Chapter 28

1.4K 187 0
                                    

အခန်း (၂၈) အမေ့ရဲ့ လျှို့ဝှက်ချက်


"ပကျိ~~~"
"ပကျိ~~~"

ငှက်သံတွေက ကြိုကြားကြိုကြား ကြားနေရတယ်။

ချင်လော့ရှားက တောင်ပေါ်က တောနက်ထဲ ဝင်ခဲ့ပြန်တယ်။

ဒီနေရာက အန္တရာယ်များတယ်ဆိုတာ သူမ သိပါတယ်။

သူမခင်ပွန်းကို ဒီနေရာထပ်လာပြီး မစွန့်စားပါဘူးလို့ ကတိပေးထားပေမဲ့လည်း ဒီကနေ့ ခင်ပွန်းဖြစ်သူ အလုပ်သွားတော့ သူမ ထပ်လာခဲ့ပြန်တယ်။

သူမက စာပေမတတ်တာကြောင့် သူမရဲ့ ခံစားချက်တွေကို ဘယ်လို့ဖွဲ့ဆိုရမယ် မသိပါဘူး။

ဒေါသ၊ မကျေနပ်မှု၊ အမုန်း၊ နာကျင်မှု။

မနေ့က ညတာအတော် ရှည်ကြာခဲ့တယ်။

သူမ ဖုန်းအာရဲ့ဘေးမှာနေရင်း အိမ်မှာ အခေါင်းဝယ်ဖို့တောင် လုံလောက်တဲ့ငွေ ရှိရဲ့လားလို့ တွေးနေမိတယ်။

အခေါင်းဝယ်ဖို့က သူမရဲ့ နောက်ဆုံး ခေါင်းမာမှုပဲ။

ဘာလို့လဲဆိုတော့ သူမငယ်ငယ်တုန်းက အမေက ထပ်တလဲလဲပြောနေခဲ့တာ၊ မင်းအဖေသေတော့ သူ့အလောင်းက အပြည့်အစုံတောင် ပြန်မရဘူး၊ မြက်ရိုင်းတောထဲမှာ တစ်စစီပြန့်ကျဲနေပြီး မပြည့်စုံတဲ့ခန္ဓာနဲ့ သေခဲ့ရတာ။ မင်းအဖေက ပြန်လည်မမွေးဖွားနိုင်တော့ဘဲ အထီးကျန်တစ္ဆေပဲ ဖြစ်နိုင်တော့တယ်။

နောက်တော့ အမေကလည်း နာမကျန်းဖြစ်ပြီး ဆုံးခါနီးတော့ ချင်လော့ရှား အခေါင်းဝယ်ပြီးတာ မြင်ပါမှပဲ သူမ မျက်လုံးတွေ မှိတ်နိုင်ခဲ့တာ။

အခေါင်းဝယ်ဖို့အတွက် သူမရဲ့မင်္ဂလာပွဲအတွက် စုထားတဲ့ငွေတွေအကုန်သုံးခဲ့ကာ အကြွေးတောင် တင်ခဲ့သေးတယ်။

သူမမိခင်က ကျေနပ်သွားပြီးမှ မျက်လုံးမှိတ်နိုင်ခဲ့တာ။

ချင်လော့ရှားကတော့ မင်္ဂလာမဆောင်နိုင်တဲ့ လက်ကျန်အပျိုကြီး ဖြစ်ခဲ့ရတယ်။

အခေါင်းက အလွန်အရေးကြီးတယ်။

ချင်လော့ရှားက လှံကိုကိုင်ကာ ထူထပ်တဲ့တောထဲကို ခေါက်ပြန်သွားနေခဲ့တယ်။

သူမခြေလှမ်းတွေက မြန်သထက်မြန်လာကာ သူမရဲ့ မြင့်မားတဲ့ ပုံရိပ်ဟာလည်း ပိုပိုပြီး သွက်လက်လာတယ်။

တကယ်လို့ ကျောက်တုံးတွေက လမ်းမှာပိတ်နေရင် သူမ ခုန်ကျော်သွားလိုက်တယ်။ တကယ်လို့ မြောင်းကျယ်ကျယ်ရှိရင်လည်း ခုန်ကူးလိုက်တယ်။ ကမ်းပါးတွေရှိရင် တွယ်တက်လိုက်တယ်။ သူမက သွက်လက်တဲ့ မျောက်ဝံကြီးတစ်ကောင်လို့ မြန်ဆန်စွာ လှုပ်ရှားနိုင်ပြီး တောထူတဲ့ တောင်ပေါ်ကို ကျွမ်းကျင်နေခဲ့တယ်။

ဒါပေမဲ့ သူမရင်ထဲက မသက်မသာခံစားချက်ကိုတော့ ဖွင့်မထုတ်နိုင်သေးဘူး။

သူမခင်ပွန်း သွေးအန်တာကို မြင်ခဲ့ရတယ်။

သူမ ကြောက်နေခဲ့တာ။

သူမမိခင်ကလည်း မသေဆုံးခင်မှာ သွေးအန်ခဲ့တယ်လေ။

ထိုအချိန်တုန်းက အမေ့ဖို့ သမားတော် သွားခေါ်ခဲ့တယ်။ သမားတော်က ကြမ်းကြုတ်တဲ့ စပါးကြီးမြွေရဲ့ သည်းခြေကို ဆေးအဖြစ် မှီဝဲသင့်တယ်လို့ပြောခဲ့တယ်၊ ဒါမှ နှလုံးသွေးကို ပြန်လည်ဖြည့်တင်းနိုင်မှာ။

အဲဒီအချိန်တုန်းကတော့ သူမက မိန်းမငယ်လေးပဲ ရှိသေးတာ၊ အလွန်ဆုံး ရွာထဲက တခြားမိန်းမပျိုလေးတွေထက် ပိုသန်မာရုံလောက်ပဲ။ သူမက သာမာန်မြွေတွေကိုတောင် ကြောက်နေတာ၊ ရက်စက်တဲ့ စပါးကြီးမြွေကို ရှာဖို့ဆိုတာ ပြောမနေနဲ့။

သူမမိခင်က ဒီရွာမှာ အခြေချဖို့ ခေါ်လာတုန်းက တခြားသူတွေကို သူတို့ဟာ မြောက်ပိုင်းကနေ ဒီကို ထွက်ပြေးလာတာလို့ ပြောခဲ့တယ်။

ပြီးတော့ သူမဟာ အရပ်ရှည်လွန်းတာကြောင့် ငယ်ငယ်တုန်းက မကြာခဏ အနိုင်ကျင့်ခံရတတ်တယ်။ သူမနောက်ကွယ်မှာ ပြောကြတဲ့သူတွေ အမြဲရှိတယ်၊ သူမမိခင်က နိုင်ငံခြားသားဆီကနေ အစော်ကားခံရကာ ချင်လော့ရှားကို မွေးခဲ့တာလို့ ပြောကြတယ်။ ချင်လော့ရှားက သွေးနှောကလေးလို့ သမုတ်ကြတယ်။

သူမစိတ်ထဲမှာလည်း ချင်လော့ရှားကိုယ်တိုင်က ထိုသို့တွေးခဲ့တယ်။

ဘာလို့လဲဆိုတော့ သူမက တခြားမိန်းကလေးတွေထက် အတော်ကို အရပ်ရှည်နေခဲ့တယ်လေ။

ဒါပေမဲ့ သူမအမေ မသေဆုံးခင်လေးမှာ အမေက သူမဖခင်ဟာ လောကကြီးရဲ့ သူရဲကောင်းပဲလို့ တောက်လျှောက် ရေရွတ်နေခဲ့တာ၊ တစ်ယောက်တည်း ထောင်ချီတဲ့ ရန်သူ့တပ်မြင်းတွေကြား ဝင်တိုက်ခဲ့ပြီးတော့ အတုမရှိတဲ့ စစ်သူကြီးတစ်ဦးလို့ ပြောနေခဲ့တယ်။

အမေက နာမကျန်းတာကြောင့် စိတ်လွတ်နေပြီလို့ သူမထင်ခဲ့တယ်။

ဒီပြောဆိုချက်ကို သူမဘယ်တုန်းကမှ မယုံရဲခဲ့ဘူး။

တစ်ခါတစ်လေ သူမပြန်တွေးမိရင် အိမ်မက်လို့ပဲ သဘောထားခဲ့တယ်၊ အမေ့ရဲ့ မသေခင် လှပတဲ့ စိတ်ကူးယဉ်မှုလေးအဖြစ်ပေါ့။

သူမအမေကလည်း အတော်လှပပါတယ်။ ချင်လော့ရှားကတော့ သာမန်ပဲ။ ကြည့်ရတာ သူမဖခင်နဲ့ တူခဲ့တာဖြစ်လိမ့်မယ်။

သူမဘဝမှာ ကံအကောင်းဆုံးက သူမခင်ပွန်းနဲ့ လက်ထပ်ခဲ့ရတာလို့ ထင်မိတယ်။

သူမမျက်လုံးထဲမှာတော့ ခင်ပွန်းဖြစ်သူက မသေမျိုးတစ်ယောက်လိုပဲ။ သူမကို အလွန်အမင်းကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်။ အမှားတစ်ခုခု လုပ်မိရင်လည်း ရွာထဲက သူတို့မိန်းမတွေကို ဆူပူရိုက်နှက်တတ်တဲ့ တခြားယောက်ျားတွေနဲ့ ကွာခြားစွာ ခင်ပွန်းဖြစ်သူက သူမကို စိတ်ရှည်စွာ သင်ပေးလိမ့်မယ်။

သူမခင်ပွန်းက သူမရဲ့ ရှည်လျားတဲ့အရပ်ကို မနှစ်ခြိုက်တာမျိုး မရှိခဲ့ဘူး။ သူမကို ဖက်ခဲ့တဲ့အချိန်မှာ ခင်ပွန်းဖြစ်သူဟာ သူမကို တကယ်နှစ်သက်တယ်လို့ ခံစားမိခဲ့တယ်။

သူက သူမကိုဖက်ထားရတာ စိတ်အေးချမ်းသွားစေတယ်လို့ ပြောခဲ့တယ်။

မနေ့ညက ခင်ပွန်းက သူမကိုဖက်ထားတော့ အတွေးများစွာက သူမစိတ်ထဲ ဖြတ်သွားခဲ့တယ်။

ဘာလို့လဲဆိုတော့ သူမ ဖုန်းအာအကြောင်းမတွေးရဲဘူး၊ ဖုန်းအာနဲ့ ပတ်သက်တာတွေ ဘာမှကို မစဉ်းစားရဲခဲ့ဘူး။

သူမစိတ်ကို တခြားအရာတွေပဲ တွေးဖို့ ကြိုးစားခဲ့ရတယ်။

နေ့ခင်းတုန်းက တောထဲမှာ တောဝက်ရိုင်းကို အမဲလိုက်ခဲ့တဲ့အကြောင်း အတင်းအကျပ် ပြန်တွေးဖို့ ကြိုးစားခဲ့တယ်။

ထို့နောက် တောအုပ်တစ်ခုလုံးက သူမစိတ်ထဲ ပေါ်လာတယ်။ သူမ သွားဖူးခဲ့တဲ့နေရာ၊ သူမ ဒီတိုင်း ဖြတ်သွားခဲ့တဲ့နေရာတွေတောင် ပြန်တွေးလိုက်တော့ အံ့ဩဖို့ကောင်းစွာနဲ့ တစ်ခုချင်းစီကို ပြန်သတိရလာတယ်။ ဘယ်သစ်ပင်က ဘယ်နားမှာ၊ ဘယ်ကျောက်တုံးက ဘယ်နားမှာ၊ ဘယ်လျှိုချောက်က ဘယ်နားမှာ၊ ဘယ်ငှက်က ဘယ်နားရှိတယ်ဆိုတာနဲ့ ဘယ်သားကောင်က ဘယ်နားမှာရှိမလဲဆိုတာပါ သိနေခဲ့တယ်။ ကြည့်ရတာ သူမ တစ်ခုချင်းစီကို မှတ်မိနေတဲ့ပုံပဲ။

ထိုအခိုက်မှာပဲ သူမအမေ မသေခင်ပြောခဲ့တဲ့စကားတွေကို သူမ ယုံကြည်သွားတယ်။ သူမဖခင်က တကယ်ကို ပြိုင်ဘက်ကင်း စစ်သူကြီးတစ်ယောက်၊ တပ်မင်းဗိုလ်တစ်ဦး၊ ကြီးမြတ်တဲ့ စစ်သူကြီးတစ်ဦးပဲ။ မဟုတ်ရင် သူမဘယ်လိုလုပ် ဒီလောက်အသေးစိတ်ကျတဲ့ သစ်တောရဲ့ ပုံရိပ် မှတ်ဉာဏ်က စိတ်ထဲပေါ်လာမှာလဲ။

ထိုအချိန်လေးမှာ တစ်တောလုံးက သူမ အနိုင်တိုက်ရမဲ့ စစ်တလင်းလို့ စိတ်ထဲထင်နေခဲ့တယ်။

ဖုန်းအာလည်း ဒီတောနက်ထဲရောက်ဖူးတာကို တွေးမိသွားတော့မှ အရာအားလုံးက ရပ်တန့်သွားပြီး ငိုသံတွေနဲ့ အတူ ပျောက်ကွယ်သွားတော့တယ်။

ယခုလေးတင် တွေးထင်လိုက်တဲ့ အရာအားလုံးက အလွန်အမင်းဝမ်းနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ်မှုတွေလိုပဲ။

အမေ မသေခင်ကလိုပေါ့၊ အဖေ့ကို လောကကြီးရဲ့ သူရဲကောင်းအဖြစ် စိတ်ကူးယဉ်နေတာ။

ဒါပေမဲ့ အခု သူမ ဒီကိုရောက်လာခဲ့ပြီ။

သူမ မိခင်က စိတ်လွတ်နေတာလား ဒါမှမဟုတ် သူမကိုယ်တိုင်လည်း ပုံရိပ်ယောင်တွေ မြင်နေတာလား ဂရုမစိုက်နိုင်တော့ဘူး။ သူမ လာမှဖြစ်မယ်။

သူမ ခင်ပွန်းမရှိဘဲ မနေနိုင်ဘူး။ သူမ စပါးကြီးမြွေတစ်ကောင်ကို ရှာရမယ်။

သူမ တောထဲကို ဝင်ခဲ့ပြီးတော့ ထိုအရာတွေက ပုံရိပ်ယောင်မဟုတ်ကြောင်း ရှာတွေ့သွားတယ်။

သူမဒီကို တစ်ခါပဲရောက်ဖူးပေမဲ့ သူမစိတ်ထဲမှာ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ကျောက်တုံးတွေ လျှောချောက်တွေ ဘယ်နားရှိမလဲဆိုတာတောင် ကြိုသိနေခဲ့တယ်။ သူမက မြေပြန့်မှာ ပြေးနေသလိုမျိုး လျင်မြန်စွာ ပြေးသွားလိုက်တယ်။

တောထဲမှာ ယခင်က တောင်ပေါ်စမ်းချောင်းလေးဆီကို သွားလိုက်တယ်။ သူမစိတ်ထဲက ပုံရိပ်တွေအရ ကြီးမားတဲ့ စပါးအုံးမြွေကို ထိုစမ်းချောင်းအောက်မှာ ရှာတွေ့နိုင်လောက်တယ်လို့ ထင်မိတယ်။

စမ်းချောင်းနားက သိပ်မထင်ရှားတဲ့ ခြုံပုတ်လေးက သူမစိတ်ထဲပေါ်လာတယ်။

အဲဒီအချိန်တုန်းကတော့ တောဝက်သားကို ခုတ်ထစ်နေရင် သာမန်ကာလျှံကာပဲ အကြည့်တစ်ချက်ပေးလိုက်မိတာ။

ဒါပေမဲ့ အခုပြန်စဉ်းစားတော့ သူမ ရှင်းရှင်းလင်းလင်းကို မှတ်မိနေတယ်။

ဟိုးနှစ်တွေတုန်းက သမားတော်အိုကြီးက ကြီးမားတဲ့ စပါးအုံးမြွေတွေရဲ့ နေရာအနီးနားမှာ လျှာပုံသစ်ရွက်ချွန်တွေနဲ့ အပင်တစ်မျိုး ပေါက်လေ့ရှိတယ်လို့ ပြောခဲ့တယ်။ သူမ တကယ်ကို မှတ်မိနေသေးတယ်။

ပုံနဲ့ စကားလုံးတွေက တူနေတယ်။

ဒီတောင်ပေါ် စမ်းချောင်းအောက်မှာ စပါးအုံးမြွေကြီး ရှိရမယ်။

သူမ တစ်အောင့်လောက်အတွင်းမှာပဲ အပြေးသွားလိုက်တယ်။

တောင်ပေါ်စမ်းချောင်းက အစကတည်းက တောင်တစ်ဝက်လောက်မှာ ရှိနေတာ။ တောင်ပေါ်ကရေက ရေတံခွန်အဖြစ်ကျလာပြီး အောက်ကနေရာက ချောက်လိုဖြစ်နေတယ်။ နေ့ခင်းအချိန်မှာတောင် အေးမြနေပြီး တသီးတသန့်နေရာ ဖြစ်နေခဲ့တယ်။

ချင်လော့ရှားက စပါးအုံးမြွေ ထိုအောက်မှာရှိတယ်ဆိုတာ သေချာသွားတယ်၊ စပါးအုံးမြွေတွေက အပူကိုကြောက်ပြီးတော့ အရိပ်ရတဲ့နေရာကို ရှာကြမှာလေ။

သူမ ခင်ပွန်းကလည်း ထိုသို့ပြောခဲ့သလိုပဲ။

သူမ ခင်ပွန်းက ဗဟုသုတရှိပြီးတော့ အရာအားလုံးကို သိတယ်။

ပြီးတော့လည်း လျှာပုံစံအပင်ကလည်း အောက်မှာပေါက်နေသေးတယ်။ အရိုးက တုတ်ကာ ကြီးမားတဲ့စပါးအုံးမြွေကြီးက အဲဒီအပင်ကို ရစ်ပတ်ခွေကာ သွားနေပုံကို စိတ်ကူးကြည့်လိုက်တယ်။

မဲနေတဲ့ကျောက်တုံးတွေပေါ်က စိုစွတ်နေတဲ့ စွတ်ကြောင်းကလည်း စပါးအုံးမြွေကြီး နေ့တိုင်း အပြင်ထွက်ရာကနေ ကျန်နေတဲ့ အရာတွေဖြစ်လောက်တယ်။

ချင်လော့ရှားက စမ်းချောင်းဘေးမှာ ထိုင်စောင့်နေတယ်။

အရင်တစ်ခါက သူမဒီမှာထိုင်ပြီး တောဝက်သားကို ခုတ်ထစ်နေခဲ့တာ။

အဲ့တာ မနေ့ကတင်ပဲ။

သူမက ကံကောင်းတာကြောင့် ဝမ်းသာနေခဲ့ပြီး သူမမိသားစု အသားစားရတော့မှာကို ပျော်ရွှင်နေကာ ခင်ပွန်းက ဆူပူမှာလည်း စိုးရိမ်နေခဲ့တယ်။

အတိုချုပ်ရရင် အရင်က သူမ အားတွေပြည့်နေခဲ့တာ။

ဒါပေမဲ့ ယခုတော့ တစ်ခုခုက ကွာခြားသွားသလိုပဲ။

မနေ့ညက သူမသား သေမလိုဖြစ်သွားပြီး ခင်ပွန်းကလည်း သွေးအန်တာကို ကြုံလိုက်ရတော့၊ ချင်လော့ရှားက စမ်းချောင်းဘေးထိုင်ကာ လေတိုက်ခံနေပြီး တစ်ခါတစ်လေ ရေစက်လေးတွေ သူမပေါ်ပက်ဖျန်းလာတာကို ခံစားလိုက်တယ်။

ဟိုးအဝေးမှာ ထူထပ်တဲ့တောအုပ်ရှိပြီး နောက်မှာတော့ နက်စောက်တဲ့ ချောက်ကမ်းပါးရှိတယ်။

သူမက ကဗျာလည်း မဖွဲ့တတ်သလို အဝေးကိုလည်း မဟစ်အော်ရဲဘူး။ သူမလှဲနဲ့ပဲ ကျောက်ကမ်းပါးကို ထပ်ကာ ထပ်ကာ သွေးနေတယ်။ ထပ်ကာ ထပ်ကာ၊ ချောက်ကမ်းပါးစွန်းက နက်နဲတဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။

သူမဘာကိုတွေးနေမိမှန်းလည်း မသိတော့ဘူး။

တကယ်တော့ သူမစိတ်ဆန္ဒက ရိုးရှင်းပါတယ်။ ဝဝလင်လင်စား၊ နွေးနွေးထွေးထွေးဝတ်၊ သူမ မိသားစုကိုလည်း ဝဝလင်လင်စားစေချင်ကာ နွေးထွေးစွာ ဝတ်ရစေချင်တယ်။

ချောက်ကမ်းပါးမှာ အရာက ခုနစ်ခုမြောက်ဖြစ်လာတော့ ချင်လော့ရှားက လှုပ်ရှားခဲ့တယ်။

ဒီအချိန်မှာ သူမဟာ တောင်ပံဖြန့်ပြီး ပျံသန်းတော့မဲ့ လင်းယုန်လိုပဲ။

သူမက အောက်တည့်တည့်ခုန်ဆင်းသွားတယ်လို့ ထင်ရပေမဲ့ သူမရဲ့လှုပ်ရှားမှုတွေက အကျွမ်းတဝင်ရှိတယ်။ ခြေတစ်ဖက်က ကမ်းပါးကို ထိပြီးတော့ သူမခန္ဓာကိုယ်က လွင့်ပျံသွားကာ အလယ်မှာ နွယ်ပင်ကို ဆုပ်ကိုင်လိုက်တယ်။ နွယ်ပင်ရဲ့အားကို သုံးပြီးတော့ အရှေ့ကို ခုန်လိုက်တယ်။

ထွားကြိုင်းတဲ့ပုံရိပ်က လှုပ်ရှားမှုတချို့ပြီးတော့ နက်ရှိုင်းတဲ့ ကမ်းပါးအောက်ခြေနဲ့ ရောသွားသလို ပျောက်ကွယ်သွားတော့တယ်။

"ပကျိ~~~"
"ပကျိ~~~"

ဖြတ်သွားရင် တစ်ခါတစ်ရံ ငှက်တွေက အော်မြည်ခဲ့တယ်။

"ပေါက်~~"
"ပေါက်~~~"

ရေက ကျောက်တုံးပေါ် ကျနေတယ်။

"တောင်~~~"
"တောင်~~~"

ရေက နက်ရှိုင်းတဲ့ကန်ထဲကို တစ်စက်စက်ကျနေပြီး ပဲ့တင်သံထွက်နေခဲ့တယ်။

"ရွှီ~~~"

လေတိုက်တာကြောင့် သစ်ရွက်တွေ လှုပ်ခတ်ယိမ်းနွဲ့သွားတဲ့ အသံတွေ။

သဘာဝရဲ့ အသံတွေပေါ့။

ငြိမ်သက်အေးချမ်းနေတယ်။

ဒီလိုအသံတွေကို နားထောင်ရင် အိပ်ပျော်ဖို့လွယ်ကူပြီးတော့ အိပ်မပျော်တဲ့ရောဂါကို ကုသပေးနိုင်တယ်တဲ့။

ဒါပေမဲ့ ယခုဒီအသံတွေကတော့
သစ်တောထဲက ပဋိပက္ခဖြစ်နေတဲ့ အသံတွေကို ဖုံးအုပ်ထားတယ်။

တောရိုင်းဥပဒေရဲ့ အနှစ်သာရကို ဖုံးကွယ်ထားလေတယ်။

အားနည်းတဲ့သတ္တဝါကို သတ်ဖြတ်ကာ သူတို့ရဲ့သွေးတွေက စီးဆင်းလာတဲ့အခါ အသံတိုးတိုးထွက်လာမယ်။ ကျောက်တုံးပေါ် ကျရင်လည်း တပေါက်ပေါက်နဲ့၊ နက်ရှိုင်းတဲ့ ရေကန်ထဲ ကျသွားရင်လည်း တတောင်တောင်နဲ့ပဲ။

သေဆုံးခြင်းရဲ့ အသံကလည်း ခပ်တိုးတိုးပဲ၊ ပကျိ ပကျိ ပကျိ.. တိုးညင်းပြီး သေးငယ်တယ်။

ဓားနဲ့ အသားကို ခုတ်ထစ်ရင်လည်း တကယ်လို့သာ မြန်မယ်ဆိုရင် အဲ့တာကလည်း တရွှတ်ရွှတ်အသံလေးပဲ ထွက်လေတယ်။

အရိုးတွေ မာကြောတဲ့ အကြေးခွံတွေနဲ့ တိုက်မိရင်တော့ စူးရှတဲ့ အသံတွေ ထွက်ပေါ်လာလိမ့်မယ်။

နေက အနည်းငယ်စောင်းလာသောအခါ...

ချင်လော့ရှားက သွေးတွေရွှဲနေတဲ့ စပါးအုံးမြွေကြီးကို တောင်ပေါ်စမ်းချောင်းအောက်ခြေကနေ အပေါ်ဆွဲယူလာတယ်။

ငရဲကနေ ပြန်တက်လာသလိုမျိုး။

ဒါပေမဲ့ သူမမျက်နှာက အောင်နိုင်တဲ့အပြုံးက အောင်မြင်တဲ့ သူရဲကောင်းတစ်ဦး အိမ်ပြန်လာသလိုပဲ။

သူမရဲ့ သာမန်ရုပ်ရည်နဲ့တောင် ယခုအချိန်မှာတော့ တောက်ပနေခဲ့တယ်။

ရင်းနှီးနေတဲ့နေရာ...

စီးဆင်းနေတဲ့ရေကို အသုံးပြုပြီး သွေးတွေကို ဆေးကြောလိုက်တယ်၊ စပါးအုံးမြွေကြီးကို စပြီး အမဲဖျက်ခဲ့တယ်။

သူမကိုယ်မှာလည်း ဒဏ်ရာတွေအများကြီး ရှိနေပေမဲ့ ဒါတွေဟာ သူမရဲ့ ပျော်ရွှင်ကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ပါဘူး။

သူမ လုပ်နိုင်ခဲ့ပြီ။
သူမ လုပ်နိုင်တယ်။

ယခင်ကတော့ သူမကိုယ်သူမ အရပ်ရှည်၊ သန်မာပြီး ထွားကျိုင်းနေတာကို အထင်သေးခဲ့ကာ အများနဲ့ ကွဲထွက်နေတာကို ရှက်ရွံ့ခဲ့တယ်။ သူမ အမြဲတမ်း သူများတွေနဲ့ တူညီဖို့ လုပ်နေခဲ့ကာ လူအုပ်ထဲမှာဆိုရင် မသိလိုက်ပါဘဲ သူမခေါင်းကိုငုံ့ထားကာ လက်ပြင်ကို ကုန်းထားမိတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ စိတ်ထဲမှာ စပါးအုံးမြွေကြီးကို ဖမ်းဖို့ သေချာစီစဉ်ခဲ့ကာ မှန်းထားခဲ့တဲ့အတိုင်း အောင်မြင်သွားတော့ သူမ ရုတ်တရက် အလွန်ကို ယုံကြည်ချက်တွေ ရှိလာတယ်။

သူမဟာ မသန့်စင်တဲ့ သွေးနှောတစ်ယောက် မဟုတ်ဘူး။ သူမ မိခင်ဟာလည်း ရူးနှမ်းမနေဘူး။ သူမ ဖခင်အရင်းက ပြိုင်ဖက်မရှိတဲ့ သတ္တိပြောင်မြောက်တဲ့ သူရဲကောင်းပဲ။ သူမသည်လည်း ဖခင်ရဲ့ ရဲစွမ်းသတ္တိကို အမွေရထားတယ်။

သူမခင်ပွန်းနဲ့ လက်ထပ်ခဲ့တာက သူ့ကို အရှက်မရစေဘူး။

အရင်ကတော့ သူမက တခြားသူတွေထက် နည်းနည်းပဲ ပိုသန်မာတာ။ ဒါပေမဲ့ ယမန်နေ့ညကို ကျော်ဖြတ်ပြီးသွားတော့ သူမ ခင်ပွန်းပြောသလိုပဲ - သေခြင်းရှင်ခြင်းကြား ရုန်းကန်ခဲ့ရသူက သူတို့ရဲ့ စွမ်းပကားကို အမြင့်ဆုံးသုံးနိုင်တယ် ဆိုတာပဲ ဖြစ်ရမယ်။

ဒါက ယခုသူမ ဘယ်လိုခံစားရသလဲ ဆိုတာပါပဲ။ သူမက အရမ်းအားသန်လာရုံမက သူမရဲ့ စိတ်သဘောထားကလဲ ကွဲပြားသွားပြီ။ သူမ မြင်ဖူးခဲ့တဲ့အရာမှန်သမျှကို သေချာစဉ်းစားလိုက်ရုံနဲ့ ရှင်းရှင်းလင်းလင်း ပြန်မှတ်မိနိုင်နေတယ်။

ချင်လော့ရှားက စပါးအုံးမြွေကြီးကို လျင်မြန်စွာ အမဲဖျက်လိုက်တယ်။

မြွေသည်းခြေကို သေချာထုတ်ယူလိုက်ပြီး သီးခြားသိမ်းထားလိုက်တယ်။

ထို့နောက် ရေတံခွန်အောက်မှာ သူမကိုယ်ပေါ်က သွေးစတွေကို ဆေးကြောလိုက်တယ်။

အခုချိန်က အရမ်းပူနေတာ။ သူမ အိမ်ပြန်ရောက်ချိန်ဆိုရင် ခြောက်သွေ့သွားမှာပါ။

ရေကန်ဘေးမှာ သူမဆံပင်က ရေကိုညှစ်နေတယ်၊ နက်ရှိုင်းတဲ့ ရေကန်ကဆံပင်ရှည်နဲ့ အမျိုးသမီးတစ်ယောက် ပုံရိပ်ကို ပြသနေတယ်။

တစ်ခဏလောက် စဉ်းစားလိုက်ပြီးတော့ သူမရဲ့ ဖြစ်တည်မှုကို ဖုန်းကွယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။

သူမခင်ပွန်းက သာမန်စာပေပညာရှင်တစ်ယောက်ပဲလေ။ သူမက အစကတည်းက ထွားကျိုင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေပြီးသား။ ရွာထဲက အဘွားကြီးတွေက ပြောကြတယ်။ "ခင်ပွန်းဖြစ်သူကို ဇနီးက နိုင်နေရင် ဒီအိမ်ထောင်ရေးက ပျက်စီးမှာပဲ"

ပြီးတော့ သူမခင်ပွန်းရဲ့ မိခင်ကတော့ ဟန်အများဆုံးပဲ။

ဒါပေမဲ့လည်း ချင်လော့ရှားက သူမခင်ပွန်းက မိခင်ဖြစ်သူကို စိတ်ထဲမှာတော့ တကယ်ချစ်ရှာတယ်လို့ ထင်မိတယ်၊ ဒါကြောင့် သူက ကလေးတွေကို အလွန်ပဲ ကောင်းမွန်စွာ ဆက်ဆံတယ်၊ သူတို့အပေါ် လက်လည်း မပါဖူးသလို ကြမ်းကြမ်းတမ်းတမ်းတောင် မပြောဖူးဘူး။

သူမခင်ပွန်းနှစ်သက်တာက ညင်သာပြီး ဂုဏ်ရှိတဲ့ မိန်းမမျိုးပဲ။

သူမရဲ့ တကယ့်သဘာဝကို လောလောနဲ့ ဖော်ထုတ်လိုက်လို့ မဖြစ်ဘူး၊ မဟုတ်ရင် သူမ ခင်ပွန်းကို ကြောက်ရွံ့သွားစေလိမ့်မယ်။

သူမကိုယ်ပေါ်က သွေးစတွေနဲ့ ဒဏ်ရာတွေကို သန့်စင်ပြီးသွားတော့ ချင်လော့ရှားက သူမ အတွေးတွေကိုလည်း စီစဉ်ပြီးသွားတယ်။

ပြီးနောက် စပါးအုံးမြွေသားကို သစ်ရွက်ကြီးတွေနဲ့ ကျွမ်းကျင်စွာ ထုပ်ပိုးကာ ဝါးခြင်းတောင်းထဲ ထည့်လိုက်တယ်။ အပေါ်ကနေ ဟင်းသီးဟင်းရွက်တွေကို အယောင်ပြဖုံးအုပ်လိုက်တယ်။

အိမ်ကို အပြေးပြန်ရင်းနဲ့ သူမခင်ပွန်းသာ သေနိုင်လောက်အောင် အဆိပ်ပြင်းတဲ့ မြွေရဲ့ သည်းခြေကို စားပြီးသွားရင် သူ့ကျန်းမာရေးက ပိုအားကောင်းလာပြီး သူတို့ နောက်ထပ်ကလေးတစ်ယောက်လောက်တောင် ရနိုင်ခြေရှိတယ်လို့ တွေးနေမိတယ်။ သူမသား ဖုန်းအာက တစ်ဦးတည်းသားဖြစ်ရတာ အရမ်းအထီးကျန်နေမှာ၊ ရန်ဖြစ်ရင် သူ့ကိုကူမဲ့သူ မရှိဘူးလေ။

အားကောင်းတဲ့ပုံရိပ်တစ်ခုက တောထဲကနေ ဖြတ်သန်းသွားခဲ့တယ်။

အမွှေးထူဝက်ဝံကြီးတောင်မှ သူ့ဂူထဲကို ပြန်ကျုံ့ဝင်သွားတယ်။

"ပကျိ~~~"
"ပကျိ~~~"

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now