Chapter 39

1.2K 174 0
                                    

အခန်း (၃၉)

...

ချင်းယွင် ဘုရားကျောင်း။

ရွှေနဲ့ ထုဆစ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်က ပါးပေါ်မှာ ပါးချိုင့်တွေရှိပြီးတော့ မျက်ဝန်းတွေက သနားကြင်နာမှုတွေနဲ့ ပြည့်နေတယ်။

နှစ်တစ်ရာသက်တမ်းရှိတဲ့ ဘုရားကျောင်းက အမွှေးတိုင်နံ့တွေနဲ့ လွှမ်းခြုံထားတယ်။

ဘုရားကျောင်းထဲကို ဝင်လိုက်တာနဲ့ နွေရာသီရဲ့ အပူရှိန်အားလုံးပျောက်ကွယ်သွားတယ်။

လူ့ကိုယ်ပေါ်က  မသက်သာမှုတွေလည်း ဘုရားကျောင်းထဲ ဝင်လိုက်တာနဲ့ အေးချမ်းသွားတယ်။

အဘွားအိုက ဒီဘုရားကျောင်းရဲ့ အမွှေးတိုင် ဝယ်နေကျသူတစ်ဦးပဲ၊ သူမရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ရက်ရောကာ သူမ လာတိုင်း အများကြီး လှူလေ့ရှိတယ်။

သူမကို ကြိုဆိုနေတာက သက်လတ်ပိုင်း ဘုန်းကြီးတစ်ပါးပဲ။

ဘုန်းတော်ကြီးက စကားပြောညက်ကာ စကားလုံးတွေမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ အဘွားအိုရဲ့ သွင်ပြင်ကို ပိုပြီး ညင်သာသွားစေတယ်။

ကျန်းဝမ်လည်း ဂရုတစိုက်နဲ့ နားထောင်လိုက်တယ်။

ဘုရားကျောင်းထဲကို ဝင်မှတော့ သူတို့က အမွှေးတိုင်ထွန်းကာ ဘုရားကို အရင်ကန်တော့ရတာပေါ့။

ကျန်းဝမ်နဲ့ သူ့အဘွားတို့က လက်ဆေးမျက်နှာသစ်ကာ ဘုရားရှေ့ကို သွားလိုက်တယ်။

အဘွားအိုအတွက် ထိုင်ဖို့ ကူရှင်ကို အထူးတလှယ် ပေးထားတယ်။

ငယ်ရွယ်သေးပေမဲ့ ကျန်းဝမ်ကလည်း လေးစားဖို့ကောင်းအောင် ပြုမူတယ်၊ အလွန်တရာကို ကိုးကွယ်ယုံကြည်လေတယ်။

ကြီးမားတဲ့ ဗုဒ္ဓဆင်းတုက မြေးအဘွားနှစ်ယောက်ကို ကြင်နာမှုအပြည့်နဲ့ ကြည့်နေခဲ့ကာ အလွန်ရင်းနှီးနေတယ်။

အဘွားအိုက ၁၈ လုံးပုတီးကို ကိုင်ကာ ဘုရားစာတွေကို တိတ်တဆိတ် ရွတ်ဖတ်နေတယ်။

ရွှေရောင်ဆင်းတုက မြင့်မားစွာ အုပ်မိုးထားတယ်။

အစိမ်းရောင်ဝတ် မိန်းမပျိုလေးက ညင်သာသိမ်မွေ့တယ်။

ဗုဒ္ဓဆင်းတုက တောင်တစ်တောင်လို မြင့်မားတယ်။

မိန်းမပျိုလေးက တည်တည်ငြိမ်ငြိမ် ဒူးထောက်ခစားနေတယ်။

ဗုဒ္ဓရှေ့မှာ အမွှေးတိုင်က မီးခိုးငွေ့က ပျံတက်သွားတယ်။

မိန်းမပျိုလေးက စိတ်ရင်းနဲ့ ကျမ်းဂန်တွေကို ရွတ်ဖတ်ပူဇော်နေတယ်။

မိန်းမပျိုလေးရဲ့ အသံက သိမ်မွေ့ကာ နားထောင်ကောင်းတယ်။

ဗုဒ္ဓက ပြည့်ဝတဲ့ အပြုံးနဲ့ နားဆင်နေတယ်။

ကျန်းဝမ်က ယုံယုံကြည်ကြည်နဲ့ ကန်တော့လိုက်တယ်။ သူမ စိတ်ထဲမှာ နားမလည်နိုင်တာတွေလည်း ရှိနေသေးတယ်။

သူမက ဘုရားစာရွတ်နေချိန်မှာပဲ စိတ်အေးချမ်းလေတယ်။

ကြီးမားတဲ့ ဆင်းတုကြီးကို ငေးကြည့်နေရင်း ရုတ်တရက် ခုနက ဈေးသည်လက်ထဲက ကလေးလေးပုံရိပ်က သူမ စိတ်ထဲပေါ်လာတယ်။

ကလေးလေးကြည့်ရတာ မျက်ရည်စတွေနဲ့ သူမကို ကြည့်နေတဲ့ပုံပဲ။

ရုတ်တရက် သူမ မှတ်မိသွားတယ်။

အဲ့ကလေးကို သူမ အရင်က မြင်ဖူးတယ်။

ကျန်းယွီကို သွားတွေ့တုန်းက ဘေးက ကလေးကိုထည့်ထားတဲ့ သစ်သားဇလုံထဲကို လှမ်းကြည့်လိုက်တယ်။ ကလေးရဲ့ အင်္ကျီတွေက အစတွေကို ပေါင်းချုပ်ထားပြီး ကလေးလေးက အရမ်းဖြူလျော်နေတယ်။

သူမ ဆက်မကြည့်လိုက်ဘူး၊ မသိစိတ်ထဲမှာ အဲ့ကလေးက ကြာကြာအသက်ရှင်မှာ မဟုတ်ဘူးလို့ ခံစားမိခဲ့တယ်။

ထိုမြင်ကွင်းကို သူမ ပြန်တွေးလိုက်တော့ ကုန်းကန်တော့နေတဲ့ အမျိုးသမီးရဲ့ နောက်က ခြင်းတောင်းထဲကနေ ကျန်းယွီရဲ့ အဝတ်တွေလို ဖျင်ကြမ်းစ ထွက်နေတာကို သတိရသွားတယ်။

ထိတ်လန့်မှုကြောင့် ဖြူလျော်သွားခဲ့တယ်။

သူမရဲ့ တောင့်မတ်နေတဲ့ ကျောပြင်က ဒူးထောက်တဲ့ ကူရှင်ပေါ်ကို ပြိုလဲသွားတော့မလို့။

သူမ မျက်ဝန်းတွေကို တင်းတင်းပိတ်ထားလိုက်ပြီး ဗုဒ္ဓရဲ့ မျက်လုံးထဲကို မကြည့်ဝံ့တော့ဘူး။

သူမ ဗုဒ္ဓကျမ်းဂန်ကို ထပ်ကာထပ်ကာ မြန်မြန်ရွတ်နေပြီး အသံက ပြတ်တောင်ပြတ်တောင်း ဖြစ်နေတယ်။

ဗုဒ္ဓကျမ်းကို သုံးခါလောက်ရွတ်ပြီးတော့မှ သူမက သူမရှေ့က ဗုဒ္ဓရဲ့ မျက်နှာတော်ကို မျက်လုံးဖွင့်ကြည့်လိုက်တယ်။

ပြုံးနေတဲ့ ဗုဒ္ဓမျက်နှာတော်က ရုတ်တရက် ကလေးရဲ့ ပုံရိပ်အဖြစ်ပြောင်းသွားကာ ရယ်မောနေတဲ့ ဗုဒ္ဓရဲ့ မျက်လုံးကနေ မျက်ရည်တွေ ကျလာတယ်။

မျက်ရည်စက်တွေက သူမ ခေါင်းပေါ်ကို လေးလံစွာ ကွဲကြေတော့မတက် ကျလာတယ်။

ကျန်းဝမ်ရဲ့ နဖူးကနေ ချွေးတွေထွက်လာတယ်။

သူမ ဘုရားစာကို ဆက်ရွတ်လိုက်တယ်။

"အဆင်းသဏ္ဌာန်အားလုံးသည် အတုအယောင်ဖြစ်ကြသည်။ ဘုရားလောင်းသည် ငါ၏ရုပ်သဏ္ဌာန်ရှိ၍ လူဖြစ်ကုန်သော သတ္တဝါတို့၌ အသက်ရှည်ခြင်းရှိလျှင် ဘုရားလောင်းမဟုတ်၊ အလုံးစုံသော အဆင်းသဏ္ဌာန်တို့သည် အိပ်မက်များ ပူဖောင်းများ နှင်းမှုန်နှင့် လျှပ်စီးကြောင်းကဲ့သို့ ဖြစ်ကြကုန်သည် - ထိုသို့သော စိတ်ကို စောင့်ရှောက်အပ်ကုန်၏။ ..."

သူမက ထပ်ခါတလဲလဲ ရွတ်တယ်။

ဗုဒ္ဓရှေ့ ဒူးထောက်ပြီး ကျန်းယွီနဲ့ သူ့ညီမလေးတို့ အန္တရာယ်ကင်းဖို့ စိတ်ရင်းနဲ့ ဆုတောင်းခဲ့တယ်။ သူမတကယ် မဖြစ်စေချင်ပါဘူး၊ သူမ သတိမထားမိခဲ့ရုံပါ။ ဒါကလည်း ကံတရားပဲ ဖြစ်ရမယ်၊ တကယ့်ကို ပြောင်းလဲဖို့ ခက်ခဲတယ်။

သူမရဲ့ ဖြူလျော်နေတဲ့ မျက်နှာမှာ အရောင်အဆင်း ပြန်ရောက်လာတယ်။

ဗုဒ္ဓက ကြင်နာတဲ့မျက်ဝန်းတွေနဲ့ ပြုံးပြလေတယ်။

မိန်းမပျိုလေးက ဗုဒ္ဓရှေ့မှာ ယုံကြည်စွာနဲ့ ဒူးထောက်နေတယ်၊ အားနည်းကာ ရိုကျိုးလေတယ်။

...

ကျန်းမြန့်မြန့်က ခြင်းထဲ လှဲနေရင်း သူမလက်ချောင်းတွေကို အားမရှိစွာ စုပ်နေတယ်။

ကူကယ်ရာမဲ့စွာနဲ့ မော့ကြည့်လိုက်တယ်။

သူမကို ဖုံးထားတဲ့ အဖုံးက ကျပ်နေတာ ကန်ဖွင့်လို့ မရဘူး။

ကံကောင်းတာက ဝါးနဲ့ ယက်လုပ်ထားတာကြောင့် လေတော့ ဝင်နေသေးတယ်၊ မဟုတ်ရင် သူမ အသက်ရှူကျပ်နေမှာ။

တစ်ခုတည်းသော စိတ်သက်သာရာက အဖုံးပေါ်မှာ ပုရွက်ဆိတ်လေးတွေ အများကြီးက ကိုက်ဖြတ်နေကြတာပဲ။

ရှောင်ဟေးက ပုရွက်ဆိတ်လေးတွေကို စေခိုင်းလိုက်တယ်။ သူ့ရဲ့ ဦးမျှင်လေးနဲ့ သူမကို နှစ်သိမ့်ပေးနေသလိုမျိုး တစ်ခါတစ်ခါ သူမလက်ချောင်းလေးတွေကို လာလာထိခဲ့တယ်။

ခြင်းက လှုပ်ယမ်းနေတာကြောင့် သူမတို့ ရှေ့ဆက်သွားနေမှန်း သိလိုက်တယ်။

ဈေးရောင်းသူနဲ့ သူ့မိန်းမတို့ စကားပြောနေတာကို သူမကြားရတယ်။

"အဖေကြီး၊ ရှင်ခံနိုင်သေးလား။ နေလို့ မကောင်းဘူးလား။ ခဏလောက် သည်းခံလိုက်ပါဦး၊ ကျွန်မတို့ နောက်ခရိုင်တစ်မြို့ကို ရောက်လုပြီ"

"ငါ သည်းခံနိုင်ပါသေးတယ်"

"အင်း၊ ဂေဟာက မိန်းကလေးတွေက သေတာမြန်ကြလို့ မိန်းကလေးတွေ လိုနေတယ်။ ဒီ ၂ ယောက်ကို ရောင်းရင် ငွေစ ၂၀ လောက် ရနိုင်တယ်။ ကွမ်အာဖို့ ဆေးနှစ်ဝက်စာလောက် ရနိုင်ပါတယ်"

"အဖေကြီး၊ ရှင် ရသေးလား။ လမ်းက မလုံခြုံဘူး၊ ကျွန်မတို့ မြန်မြန်သွားရမယ်"

"ကျွမ်းအာ၊ ကျွမ်းအာ ငါ တကယ် မောနေပြီ၊ ခဏလောက် နားရအောင်။ ငါတို့က ဈေးသည် ၂ ယောက်ပဲဟာ၊ ဓားပြတွေက ငါတို့ကို စိတ်မဝင်စားပါဘူး"

သယ်လာတဲ့ ဝါးလုံးကို ဘန်းခနဲ ပစ်ချလိုက်တယ်။

အကိုက်ခံထားရတဲ့ ဈေးသမားလေးက မြေကြီးပေါ် ထိုင်ချလိုက်တယ်။

သူ့ကို ဘာအဆိပ်ရှိတဲ့ အကောင်ကိုက်သွားမှန်းမသိဘူး။ အခု သူ့ရင်ဘတ်က တင်းကျပ်နေကာ လမ်းလျှောက်ရင် အသက်ရှူရခက်လေတယ်။

"ကျွမ်းအာ၊ ငါ့နောက်ကျောကို ကြည့်ပေးပါဦး"

သူ့အင်္ကျီကို လှန်လိုက်တယ်။

အမျိုးသမီးက ခြင်းတောင်းကို ချပြီး လှည့်ကြည့်လိုက်ကာ သူမမြင်လိုက်ရတာကြောင့် ထိတ်လန့်သွားတယ်။ ပထမကတော့ အဖုတစ်ချို့ပဲ၊ အခုတော့ ကျောတစ်ပြင်လုံးက ထူအန်းနေပြီ။

"အဖေကြီး၊ ရှင်ဆေးရော ရောင်းတယ်မလား။ ပိုးမွှားအကိုက်ခံရတာအတွက် ဖြေဆေးပေးလိုက်"

"အတုတွေလေ၊ အသုံးမဝင်ဘူး" ဈေးသည်က တင်းကျပ်စွာ မျက်မှောင်ကြုတ်ထားလိုက်တယ်။

အဖုံးက ကလန်ခနဲ ပြုတ်ကျသွားပြန်တယ်။

ဈေးသည်လေးက နာကျင်မှုပိုဆိုးလာတယ်။

ကျွမ်းအာက ဒေါသပေါက်ကွဲသွားတယ်။

"ငါပြောသားပဲ လည်ပင်းညစ်သတ်လိုက်လို့၊ ဒီလောက် ပိုက်ဆံကုန်မဲ့ဟာလေးက ရောင်းလို့ရော ရမှာလား"

သူမက တောင်းဆီသွားကာ လုပ်တော့မလို့ပဲ။

ဒါပေမဲ့ လန့်ပြီး နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တယ်... သရဲတွေ့လိုက်ရသလိုပဲ။

သူမက ကလေးကို အုပ်ထားတဲ့ အဝတ်တွေက သူမခင်ပွန်းရဲ့ အင်္ကျီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အနီးကပ် ကြည့်လိုက်တော့ အဲဒီအောက်မှာ အုံခဲနေတဲ့ ပုရွက်ဆိတ်တွေ၊ ကလေးကို သယ်မ,ထားသလိုပဲ။

ကြမ်းကြုတ်တဲ့ အမျိုးသမီးက ပြေးလာတာမြင်တော့ ကျန်းမြန့်မြန့်က လန့်ဖျပ်သွားကာ သွားပြီလို့ ထင်လိုက်တယ်။ သူမက ငိုဖို့ မထိန်းနိုင်တော့ဘူး။ "အား.... ဝါး..."

ကြည်လင်ကျယ်လောင်တဲ့ ကလေးငိုသံက တောအုပ်ထဲ ပဲ့တင်သွားတယ်။

...

တောအုပ်ထဲက မကောင်းတဲ့အကြံနဲ့ လူငယ်လေးအချို့က စုတ်စုတ်ပြတ်ပြတ်နဲ့ ဈေးရောင်းသမား ၂ ယောက်သာ ဖြစ်ကြောင်း တွေ့လိုက်ရလေတယ်။

လူငယ်လေးတွေက ဆင်းရဲပြီး ကိုင်တွယ်ရခက်တဲ့ ဈေးသည်တွေကို ဓားပြမတိုက်သင့်တာ သိကြပါတယ်။ ဒီလိုလူတွေက ဆုံးရှုံးစရာ ဘာမှမရှိသလို ကြမ်းတမ်းစွာ ပြန်တိုက်တတ်တာကြောင့် နောက်ဆုံးမှာ ဘယ်သူသေမလဲဆိုတာ ဓားပြတွေတောင် မသိပါဘူး။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကလေးငိုသံကို ကြားလိုက်ရတယ်။

ဘယ်ဈေးသည်က ဒီလောက်ကလေး ငယ်ငယ်လေးကို ဈေးရောင်းရင်းခေါ်လာမှာလဲ။

ပြန်ပေးသမားတွေ။

တုန်းဇီက သူတို့အားလုံးထဲမှာ မထိန်းချုပ်နိုင်ဆုံးပဲ။ သူ့ညီမလေးကို လူကုန်ကူးသမားတွေဖမ်းသွားကာ ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။

"လောင်တ၊ တောင်တ၊ ကျွန်တော် သွားကြည့်လိုက်မယ်" တုန်းဇီက ဓားပြားကြီးကို ကိုင်ကာ မျက်နှာရဲလာတယ်။

ခေါင်းဆောင်ရဲ့ အဘောတူညီမှုကို မစောင့်ဘဲ လူငယ်လေးတစ်ယောက်က အရင်ထွက်ခဲ့တယ်။

ပြီးတော့ သူတို့ကိုယ်သူတို့ မိုက်တိမိုက်ကန်းပုံစံဖြစ်နေတယ် ထင်တဲ့ လူငယ်လေးတွေက တွန်းထိုးပြီး ထွက်လာကြတယ်။

ဓားပြ ၄ ယောက်ကတော့ သူတို့ကို မတားဘဲ ဆက်ထိုင်နေကြတယ်။

ဝင်မပါခင် ယုန်ပေါက်လေးတွေကို သင်ခန်းစာပေးသင့်တယ်လေ။

တောထဲကနေ လူတွေထွက်လာတာမြင်တော့ ကျွမ်းအာက ဝါးလုံးကို ကိုင်ကာ သူမ မိသားစုကို ကာလိုက်တယ်။

ဈေးသည်လေးက နာကျင်မှုကို အံတုကာ မတ်တတ်ရပ်လိုက်ပြီး သူ့ပစ္စည်းတွေထဲက ထိပ်ဦးချွန်နဲ့ လက်ကိုင်တုတ်ကို ယူလိုက်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။

လျှပ်တစ်ပြက်အတွင်းမှာပဲ လင်မယား ၂ ယောက်က တစ်ယောက်နဲ့တစ်ယောက် မှီခိုကာ တိုက်ခိုက်ဖို့ ပုံစံပြင်လိုက်တယ်။

အဲဒီမှာရပ်နေတာကိုကြည့်ရင် ဘယ်သူက ဓားပြမှန်းတောင် မခွဲနိုင်ဘူး။

ကျန်းဖုန်းက ရင်းနှီးနေတဲ့ ငိုသံကို ကြားလိုက်ရကာ ရူးသွားတော့မလိုပဲ။

သူက ရှေ့ဆုံးကနေ ပြေးသွားလိုက်တယ်။

တောင်းထဲက ကလေးက မြန့်မြန့်ဖြစ်နေတာကို မြင်တော့ သူ့လှံနဲ့ နောက်ထပ်ခြင်းတောင်းတွေကို ဖွင့်ကြည့်လိုက်ကာ ခြင်းတစ်ခုမှာ ရှောင်ကျန်းယွီကို တွေ့လိုက်ရတယ်။

ကျန်းဖုန်းတစ်ယောက် ဖြူဖျော့သွားပြီး နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဈေးသည်တွေကို ကြည့်လိုက်တယ်။

လူပုလေးဖြစ်ပေမဲ့ ဈေးသည်က တုတ်ခိုင်တဲ့ လက်မောင်းတွေ ခြေထောက်တွေနဲ့ အလွန်သန်မာကာ တိုက်ခိုက်နိုင်ပုံပဲ။ မိန်းမကြီးရဲ့ လက်မောင်းတွေကလည်း တုန်းဇီထက် ၂ ဆလောက် ပိုတုတ်တယ်။

တောင်းထဲမှာ လှဲနေတဲ့ မြန့်မြန့်က အံ့ဩပြီး ငိုဖို့မေ့သွားတယ်။ အစ်ကိုကြီးရဲ့ လုပ်ငန်းက ဒီလောက်ကျယ်ပြန့်လိမ့်မယ် ထင်မထားဘူး၊ ကောင်မလေးတွေကို သွားနှောင့်တာအပြင် တောလမ်းမှာပါ ဓားပြတိုက်နေပြီလား...

သူမ ငိုရမလား၊ ရယ်ရမလား၊ ပျော်ရမလားတောင် မသိတော့ဘူး။

"မင်းတို့က လူကုန်ကူးသမားတွေပဲ၊ ငါတို့ ရုံးတော်ကို တိုင်ရမယ်" လူငယ်လေးတစ်ယောက်က အနောက်ကနေ ဒူးတုန်နေရင်း အော်လိုက်တယ်။ သူသည်လည်း လှံကို ကိုင်ထားပေမဲ့ သူ့ဟာသူ လဲကျပြီး အရှက်တကွဲ မဖြစ်အောင်ဘဲ လမ်းလျှောက်တုတ်အနေနဲ့ သုံးနေရတယ်။

နောက်က လူမိုက်တွေက ရယ်လိုက်ကြတယ်။ ရုံးတော်ကိုတိုင်မယ်။ ဘယ်သူ့ကို ဖမ်းဖို့လဲ။

ကျန်းဖုန်းက ရှောင်ကျန်းယွီ ခြင်းတောင်းထဲမှာ ကွေးကွေးလေး လဲနေတာကို ကြည့်ရင်း ဒေါသထွက်နေတယ်၊ ပုံမှန်တော့ လေအရမ်းထွားတာ အခုတော့ ကုန်စည်စလွယ်လိုမျိုး ခြင်းတောင်းထဲ ပစ်ထည့်ထားခံရတယ်။

ငိုနေတဲ့ ပေါက်စီလုံးလေးကလည်း အစောကတော့ အကျယ်ကြီး အော်ငိုနေပေမဲ့ သူ့ကို တွေ့တော့ ငိုတာရပ်သွားကာ မျက်ရည်စတွေပဲ ကျန်တော့တယ်။ သူမက အစ်ကိုကြီးဖြစ်တဲ့ သူ့ကို မှတ်မိတယ်။

ကျန်းဖုန်းရဲ့ ပုံမှန်အကျင့်ကတော့ သူများတွေကို ဦးဆောင်စေပြီး သူက နောက်ကနေမှ လိုက်လုပ်တယ်။

ဒါကြောင့် သူတို့အုပ်စုက တုန်းဇီကိုတော့ လေးစားကြပေမဲ့ ကျန်းဖုန်းနဲ့ ပိုပြီး ဆက်ဆံရေးကောင်းလေတယ်။

"ရုံးတော်ကို တိုင်ဖို့မလိုပါဘူး။ လူကုန်ကူးသမားတွေကို အမေးအမြန်းမရှိ သတ်မိန့်ရှိတယ်၊ မြင်တွေ့တဲ့သူတိုင်းကို နေရာတင် သတ်လို့ရတယ်" ကျန်းဖုန်းက အော်ပြောလိုက်ပြီး လှံကိုကိုင်ကာ ရှေ့ထွက်တိုက်လိုက်တယ်။

လူငယ်လေးတွေကလည်း သူနဲ့အတူ ထွက်တိုက်ခဲ့တယ်။

နောက်ကျန်နေတဲ့ သုံးယောက်ကလည်း မျက်လုံးမှိတ်ကာ ရမ်းသန်းတိုက်လိုက်တယ်။

သူတို့မှာ လူ ၆ ယောက်ရှိပြီး ပြန်ပေးသမားတွေက ၂ ယောက်တည်းပေမဲ့ ရက်စက်လေတယ်။

ပထမဆုံးအချက်မှာတင် တုန်းဇီက လွင့်သွားအောင် အကန်ခံလိုက်ရပြီးတော့ မန်ထိုရဲ့မျက်နှာကတော့ ကွဲပြဲသွားကာ သွေးတွေထွက်လာခဲ့တယ်။

သူတို့ ရန်ဖြစ်ခဲ့ကြဖူးပေမဲ့ လူတော့ မသတ်ဖူးခဲ့ဘူး။

ကျန်းဖုန်းလည်း အတူတူပဲ။

သူအရင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူး။

ဒါပေမဲ့ သူ့လှံက ဈေးသည်ရဲ့ ကိုယ်ထဲကို တည့်တည့်ပဲ ထိုးလိုက်တယ်။

ပြန်ဆွဲထုတ်လိုက်တော့ သွေးစ အသားစတွေ ပါလာတယ်။

ထပ်ထိုးကာ ထပ်ဆွဲထုတ်လိုက်တယ်။

"ဇွပ် ဇွပ်" တည်ငြိမ်စွာနဲ့ပဲ။

အစကတော့ သူ မရင်းနှီးဘူး၊ လှံထိပ်ဦးက အဝတ်ကို ဖြတ်ကာ အသားထဲကို။ ထို့နောက် အရိုးထဲထိ ဝင်သွားတဲ့ ခံစားချက်နဲ့ အသားမကျဘူး။

တဖြည်းဖြည်းနဲ့ လိုက်လျောညီထွေဖြစ်လာတယ်။

သူ ယခင်က အမဲလိုက်ဖူးတယ်လေ။

သစ်သားကို ထိပ်ချွန်အောင်လုပ်ထားတဲ့ အသားလှံတံကို သုံးခဲ့တယ်။

ထိုးချက်တိုင်းမှာ လတ်ဆတ်တဲ့ သွေးတွေ ပန်းထွက်လာတယ်။

သူလည်း ဒဏ်ရာရပေမဲ့ တစ်ဖက်ကတော့ ပိုအခြေနေဆိုးတယ်။

သူ့လက်မောင်းက အမျိုးသမီးရဲ့ တုတ်နဲ့ ပြင်းထန်စွာ အရိုက်ခံလိုက်ရကာ အရိုးအက်သွားတယ်လို့ ခံစားလိုက်ရတယ်။

ဒါပေမဲ့ သူ့လှံကို မြဲမြံစွာ ကိုင်ထားဆဲဖြစ်ကာ ဆက်ဆက် ထိုးနေတုန်းပဲ။

အဆုံးမှာ သူက အော်လိုက်တယ်။ "လူမသတ်ရဘူး၊ ငါလူမသတ်ရဘူး၊ ငါလူသတ်လို့ မရဘူး"

ဈေးသည်လေးနဲ့ သူ့မိန်းမတို့က မြေကြီးပေါ် လဲနေပြီး ကိုယ်ပေါ်မှာ အပေါက်တွေနဲ့ သွေးထွက်နေပေမဲ့ မသေသေးဘူး။ ကြည့်ရတာ လှံကိုသုံးခဲ့တဲ့ လူငယ်လေးက ဆေးပညာ အကြောနေရာတွေကို သိထားပုံရတယ်၊ အချက်တိုင်းက နက်ပေမဲ့ တကယ်လို့သာ နေရာနဲနဲလေးတောင် လွဲသွားရင် သူတို့ သေသွားနိုင်တယ်။

ဒါပေမဲ့ လှံကိုင်ထားတဲ့ လူငယ်လေးကတော့ သူတို့ကိုယ်ထဲကို တဇွပ်ဇွပ် ထိုးနေတုန်းပဲ...

ဆယ်ကျော်သက်လေး ၅ ယောက်ကလည်း မြေကြီးပေါ် လဲနေပြီ။

တောနက်ထဲက ဓားပြလေးယောက်က အံ့အားသင့်စွာနဲ့ မတ်တတ်ရပ်လိုက်မိတယ်။

ရူးသွပ်စွာ လှံကိုင်ပြီး တိုက်ခိုက်နေဆဲ ကျန်းဖုန်းကို စူးရှကျယ်လောင်တဲ့ အော်သံက သတိဝင်သွားစေတယ်။

ကျန်းဖုန်းက လှံကို ပစ်ချကာ သွေးပေနေတဲ့ လက်တွေကို အနီးနားက မြက်ခင်းပေါ်  ပြောင်အောင်သုတ်လိုက်ပြီး ငိုနေတဲ့ ကလေးကို သွားချီလိုက်တယ်။

"အစ်ကိုကြီး လာပြီ၊ အစ်ကိုကြီး ရှိတယ်နော်၊ မကြောက်နဲ့၊ မကြောက်နဲ့တော့"

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now