Chapter 16

1.7K 199 0
                                    

အခန်း (၁၆) မြက်နှုတ်ခြင်း

“ဝုတ် ဝုတ် ဝုတ်”

“အုံအွမ် အုံအွန်”

ရွာထဲက ခွေးဟောင်သံကို ကြားရတယ်။

ဖားအိုကြီးတွေရဲ့ အော်သံလည်း ကြားနေရတယ်။

ဆူညံမနေဘဲ လူတွေရဲ့စိတ်ကို ငြိမ်းအေးမှုကို ပေးစွမ်းနိုင်တယ်။

တောင်ပေါ်ရွာလေးက ညအခါမှာ အလွန်ကို မှောင်မဲနေတယ်။

တစ်ခါတစ်ရံ ကြယ်ရောင်မှုန်ပျပျကိုလည်း တွေ့နိုင်ပေမဲ့ အလွန်မှိန်တာကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်။

ဒီခေတ်မှာ လမ်းမီးမရှိသေးဘူး။

သာမန်မိသားစုတွေက တစ်ချိန်လုံး ဖယောင်းတိုင်ကို ထွန်းမထားနိုင်ဘူး၊ အဲ့တာက ဖြုန်းတီးရာကျလွန်းတယ်။

ကံကောင်းတာက မိုးရွာပြီးသွားတော့ ကောင်းကင်က ကြည်လင်နေကာ တိမ်တွေကလည်း မိုးရေနဲ့ ပါသွားခဲ့တယ်။

လရောင်က ကောင်းကင်မှာ တည်ငြိမ်စွာ ထွန်းလင်းနေတယ်။
အဲ့တာက အရမ်းကြီးဝိုင်းစက်မနေသေးဘဲ ပြည့်ခါနီးလေးဖြစ်နေတယ်။

ဒီတစ်ခေါက်က ကျန်းမြန့်မြန့်ရဲ့ ညမှာ အပြင်ခြံထဲနေဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။

တကယ်တော့ သူမတို့မိသားစုခြံက ခြံစည်းရိုးအမြင့်ကြီးတွေ မရှိပါဘူး၊ စည်းရိုးအနိမ့်လေးနဲ့ပဲ ကာရံထားပြီးတော့ တစ်နေရာမှာတော့ အပေါက်ဖြစ်နေတာကြောင့် တွယ်တက်ဖို့လွယ်လေတယ်။

သစ်ပင်ကြီးကို  အဲဒီအပေါက်ရှိတဲ့ စည်းရိုးထောင့်ရဲ့ ရှေ့တည့်တည့်မှာ စိုက်ထားလိုက်တာကြောင့် ခြံစည်းရိုးအစားထိုးထားသလို ဖြစ်နေတယ်။

သစ်ပင်ကြီး အောက်မှာတော့...

အမေက နောက်ထပ် ကျောက်တုံးခုံပုလေးတစ်ခု ယူလာတယ်။

ကျောက်ခုံလေးဘေးမှာ ခေါက်ခုံလေးတွေ ချလိုက်တယ်။

ပြီးတော့ ဝါးပက်လက်ကုလားထိုင်ရော ပါသေးတယ်။

အစ်ကိုကြီးကျန်းဖုန်းကတော့ ဝါးကုလားထိုင်မှာ လှဲနေရတာပေါ့။

ကျန်းယွီက အကုန်လုံးအတွက် ရေထည့်ပေးလိုက်တယ်။
သူတို့က ရေနွေးသောက်နေကြတာပါ၊ ဘယ်လက်ဖက်ခြောက်မှတော့ ထည့်မထားဘူး။

ညစာနဲ့တင်ကို အခါးဓာတ်ကလုံလောက်ပါပြီ၊ ရိုးရိုးရေပဲ ကောင်းပါတယ်။
ခွက်တွေကလည်း ဝါးဆစ်တွေနဲ့ လုပ်ထားတာပါပဲ၊ အကုန် သဘာဝကရတာချည်းပဲ။

အဖေကလည်း ခေါက်ခုံလေးမှာထိုင်ကာ ရေသောက်လိုက်တယ်။

သူမကိုတော့ အမေကချီထားတယ်။

အစ်ကိုကြီးကလွဲပြီးတော့ အကုန်လုံးက ခေါက်ခုံလေးတွေမှာထိုင်နေကြပြီးတော့ အဖေထိုင်နေပုံကတော့ တကယ့်ကို ဖြောင့်မတ်နေကာ ချောမောလှပတယ်။

ညလေညင်းက အဖေ့ရဲ့ဆံနွယ်ရှည်တွေကို တိုက်ခတ်သွားတဲ့အချိန်ဆိုရင် သူ့ကြည့်ရတာ ပိုတောင်ချောမောသွားတယ်။

ကျန်းမြန့်မြန်က အဖေ့ကိုကြည့်နေပြီးတော့ ရွာထဲကိုလည်း စပ်စပ်စုစုလှမ်းကြည့်လိုက်သေးတယ်၊ လရောင်ရဲ့ အားကိုးနဲ့ သူမ အိမ်တချို့ကိုတော့ မှုန်ဝါးဝါးမြင်နေရတယ်။

ရွာရဲ့ ပုံသဏ္ဌာန်က ဇလုံကြီးတစ်ခုလိုပဲ၊ အလည်ခေါင်မှာ အတော်အသင့်ကြီးမားတဲ့ အိမ်ဝိုင်းကြီးရှိပြီးတော့ အဆောက်အဦးများစွာက ဆက်လျက်ရှိနေကြတယ်။

တခြားအိမ်တွေကတော့ ပြန့်ကျဲကာ ဟိုတစ်စ ဒီတစ်စ ရှိနေတယ်။

တချို့တွေက တဲပုတ်လေးတွေသာသာပဲ၊ လူတွေနေသလား ယာယီပဲဆောက်ထားကြသလားတော့ မသေချာဘူး။

သူမတို့အိမ်ရဲ့တည်နေရာက အတော်လေး မြင့်တယ်၊ တခြားအိမ်တွေလည်း မနီးမဝေးမှာရှိပေမဲ့ ဆက်စပ်မနေဘူး။
တခြားဖက်မှာတော့ ဆက်စပ်နေတဲ့ အိမ်တချို့ရှိပေမဲ့ သူမတို့အိမ်ကတော့ တသီးတခြားစီဖြစ်နေတယ်။

တံခါးနားမှာ သစ်ပင်စိုက်ထားလိုက်တော့ မြေပြင်ညီနေရာလွတ်က ပိုကျယ်သွားပြီးတော့ မဖော်ပြနိုင်တဲ့ ကောင်းမွန်တဲ့ခံစားချက်ကို ရလိုက်တယ်။

နွေညမှာ မိုးရွာပြီးပေမဲ့လည်း နွေးထွေးနေတုန်းပဲ။

သစ်ပင်ကြီးအောက်မှာ တစ်ခါတစ်ရံ ပျံဝဲလာတဲ့ အင်းဆက်တွေနဲ့ ခြင်တွေလည်း ရှိလေတယ်။

ကျန်းယွီက မဲတီဒုတ်(mugwort)အမှုန့်ကို သေချာဖြန်းလိုက်ပြီးတော့ လေထဲမှာ အနံ့ကပျံ့သွားတော့ အင်းဆက်တွေက ရှိနေသေးပေမဲ့ လူကိုမကိုက်တော့ဘူး။

အစ်ကိုကြီးကျန်းဖုန်းကလည်း ထိုင်နေပေမဲ့ အနားမနေဘဲ လက်ထဲမှာ အသီးနီလေးတွေကို အခွံခွာနေလေတယ်။

အခုလေးတင် အဖေက ဒီအသီးတွေကို အိုးထဲထည့်ပြုတ်ပြီးတော့ ပြန်ထုတ်ထားတာ။

အခုတော့ အကုန်လုံးက ကျောက်ခုံပုလေးဘေးနားမှာ ဝိုင်းထိုင်နေပြီးတော့ လက်နဲ့အခွံခွာနေကြတယ်။

“ဒါကတအားခါးတာကို ဘယ်လိုလုပ်စားလို့ရမှာလဲ” ကျန်းဖုန်းက ခွာနေရင်းနဲ့ မေးလိုက်တယ်။

“တကယ်လို့ မင်းသာအမြဲတမ်း ခိုးထွက်မသွားဘဲ ငါ့ကိုလာကူရင် မင်းသိမှာပေါ့၊ ဒီဟာက ဟုန်ယာကွော်အသီးပဲ၊ ဒီအသီးက နှုတ်သီးနီကျီးကန်းရဲ့ ပါးစပ်လိုမျိုး သီးပြီးတော့ အခွံက ခါးတယ်၊ အစေ့ကိုတော့ ဆေးဝါးအဖြစ် သုံးလို့ရတယ်လေ၊ အဓိကက သရက်ရွက်အားနည်းတာကို ကုသပေးတယ်၊ အသားက ချိုပြီးတော့ ဆီးရွှင်တယ်၊ ဆီးလမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ဂုဏ်သတ္တိရှိတယ်” အဖေက လုပ်နေရင်းနဲ့ ဖြည်းဖြည်းချင်း ရှင်းပြခဲ့တယ်။
ဒီဟာက ကျန်းမြန့်မြန့်ရဲ့ ပထမဆုံးအကြိမ် သူမအဖေက တော်တော်ဗဟုသုတရှိတာပဲလို့ ထင်မိတဲ့အခါဖြစ်တယ်။

ဒီဟာက သူမ နားမလည်တဲ့ တရုတ်တိုင်းရင်းဆေးလေ။

ရှေးတုန်းက အသိပညာက အကန့်အသတ်ရှိတယ်၊ အသီးတစ်မျိုးကိုကြည့်ပြီးတော့ ဒါတွေအားလုံးသိဖို့ဆိုတာ မလွယ်ကူဘူး။

ဒါပေမဲ့ သွက်သွက်လက်လက် အလုပ်လုပ်နိုင်တာအတွက်ဆိုရင်တော့ အမေ့ကိုကြည့်သင့်တယ်။

အဖေက အသီးတစ်လုံးခွာပြီးချိန်မှာ အမေက ငါးလုံးလောက်ခွာနိုင်တယ်။

မမက သုံးလုံးလောက်ခွာနိုင်တယ်။

အစ်ကိုကြီးကလည်း သေချာလုပ်နေတာတော့ မဟုတ်ပေမဲ့ နှစ်လုံးလောက်တော့ ခွာနိုင်သေးတယ်။

ကျန်းမြန့်မြန့်ကတော့... တစ်လုံးတောင် မခွာနိုင်လေဘူး။

သူမက လက်ထဲမှာ အသီးကိုကိုင်ထားပြီး သူမလက်ယမ်းလိုက်ရင် ပြုတ်ကျမှာစိုးတာကြောင့် တင်းကျပ်စွာ ကိုင်ထားတယ်။

အကျိုးဆက်ကတော့ အရမ်းကြီး ဆုပ်ကိုင်လိုက်တာကြောင့် ဖောက်ဆိုပြီး ပေါက်သွားတော့တယ်။
အသီးအရည်တွေက နေရာတိုင်းကို စင်သွားတော့တယ်။

သူမကလည်း မနေနိုင်စွာနဲ့ စပ်စုပြီး သူမလက်ကို လျက်ကြည့်လိုက်တယ်။

“အာ အာ အာ အာ”

စူးရှတဲ့ ငိုသံက ထွက်ပေါ်လာတယ်။

လုံးဝမှ မချိုဘဲနဲ့ အရမ်းခါးတာပဲ၊ ဆိုးဆိုးဝါးဝါးကိုခါးတယ်၊ ခါးရုံတင်မကဘဲ အရသာငါးမျိုးစပ်ထားသလိုပဲ၊ ခါးသက်မှုက သူမရဲ့ အသည်း၊ အစာအိမ်နဲ့ ခြေထောက်တွေထိ နာကျင်စေတယ်…

ညီမလေးဒီလိုဖြစ်နေတာကိုကြည့်ရင်း တစ်ညနေလုံး ခါးသီးတဲ့မျက်နှာထားနဲ့ ကျန်းယွီက နောက်ဆုံးမှာတော့ မရယ်ဘဲမနေနိုင်ခဲ့ဘူး။

ကျယ်လောင်စွာ ရယ်မောခဲ့တယ်။

အကုန်လုံးကလည်း မရယ်မောဘဲ မနေနိုင်ခဲ့ကြဘူး။

...

အချိန်က ကုန်ဆုံးသွားတယ်၊ လေကြောင့် မြက်ပင်တွေက ယိမ်းနွဲ့သွားလေတယ်။

မဲတီဒုတ်အမှု့န်တွေကလည်း လေထဲပါသွားတယ်။

နေ့သစ်တစ်နေ့...

အစ်ကိုကြီးက သူ့ခေါင်းမှာ အနှီးနဲ့ပတ်ထားပြီးတော့ အပြင်သွားခဲ့ပြန်တယ်၊ အရုဏ်မတက်ခင် အဲဒီအထုပ်ကို ယူပြီးတော့ အစောကြီးထွက်သွားခဲ့တယ်။

အဖေကလည်း မိုးမလင်းခင် အလုပ်သွားခဲ့ပြီ။

သားအဖနှစ်ယောက် အတူတူသွားခဲ့ကြတယ်။

မနက်စောစောမှာ မမကျန်းယွီက သူမကိုချီကာ သစ်ပင်ကြီးအောက်မှာရပ်ပြီးတော့ အစ်ကိုကြီးနဲ့ အဖေ့ကို လိုက်ပို့ခဲ့ကြတယ်။

ခဏလောက် ရပ်နေခဲ့ကြတယ်။

ကျန်းမြန့်မြန့်ရဲ့ခေါင်းက မမရဲ့ပုခုံးပေါ်မှာ မှီထားပြီး သူမလည်း အတော်ကြာကြာကြည့်နေခဲ့တယ်။

အစ်ကိုကြီးနဲ့ အဖေ့ရဲ့ပုံရိပ်က တဖြည်းဖြည်းသေးငယ်သွားပြီး ပျောက်သွားတယ်။

မမက အထဲမဝင်သေးဘူး။

မမက အဖေနဲ့ အကိုကြီးတို့ကို ခွဲဖို့ တွန့်ဆုတ်နေတာလား၊ ဒါမှမဟုတ် အဝတ်တွေ ပန်းထိုးဖိနပ်တွေပါတဲ့ အထုပ်နဲ့ ခွဲဖို့ တွန့်ဆုတ်နေတာလားတော့ သူမလည်း မသိပါဘူး။

မနက်ခင်းလေက ပြင်းထန်စွာတိုက်ခတ်နေခဲ့တယ်။

မမရဲ့ဆံပင်တွေကို ရှုပ်ပွအောင် တိုက်ခတ်သွားတယ်။

ကျန်းမြန့်မြန့်ရဲ့မျက်နှာကို လာထိမိတော့ ယားကျိကျိဖြစ်သွားတယ်။

အဲ့ဒါနဲ့ပဲ သူမက သတ္တိရှိရှိနဲ့ ရှူးရှူးပေါက်ချလိုက်တော့တယ်။

ကျန်းယွီက သူမအဝတ်တွေ နွေးထွေးပြီး စိုစွတ်လာတာကို ခံစားမိတော့ အိမ်ထဲကို အပြေးဝင်သွားခဲ့တယ်။

“အမေ အမေ....”

ကျန်းမြန့်မြန့်က ကျန်းမာစွာနဲ့ အင်အင်းလည်း ပါခဲ့သေးတယ်။

ထို့နောက် ထပ်တစ်ခါ နို့စို့ပြန်တယ်။

နောက်တော့ အမေက သူမကို သစ်သားဇလုံပုခက်ထဲ ထည့်ထားချင်ခဲ့တယ်။

သူမကို ချထားဖို့ပြင်နေတုန်းမှာပဲ ကျန်းမြန့်မြန့်က ပုခက်ရဲ့အောက်ခြေကနေ ပုရွက်ဆိတ်ကြီးက ခေါင်းပြူလာတာကို တွေ့လိုက်ရတယ်၊ သူ့ခေါင်းက ပိုတောင်ကြီးလာသေးတယ်...

ဝါး ဝါး ┭┮_┭┮

သူမအမေ့ရဲ့အင်္ကျီကို အတင်းဆွဲထားခဲ့တယ်။

အမေ့လက်တွေက မချီထားတော့ဘဲ သူမက အမေ့အင်္ကျီမှာ ကပ်တွယ်ထားကာ ပုခက်ထဲဝင်ဖို့ ငြင်းဆန်ခဲ့တယ်။
သူမကိုယ်တိုင်မွေးထားတဲ့ အကောင်ကို သူမကိုယ်တိုင် တအားကြောက်နေမယ်လို့ ဘယ်သူထင်မှာလဲ။

ချင်လော့ရှားမှာလည်း ရွေးစရာမရှိခဲ့ဘူး၊ သူမက မနေ့ကအိမ်မှာမရှိတာကြောင့် ဒီနေ့သူမကို ပိုကပ်နေတယ်လို့ ထင်ပြီးတော့ ဒီတိုင်းကျောမှာပဲ ပိုးထားလိုက်တော့တယ်။

ဒီနေ့သူမက တောင်ပေါ်က တောအတွင်းထဲထိသွားကာ တစ်ခုခုကိုဖမ်းနိုင်မလား စမ်းကြည့်မလို့။

ကျန်းဖုန်းရဲ့နှာဖူးက သွေးတွေအများကြီးထွက်ထားတာ၊ ပြီးတော့ အဲ့ကောင်မလေး ကျန်းယွီလည်း သူမခြေထောက်မှာ ဒီလောက်အကြီးကြီး ပွန်းထားပေမဲ့ အသံတစ်ချက်မထွက်ခဲ့ဘူး။

တကယ်လို့ သူမသာ ညက သူမသမီးကို စောင်ခြုံပေးဖို့ သွားမကြည့်ခဲ့ရင် သိမှာတောင်မဟုတ်ဘူး၊ အနာက အသားတွေအကုန်လုံးကို ပွန်းသွားမှာ။

အဲ့ဒီပန်းထိုးဖိနပ်တွေက အစကတည်းက သေးနေတာ၊ ပြီးတော့ ကျန်းဝမ်ရဲ့ ခြေထောက်သေးသေးလေးတွေနဲ့ တော်အောင်သေချာလုပ်ထားတာ၊ အတင်းစီးတာက သေချာပေါက် အလုပ်ဖြစ်မှာမဟုတ်ဘူး။

စားပြီးတော့ အားဖြည့်ရမယ်၊ အသွေးအသားကို အားဖြည့်ဖို့ရာက သေချာပေါက် အသားဓာတ်နဲ့ပဲ အားဖြည့်ရမှာ။

ချင်လော့ရှားက သူမခင်ပွန်းနဲ့ ကျန်းဖုန်းထွက်သွားတဲ့အထိစောင့်နေပြီး ကုတင်အောက်ကို မွှေကာ လှံတံတစ်ချောင်း ထုတ်ယူလိုက်တယ်။

သံချေးတွေတက်နေပြီးတော့ မသုံးတာ ကြာလှပြီ။

သူမက လှံဦးကို ခြံထဲက ကျောက်တုံးပေါ်မှာ သွေးလိုက်တယ်။
“ရှား ရှား ရှား... “

“ယာ ယာ ယာ... “

သံနဲ့ ကျောက်တို့ ပွတ်တိုက်မိပြီးတော့ တချွင်ချွင်အသံထွက်ပေါ်လာတယ်။

အမေက အရမ်းအားရှိပြီးတော့ စီးချက်ကျကျလုပ်နေခဲ့တယ်။

လှံကို သွေးတာမျိုးမှာတောင် စည်းချက်ကျနေတာကြောင့် ကျောပေါ်က ကျန်းမြန့်မြန့်တောင် အိပ်ပျော်သွားတော့တယ်။

သူမက အမေ့ဖက်က မိသားစုတွေက ဘာလုပ်လဲဆိုတာတောင် သိချင်လာတယ်။

ချင်လော့ရှားရဲ့ လက်တွေအောက်မှာ သံချေးတက်နေတဲ့ လှံဦးက တောက်ပလာပြီးတော့ အရောင်တွေတောင် ထွက်နေသလိုပဲ။

ကျန်းယွီက အမေ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေပြီး ရေလောင်း လောင်းပေးနေတယ်။

အမေက အဖေမသိအောင် ခိုးပြီးအမဲလိုက်သွားတယ်ဆိုတာ သူမသိတယ်။

ကျန်းဖုန်းအမဲလိုက်သွားတာတောင် အဖေ့ဆီက ဆူတာခံလိုက်ရတာ၊ အဖေက အန္တရာယ်များတယ်လို့ ထင်တာ။

“မေမေ၊ သမီးလည်း မေမေနဲ့တောင်ပေါ်လိုက်လို့ ရမလား”

“မရဘူး၊ သမီးက အိမ်မှာနေပြီး ကလေးကိုကြည့်ထား” ချင်လော့ရှားက ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်။

“တောင်ပေါ်မှာ အန္တရာယ်များတယ်၊ တကယ်လို့တစ်ခုခုဖြစ်ရင် အမေ သမီးကို ဂရုမစိုက်နိုင်ဘူး”

ဒီအရွယ်ကောင်မလေးတွေက ပုန်ကန်တတ်လေတယ်၊ အမေက ငြင်းလေ ကျန်းယွီက ပိုသွားချင်လေပဲ။

သူမရဲ့မမ ဆူပုတ်နေတာကို မြင်ပြီး အမေပြောတာကို ကျန်းမြန့်မြန့်ကြားလိုက်ရတယ်။

“မိန်းကလေးတစ်ယောက်ရဲ့အလှက သူမရဲ့ သေးငယ်တဲ့ခြေထောက်လေးတွေပေါ်မှာ မူတည်တာ၊ သမီးက အမေနဲ့လိုက်အလုပ်လုပ်နေတာနဲ့တင် ခြေထောက်ကကြီးနေပြီ၊ တောင်ပေါ်တက်ရင် ခြေထောက်က ကြီးရုံတင်မဟုတ်ဘူး အရေပြားတွေပါ ထူလာလိမ့်မယ်၊ နောက်ကျရင် ခင်ပွန်းကောင်းရှာဖို့ ခက်လိမ့်မယ်”

ကျန်းယွီက သူမခြေချောင်းလေးတွေကို ကုပ်ထားလိုက်မိတယ်။

သူမက မယုံကြည်သေးပဲ ပြောလိုက်တယ်။ “ဒါပေမဲ့ အမေကကျ အဖေနဲ့လက်ထပ်ခဲ့တာပဲမလား”

သို့ပေမဲ့လည်း သူမက တောင်ပေါ်လိုက်ဖို့ နောက်ထပ်မပြောလာတော့ဘူး။

ကျန်းမြန့်မြန့်ကတော့ သူတို့အမေက အတော်ဖြုံလောက်တယ်လို့ထင်တယ်။ ကြမ်းတမ်းမာကျောတယ်လို့ ထင်ရပေမဲ့ စကားပြောရာမှာလည်း အဓိကအချက်ကို ထိထိမိမိပြောနိုင်တယ်။

ချင်လော့ရှားက လှံဦးကို သွေးပြီးတော့ ဘူးထဲထည့်ကာ တောင်ပေါ်ရောက်မှ လှံတံမှာတပ်ဆင်ဖို့ အဆင်သင့်လုပ်ထားလိုက်တယ်။
ကျန်းမြန့်မြန့်က အမေ့လက်ထဲမှာ နောက်တစ်ခါလောက် နို့စို့လိုက်ပြီးတော့မှ မမလက်ထဲကို မသွားချင်သွားချင်နဲ့ ပြောင်းလိုက်ရတယ်။

အမေက ဘူးကိုပိတ်ကာ ကြိုးတပ်လိုက်ပြီးတော့ လှံတုတ်ကိုတော့ လက်ကကိုင်ပြီး တံခါးက ထွက်သွားတော့တယ်။

အမေက တံခါးက ထွက်ထွက်ချင်းပဲ ရွာထဲကသူတွေနဲ့တွေ့ပြီးတော့ အပြန်အလှန်နှုတ်ဆက်ရတော့တယ်။

“ယောင်းမလော့ရှား အလုပ်သွားမလို့လား”

အမေက သူမလက်ထဲကတုတ်ကို ဝှေ့ယမ်းပြလိုက်တယ်။

“ဘာမှလုပ်စရာမရှိတော့ မြက်နည်းနည်းသွားနှုတ်မလို့လေ”




ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now