သူမ လက်တွေက တစ်ဖက်နဲ့တစ်ဖက် ထိမိနိုင်ဖို့ရာ တိုလွန်းနေတယ်။

မမကိုပဲ သူမလက်တွေယမ်းပြီး အားပေးနိုင်တယ်။

ဆုတောင်းပြီးသွားတော့ ကျန်းယွီက ဇလုံထဲက အသီးနီလေးတွေကို ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်တယ်။

ပန်းကန်လုံးကြီး တစ်လုံးစာပဲ။

ကောက်နေရင်းနဲ့ ကျန်းယွီက တချို့ကို မတော်တဆညှစ်မိလိုက်တယ်။ ပေါက်သွားတဲ့ အသီးတွေက သိမ်းထားလို့ မရတော့တာကြောင့် ရွေးချယ်စရာမရှိဘဲ သူမရဲ့ ပါးစပ်ထဲပဲ ထည့်လိုက်ရတယ်။

သူမကိုယ်သူမ ပြောလိုက်တယ်။ "သစ်ပင်စောင့် နတ်မိမယ်လေးရေ၊ အသီးလေးထပ် မ,စပါဦး"

ကျန်းမြန့်မြန့် : ...

သူမရဲ့ ပုရွက်ဆိတ်လေးကို ကျန်းသစ်ပင်လေးလို့ပဲ နာမည်ပေးလိုက်ရမလား။

ကျန်းယွီက အကြီးဆုံးအသီးနီလေးကို ယူလိုက်ကာ ဖြည်းဖြည်းချင်း ကိုက်လိုက်တယ်။ တကယ်အရမ်းချိုတာပဲ။ ထို့နောက် နောက်တစ်လုံးကို ပိုးပါမပါ ခွဲကြည့်လိုက်ပြီးမှ ညီမလေးကို ကျွေးလိုက်တယ်။

ညီမလေးက ကောင်းကောင်းစားနေတာ ကြည့်ရတာ အဲ့တာအရမ်းချိုနေမှာပဲ။ ညီမလေးကလည်း ပျော်ရွှင်စွာ ပြုံးရယ်ပြခဲ့တယ်။

သူမ မထိန်းနိုင်ဘဲ နောက်တစ်လုံး ထပ်စားလိုက်တယ်။

သူမ ဆယ်လုံးစားပြီး ညီမလေးကို တစ်လုံးကျွေးလိုက်တယ်။

စားနေရင်းနဲ့ ကျန်းယွီက အပြစ်ရှိစိတ်နဲ့ ဝန်ခံခဲ့တယ်။ "အစ်ကိုကြီးကလည်း ဒါစားရတာ မကြိုက်ဘူး၊ အဖေလည်း မကြိုက်ဘူး၊ အမေလည်း စားရတာ မကြိုက်ဘူး။ ငါလည်း မတတ်နိုင်ဘဲ ညီမလေးနဲ့ပဲ အတူတူစားနိုင်တော့တယ်။ ညီမလေးနဲ့ အတူစားတာဆိုတော့ တစ်ယောက်တည်း စားတယ်လို့ ပြောလို့မရတော့ဘူး"

"ဒင်ကလင်၊ ဒင်ကလင်...."

ရွာထဲကနေ စူးရှတဲ့ မြည်သံက ရုတ်တရက်ထွက်လာတယ်။

ကျန်းယွီ မျက်လုံးဝိုင်းသွားတယ်။

"သစ်ပင်နတ်မိမယ်က တကယ်တန်ခိုးရှိတာပဲ။ တွန်းလှည်းသည်လေး လာပြီ"

ပြီးတော့ ကျန်းမြန့်မြန့်က သူမကို မမက မလိုက်ပြီး ခြေထောက်တွေကို ခွဲကြည့်တာ ခံလိုက်ရတော့တယ်...

"ရှူးးးး၊ ရှူးပေါက် ရှူးပေါက်..."

ရှက်စရာပေမဲ့ ပူးပေါင်းပေးလိုက်ကာ ကျန်းမြန့်မြန့်က ရှူးပေါက်လိုက်တယ်။

မမရဲ့ အပြင်ထွက်မကစားခင်် ရှူးပေါက်ခိုင်းဖို့ လောနေတာကို သူမ နားလည်ပါတယ်။

သူမလည်း ဆေးရုံမှာ အလုပ်သင်ဆင်းတုန်းက တာဝန်ကျဆရာဝန်နဲ့ မတွေ့ခင် ပထမဆုံးလုပ်တဲ့အလုပ်ကတော့ အိမ်သာရှာရတာပါပဲ... ရှူးပေါက်ပြီးတော့မှ သိပ်စိတ်လှုပ်ရှားမနေတော့တာ။

လူနာနဲ့ မတွေ့ခင်မှာလည်း အိမ်သာသွားရပြန်တယ်။

ဘုရားပဲသိတယ်၊ သူမလို ဆေးပညာအလုပ်သင်တစ်ယောက်က round လှည့်ရင် လူနာတွေထက်တောင်မှ ကြောက်သေးတယ်ဆိုတာ။

ပြောရရင် အိမ်သာက သူမဘဝရဲ့ အရေးကြီးတဲ့ အချိန်တွေကို အစပြုခဲ့တာ...

ဒီလိုဘဝမျိုးက ချိုချိုခါးခါးလေးပဲ။

ညီမလေးကို ရှူးတည်ပြီးတော့ ကျန်းယွီက အနှီးနဲ့ထုပ်ကာ ကျောပေါ်ချည်လိုက်ပြီး အိမ်ထဲကနေ ကုတင်အောက် ဖွက်ထားတဲ့ ကြေးစအနည်းငယ်ပါတဲ့ အဝတ်အိတ်ကို ထည့်ထားတဲ့ သစ်သားဘူးလေးကို ထုတ်ယူလိုက်တယ်။ ကြေးပြားတွေကို ယူလိုက်ပြီး သူမကိုယ်ပေါ်မှာ ဖွက်ထားလိုက်တယ်။

ကျန်းမြန့်မြန့်က မမရဲ့ ပိုက်ဆံဖွက်တဲ့ နေရာနောက်တစ်ခုကို သိလိုက်ရပြန်တယ်။

သူမကြီးလာရင် တကယ်လို့ သူမက ကြေးပြားတွေကို ကျောက်တုံးတွေနဲ့ လဲထားခဲ့ရင် မမငိုများငိုလေမလား။

ကျန်းမြန့်မြန့်က သူမ အတွေးတွေ မှားနေသလို ခံစားရတယ်။ ဘာလို့ ဒီလိုအတွေးမျိုး ထွက်လာရတာလဲ။

ကျန်းယွီက ပိုက်ဆံယူကာ ညီမလေးကို ပိုးပြီး ပန်းထိုးဖိနပ်သစ်တွေနဲ့ ရွာအလယ်ကို စိတ်လှုပ်ရှားစွာ ထွက်သွားခဲ့တယ်။

မသွားခင်လေးမှာ နောက်တစ်ခါ ရှူးပေါက်ချင်ခဲ့ပြန်တယ်... ညီမလေးကို ဇလုံထဲ ပြန်ချထားလိုက်ပြီး အိမ်သာပြေးလိုက်တယ်။

ကျန်းမြန့်မြန့် : ...
မမနဲ့ သူနဲ့ ဘယ်လောက်တောင် တူလိုက်သလဲ။

သစ်သားဇလုံထဲမှာ နေရင်း ကျန်းမြန့်မြန့်က ပုရွက်ဆိတ်လေး ခေါင်းပြူလာတာကို တွေ့လိုက်တယ်၊ ခုနက အသီးနီလေးတွေကို မမက ယူသွားတာကြောင့် စိတ်ဆိုးနေခဲ့တယ်။

ကျန်းမြန့်မြန့်က ပုရွက်ဆိတ်လေးခေါင်းကို လက်ချောင်းလေးနဲ့ အသာထိလိုက်ပြီး "အတူတူ အပြင်ထွက်ပြီး သွားဆော့ချင်လား။ ဒါပေမဲ့ နင် ငါ့ကိုယ်ပေါ်ကိုတော့ တက်လို့မရဘူးနော်၊ ငါကြောက်တယ်"

သူမ စကားပြောတာ တော်တော်များသွားပြီထင်တယ်။ နောက်လိုက်သေးသေးလေးက နားမှလည်ရဲ့လား မသေချာဘူး။ မမက သူမကို ချီဖို့ ရောက်လာတော့ ပုရွက်ဆိတ်လေးက မမရဲ့ ပန်းထိုးဖိနပ်သစ်ပေါ် ခုန်တက်လိုက်တာကို မြင်လိုက်ရတယ်။

ကျန်းမြန့်မြန့်က မမရဲ့ ကျောပေါ်မှာ ချီပိုးခံထားရတယ်။

တင်ပါးကနေ ပိုးကာ ခြေထောက်လေးတွေတော့ တွဲလွဲကျနေတယ်။

ဒီကနေ့ ရွာထိပ်သစ်ပင်ကြီးအောက်မှာ လူစည်နေခဲ့တယ်။

မမနောက်ကိုလိုက်ရင်း ကျန်းမြန့်မြန့်လည်း လူအုပ်ကြားထဲ တိုးကာ အကုန်လုံးဝိုင်းနေကြတဲ့ ဈေးသည်ကို တွေ့လိုက်တယ်။

သူမက ဈေးသည်ကို ငယ်သေးတယ်ထင်နေခဲ့တာ၊ ဒါပေမဲ့ သူမ အံ့ဩသွားတယ်။ ဈေးသည်လေးက လူပုလေးဖြစ်နေတယ်။

အရပ်ပုကာ ခေါင်းကြီးကြီး လက်တံရှည်ရှည်နဲ့ အလွန်တောင့်တင်းတဲ့ လူပုလေး။

သူ့ဘေးမှာ စင်မြင့်မြင့်နဲ့ ခြင်းတစ်ခြင်းရှိတယ်။ သူ့လက်တွေက ခြင်းထဲက ပစ္စည်းတွေကို စင်ပေါ်တင်ရင်း အလုပ်ရှုပ်နေခဲ့တယ်။

ပိုးစပန်းလေးတွေက မိန်းမပျိုလေးတွေနဲ့ အမျိုးသမီးငယ်တွေကြားမှာ အတော်လေး ရေပန်းစားတယ်။

ကျန်းမြန့်မြန့်အတွက်တော့ အဲဒီပိုးစပန်းပွင့်တွေက ဈေးပေါတဲ့ ပလတ်စတစ်ပန်းတွေနဲ့ တူလေတယ်။ ဒီခေတ်မှာ ပလတ်စတစ်မရှိတာကြောင့် ထိုကဲ့သို့ တောက်ပပြီး ပြတ်သားတဲ့ အရောင်တွေကို လုပ်ရမှာတော့ မလွယ်လောက်ဘူး။

ပိုးစပန်းပွင့်တစ်ခုက ကြေးပြား ၁၀ ပြား ကျသင့်တယ်။ ဘေးကလူတွေမေးနေတာကို ကျန်းမြန့်မြန့် ကြားလိုက်ရတယ်။ မမရဲ့ ငွေက ကျိန်းသေပေါက် မလောက်ဘူးပဲ။

အစောက မမ ရေနေတာ ကြေးပြား ၈ ပြားပဲ ရှိတာကို တွေ့လိုက်တယ်လေ။

"ဈေးသည်လေး၊ ကျွန်မတို့ကို လျှော့ပေးပါဦး။ ကျွန်မတို့အကုန်လုံး ပန်းတွေကို အတူတူဝယ်ရင် ကြေးပြား ၈ ပြားနဲ့ ထားပေးမလား။ အများကြီးဝယ်မယ်လေ" မျက်နှာနီနေတဲ့ မိန်းမငယ်လေးက မေးလိုက်တယ်။

ဈေးသည်က ခေါင်းကိုတွင်တွင်ခါလိုက်ပြီး "မရောင်းနိုင်ဘူး။ တစ်ပွင့်လုပ်ဖို့ ကြေးပြား ၈ ပြား အရင်းရှိတယ်။ ကျန်တဲ့ ၂ ပြားက ကျွန်တော့် သွားစရိတ် နေဖို့စားဖို့တောင် မလောက်ဘူး။ ၁၀ ပွင့်ထက်ပိုဝယ်ရင် ကြေးပြား ၉ပြားနဲ့ အနည်းဆုံးထားပေးမယ်"

ကျန်းမြန့်မြန့်က ဈေးဆစ်နေကြတဲ့ မြင်ကွင်းကို လေ့လာနေခဲ့တယ်။

မမက ပိုးစပန်းလေးကို ထိကြည့်ပြီး လက်ပြန်ရုတ်လိုက်တယ်။

သူမက တခြားပစ္စည်းတွေကို ဆက်ကြည့်လိုက်တယ္။

အဲဒီအချိန်မှာပဲ အားချွေ့ရောက်လာခဲ့တယ်။

အားချွေ့က ဒီကိုလာဖို့ ခွင့်တောင်းခဲ့ရတယ်။ ကြည့်ရတာ မြေရှင်လျူ့အိမ်မှာ သူမကောင်းကောင်းနေရတဲ့ပုံပဲ။

အားချွေ့က လူအုပ်ကြားတိုးကာ ကျယ်ကျယ်အော်ပြောလိုက်တယ်။ "ဈေးသည်လေး၊ ကျွန်မ အရင်တစ်ခါမှာထားတဲ့ ဆံထိုးပါလာရဲ့လား"

ဈေးသည်က အားချွေ့ကို ကြည့်ပြီး ရယ်မောလိုက်တယ်။ "မိန်းကလေးချွေ့, စိတ်ချပါ ကျွန်တော် ခင်ဗျား မှာတာတွေ အကုန်လုံးမှတ်မိပါတယ်။ ဒါပေမဲ့ ဆံထိုးကတော့ အဖိုးတန်လို့ ပျောက်သွားမှာစိုးတာကြောင့် ကောင်တီမြို့က တည်းခိုခန်းမှာ ထားခဲ့တယ်။ ဒီမှာ ကျွန်တော် ပစ္စည်းတွေရောင်းပြီးရင် ကျွန်တော်နဲ့ လိုက်ယူလိုက်လေ၊ ဒါမှမဟုတ် ကျွန်တော်နဲ့ လိုက်ယူဖို့ တစ်ယောက်ယောက်ထည့်လိုက်"

"အားချွေ့ ဆံထိုးထပ်ဝယ်ပြန်ပြီလား။ ငါတို့ရွာမှာ မင်းတို့မိသားစုပဲ ကောင်းကောင်းနေရတာပါပဲလေ"

"အားချွေ့ရေ၊ မင်းရဲ့ မင်္ဂလာပွဲမှာ ငါတို့ ဘယ်တော့ အချိုစားရမှာလဲ"

"အားချွေ့အမေ ဝူဟွာကတော့ အရင်က ကပ်စေးနှဲတယ်လို့ နာမည်ကြီးတာ၊ ဟင်းရွက်တစ်ရွက်ကိုတောင် သုံးနပ်လောက်စားနိုင်တယ်၊ သူမကတော့ ဘယ်လိုတောင်လဲ"

မမရဲ့ကျောပေါ်မှာနေရင်း ကျန်းမြန့်မြန့်က မထင်မှတ်စွာနဲ့ ကျွတ်ကျွတ်ညံပြောစကားအောက်မှာ တံတွေးစင်ခံလိုက်ရတယ်။

တံတွေးစင်တာ တကယ့်ကို သေစေနိုင်တယ်... အပိုပြောတာမဟုတ်ဘူး။

စကားကျယ်ကျယ်ပြောတဲ့သူတွေဟာ စကားပြောတိုင်း တံတွေးကို နေရာအနှံ့စင်စေတယ်။

သူမ ကြောက်လန့်တကြား ကျုံ့လိုက်ပြီး ခေါင်းကို မြန်မြန်ဝှက်ထားလိုက်တယ်။

အရေထူတဲ့ အားချွေ့တောင် ဒီလောက်များတဲ့ တံတွေးစင်တာ မခံနိုင်တော့ဘူး။ သူမက ကျန်းယွီကို ဆွဲပြီး မေးလိုက်တယ်။ "နင်ရော ဘာဝယ်နေတာလဲ။ အကုန်ပြီးပြီလား"

ကျန်းယွီက ဘေးဘီကို ရှက်ရွံ့စွာကြည့်ပြီး မေးလိုက်တယ်။ "‌ဈေးသည် ဦးလေးရေ၊ အရင်တစ်ခါပါလာသလို ချိုချဉ်အဖြူလေးတွေ ရှိလား"

ဈေးသည်က ကျန်းယွီကို လှမ်းကြည့်လိုက်ပြီး အပြုံးက ပိုကြီးသွားတယ်။ သူ့လက်ကြီးတွေနဲ့ သူ့ခေါင်းကြီးကို ပုတ်လိုက်ကာ "နှမြောစရာပဲ၊ ငါချိုချဉ်တစ်အိတ်လုံးကိုလဲ တည်းခိုဆောင်မှာ ထားခဲ့တာ။ သယ်စရာများလွန်းတယ်လေ၊ အကုန်လုံးကို ငါ့ကျောပေါ်မှာ မသယ်နိုင်ဘူး။ ဒါပေမဲ့ ငါဒီတစ်ခါ မက်မွန်ချိုချဉ် ယူလာတယ်"

ဒါကိုပြောပြီး ဈေးသည်က တခြား အမျိုးသမီးတွေနဲ့ အဘွားအိုတွေကြား အလုပ်ရှုပ်နေပြန်တယ်။

သူက ဟာသတွေပြောသလို အပြင်က အတင်းအဖျင်းတွေလည်း ပြောခဲ့တယ်။ လူအုပ်က ရယ်လိုက် မောလိုက်နဲ့။ ဘာမှမဝယ်တဲ့ သူတွေတောင်မှ ပွဲကြည့်ဖို့ ဘေးမှာဝိုင်းနေခဲ့ကြတယ်။

ရွာရဲ့ ဝယ်လိုအားက အကန့်အသတ်ရှိတာပဲလေ။ အများစုက ဆင်းရဲတဲ့ရွာသားတွေဖြစ်ပြီး စည်ကားနေတာကို လာကြည့်ကြရုံပဲ။ မြေရှင်လျူတို့လို ပိုက်ဆံရှိတဲ့ လူနည်းစုကတော့ သူတို့ရဲ့ ပစ္စည်းတွေက ကောင်တီမြို့ ဒါမှမဟုတ် စီရင်စုမြို့တို့ကနေ တိုက်ရိုက်ဝယ်ကြတယ်။

မကြာခင်ပဲ ဈေးသည်က သူ့ရဲ့စင်တွေ ခြင်းတွေကို သိမ်းကာ ပြန်ဖို့အသင့်ဖြစ်နေပြီ။

ဘေးနားမှာ အားချွေ့က ကျန်းယွီကို ဖျောင်းဖျလိုက်တယ်။ "ငါနဲ့ ဆံထိုးလိုက်ယူပေးပါလား။ ငါရလာရင် နင့်ကို နေ့တစ်ပိုင်းလောက် ဝတ်ဖို့ငှားပေးမယ်လေ"

ကျန်းယွီက ငြင်းလိုက်တယ်။ "ငါသွားလို့မရဘူး။ ငါ့ညီမလေးကို ထိန်းရဦးမှာ"

"နင်လည်း ချိုချဉ်ဝယ်ဦးမှာမလား"

ကျန်းယွီက တံတွေးမျိုချလိုက်ပြီး ခေါင်းခါလိုက်တယ်။ "ငါ့မှာ ကြေးပြား ၄ ပြားပဲ ရှိတယ်။ အများကြီး မဝယ်နိုင်ဘူး"

သူမမှာ တကယ်တော့ ကြေးပြား ၈ ပြား ရှိပါတယ်။ ဟီးဟီး...

ဈေးသည်က သူ့ရဲ့သယ်စရာတွေကို မ,လိုက်ကာ သွားတော့မယ့်ပုံကြောင့် ချွေ့က ခြေဆောင့်လိုက်တယ်။ "ငါ နင့်ကို ကောင်တီမြို့ရောက်ရင် အသားပေါက်စီ ဝယ်ကျွေးပါ့မယ်၊ ငါတို့ တစ်လုံးကို ခွဲစားလို့ရတယ်"

ကျန်းယွီက ပါးစပ်သုတ်လိုက်ရင်း ပြောလိုက်တယ်။ "သွားကြစို့။ ငါ အသားဘန်းမုန့်ကို တကယ်တော့ စိတ်မဝင်စားပါဘူး။ ငါ နင့်ကို အဖော်လုပ်ပေးချင်တာပါ"

အားချွေ့က သူမကို မျက်လုံးလှိမ့်ပြလိုက်တယ်။

၂ ယောက်သား မှီအောင် ပြေးလိုက်သွားကြပြီး သွားရင်း စကားများနေကြတယ်။

ကျန်းမြန့်မြန့်က တစ်ခုခုတော့ မှားနေသလိုခံစားရပေမဲ့ ရွာသားတွေကတော့ အကုန်လုံး သာမန်လိုပဲ။ တချို့တွေလည်း အရင်က ဈေးသည်နဲ့ ပစ္စည်းလိုက်ယူတတ်ကြတယ်လေ၊ လူတွေက သူနဲ့ အတော်ရင်းနှီးနေကြပြီ။

သူမ အတွေးလွန်နေတာနေမှာပါလေ။

သူတို့ရွာက ထွက်လာတော့ လမ်းကကျဉ်းသွားတယ်၊ အရမ်းကြီးတော့ မကျဉ်းဘူး။ တွန်းလှည်းတစ်စီးတော့ သွားလို့ရသေးတယ်၊ လူသုံးယောက်ဆိုရင်တော့ ဘေးတိုက်သွားဖို့ နည်းနည်းကျပ်ပေမဲ့ပေါ့။

ကျန်းမြန့်မြန့်က ဘေးဘီကို စပ်စုလိုက်တယ်။

ဘေးနှစ်ဖက်စလုံးက ထူထပ်တဲ့ တောအုပ်ချည်းပဲ။  နည်းနည်းတော့ ကြောက်စရာကောင်းတယ်။

ရုတ်တရက် တောင်ပေါ်နေ လင်းယုန်ဇီးကွက်တစ်ကောင်က တောထဲကနေ လန့်ပျံလာတယ်။ သူ့ရဲ့အတောင်တွေကို ဆူညံစွာခတ်သွားပြီး သူတို့ခေါင်းပေါ်ကနေ တိမ်မဲလေးဖြတ်ပျံသွားသလိုပဲ။

တောင်လင်းယုန်ဇီးကွက်ရဲ့ အော်သံက စူးရှပြီး အလျင်လိုနေခဲ့တယ်...

"ကျွီးးး တွီးးးး"

"ဖလပ် ဖလပ်"

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now