Chapter 61

1.1K 166 3
                                    

အခန်း (၆၁) ထိုခြံဝန်း ထိုည ထိုစွပ်ပြုတ်

မြေအိုးက အပူကို ထိန်းနိုင်တယ်။

တစ်ခဏလောက်ကြာပြီးမှ အဖုံးဖွင့်တာတောင် အငွေ့တွေက ထွက်နေတုန်းပဲ။

ပွက်ပွက်ဆူနေတဲ့ စွပ်ပြုတ်အိုးကြီး...

ဆံပင်ရှည်ရှည်နဲ့ အလှလေးက သူ့ရဲ့ သွယ်လျတဲ့ လက်ကိုမြှောက်ကာ အဖုံးကိုဖွင့်လိုက်ပြီးနောက် ဟင်းရွက်ချဉ်နဲ့ အသားခြောက်တွေကို မြေအိုးထဲ ဖြူးထည့်လိုက်တယ်။

ပြီးတော့ ယောက်ချိုဇွန်းကြီးနဲ့ မွှေလိုက်တယ်။

ထို့နောက် အိုးထဲကို ကြက်သွန်မြိတ်ရိုင်း တစ်ပန်းကန်လည်း ထည့်လိုက်ပြန်တယ်။

ကြွယ်ဝတဲ့ရနံ့က ထွက်လာတယ်။

ဒါက အခုတလော အိမ်မှာရှာတွေ့ထားတဲ့ စားနည်းအသစ်ပဲ။

ဟင်းသီးဟင်းရွက်ရိုင်း စွပ်ပြုတ်ပဲဖြစ်ဖြစ် တခြားဘာစွပ်ပြုတ်ပဲဖြစ်ဖြစ် ရေတစ်ငုံစာနဲ့ ကြက်သွန်မြိတ်တွေကို ထည့်လိုက်ရင် အဲ့တာက အရမ်းကို မွှေးပျံ့နေလိမ့်မယ်။

ကျန်းယွီက သူမ အဖေရဲ့ လုပ်နေပုံကို ကြည့်နေကာ တူကို လက်တွေနဲ့ဆုပ်ကိုင်ထားပြီး ပျံတက်တော့မလို စိတ်လှုပ်ရှားမှုနဲ့ အပြုံးကို မထိန်းနိုင်လောက်အောင် ပျော်ရွှင်နေခဲ့တယ်။

ကျန်းဖုန်းလည်း ကျေနပ်အားရစွာ ပြုံးလိုက်တယ်။ ဒီအချိန်မှာ သူ့အပြုံးက ရူးပေါမနေဘဲ အတော်လေး ပျော်ရွှင်နေတယ်။

ချင်လော့ရှားက သူမ ခင်ပွန်းလုပ်နေတာကို ငေးကြည့်ရင်း ချစ်စိတ်အပြည့်နဲ့ မျက်ဝန်းတွေက သူမရဲ့ မေတ္တာတွေကို မဖုံးကွယ်ထားနိုင်ဘူး၊ သူမ ခင်ပွန်းက အရာအားလုံးကို ပြည့်စုံစွာ လုပ်နိုင်တယ်လို့ တွေးနေမိတယ်။

ကျန်းမြန့်မြန့်ကတော့ တစ်မိသားစုလုံး အတူတူရှိတဲ့အတွက် ရိုးရှင်းစွာ ပျော်ရွှင်နေတယ်။ သူမ ဒီခံစားချက်ကို ကြိုက်တယ်။

ညနေတိုင်းက အရင်နေ့ကထက် ပိုပျော်ရတယ်၊ တစ်မိသားစုလုံး ပြန်ဆုံတွေ့ကြတယ်။

သူမက အစ်ကိုကြီးလက်ကြားထဲမှာ ထိုင်နေရင်း ပျော်ရွှင်စွာနဲ့ ခြေထောက်လေးတွေကို လှုပ်ယမ်းနေတယ်။

တစ်ချိန်တည်းမှာ မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်ကတော့ အနည်းငယ်ကျဉ်းကျပ်သလို ခံစားနေရတယ်။

မုန့်ရှောက်ရှားက သူ့ထိုင်ခုံကို ဦးစားပေးခဲ့တယ်၊ အစက သူနဲ့ ဟယ့်ချန်တို့က စားပွဲထိပ်ဦးမှာ ထိုင်နေကြတာ။

တကယ်တော့ ဒီခြံဝန်းငယ်လေးထဲက အဖြစ်လုပ်ထားတဲ့ စားပွဲမှာ တစ်သီးတစ်သန့်ကြီး နေရာခွဲခြားထားတာမျိုး မရှိပေမဲ့ သူတို့ရဲ့ ထိုင်ခုံတွေကို မြန်မြန်ဖယ်ပေးခဲ့တယ်။

အဆုံးမှာ အဖေဖြစ်သူ ကျန်းချန်တျန်းက စားပွဲထိပ်မှာ မထိုင်ခဲ့ဘဲ ကျန်းဖုန်းအမေရဲ့ ဘေးက အနိမ့်ဆုံးနေရာမှာ ထိုင်ခဲ့တယ်။

ဟယ့်ချန်တို့ မိသားစုအတွက်တော့ သူတို့တွေက ခေတ်နောက်ကျတဲ့ ပညာရှိအမျိုးအနွယ်တွေဖြစ်ပြီး ရုံးတော်အရာရှိလမ်းကြောင်းကို လိုက်ကြတယ်၊ အတိုပြောရရင် သူတို့က စာပေတတ် မြင့်မြတ်တဲ့ မျိုးနွယ်စုတွေဖြစ်တယ်။

ဒီကနေ့ သူက ဒီသေးငယ်တဲ့ ခရိုင်မြို့လေးမှာ ထင်မှတ်မထားဘဲ မသွေးရသေးတဲ့ ရတနာလိုအလှမျိုးနဲ့ ဝမ်အာမိန်းကလေးကို ဆုံတွေ့ခဲ့ရတယ်။

ထို့နောက် ဒီလိုတောရွာလေးမှာ မထွက်ပေါ်လာသေးတဲ့ ပုလဲလုံးလေးလို အလှမျိုးနဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပြန်တယ်။

နောက်တော့ သူက အစ်ကိုကြီးဖြစ်တဲ့ ကျန်းဖုန်းက သိုင်းပညာမှာရော စာပေအရာမှာပါ တော်လွန်းပြီး မုန့်ရှောက်ရှားရဲ့ အဖိုးတန်ဓားကို တုတ်ချောင်းလေးနဲ့တင် ရိုက်ချနိုင်ပြီးတော့ လေးနက်တဲ့ကဗျာကိုလည်း ထိုတူညီတဲ့ တုတ်ချောင်းနဲ့ပဲ စပ်ဆိုခဲ့ပြန်တာကို မြင်တွေ့ခဲ့ရတယ်။

အခုတော့ သူက လရောင်အောက်မှာ အလှလေးတစ်ပါးက အိုးကိုယောက်ချိုဇွန်းနဲ့ မွှေနေတာကို မြင်ရပြန်တယ်။

တုနှိုင်းမဲ့အလှတရားက လိင်ကွဲပြားမှုစံနှုန်းကို ကျော်လွန်နိုင်တယ်။

ဆိုတော့ အကုန်လုံးက အကြောင်းရှိတယ်။

ဒီတောရွာက ကလေးငယ်လေးက ပုလဲလေးလို လှပရတဲ့အကြောင်းအရင်းဟာ သူမ ဖခင်နဲ့ တူလို့ပါပဲ။

အစ်ကိုကြီးဖြစ်သူ ကျန်းဖုန်းက စာပေမှာရော သိုင်းပညာမှာပါ ထက်မြက်တာ ဒီသူတို့ရှေ့က ချောမောလှတဲ့ ဖခင်ကြောင့်ပါပဲ။

ဒီအမျိုးသားကတော့ အေးဆေးစွာ  ဟင်းအိုးကို မွှေနေခဲ့တယ်။

ဒါပေမဲ့ သူက ဟယ့်ချန်ရဲ့ နှလုံးသားနဲ့ ဝိညာဉ်ကို မွှေနေသလိုခံစားရတယ်။

သူရဲ့ တိတ်ဆိတ်မှုက ဆူညံလွန်းတယ်။

ဒီအချိန်မှာ သူက ရှက်နေတဲ့ မဒမ်ချင်လိုပဲ၊ တစ်ဖက်သားရဲ့ အကြည့်ကို ရင်မဆိုင်ရဲဘဲ စကားပြောဖို့တောင် သူက မထိုင်တန်ဘူးလို့ ခံစားမိတယ်။

သူ ရုတ်တရက်ကြီး စကားနည်းတဲ့သူဖြစ်သွားတယ်။

မုန့်ရှောက်ရှားအတွက်ကတော့ သူက စာပေပညာရှင်မဟုတ်သလို အပြင်ပန်းအလှကိုလည်း မမက်မောဘူး။ သူ့မိခင်ဖက်မှာ မိန်းကလေးဆွေမျိုးတွေ အများကြီးရှိတဲ့အတွက် သူက သူ့ရှေ့က အလွန်တရာချောမောလှတဲ့ အမျိုးသားမှာ အန္တရာယ်များတဲ့ ရောင်ဝါရှိတယ်လို့ပဲ ထင်မိတာ။ (မုန့်ရှောက်ရှားရဲ့ အမေ့ဖက်က အဘိုးက ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံလုံခြုံရေးကို တာဝန်ယူထားရတာဖြစ်တယ်)

လူတစ်ယောက်က စွမ်းဆောင်ရည်တစ်ခုမှာ အမြင့်ဆုံးဖြစ်သွားရင် ထိုသူက အံ့ချီးဖွယ်ဖြစ်လာတယ်။

သူက အတွေးရိုးရှင်းတဲ့ ကျန်းယွီမှာ ဒီလိုအဖေမျိုး ရှိမယ်လို့ ထင်မထားဘူး။

ဒီလိုမျိုး လူတစ်ယောက်ဟာ ရုံးတော်က သာမာန်စာရေးလေးပဲဆိုတာက ရယ်တော့ရယ်ချင်စရာဖြစ်လောက်တယ်။

တကယ်လို့ သူသာ သမားတော်တစ်ဦးဆိုရင် သူက ရေတွက်မရနိုင်တဲ့ အမျိုးသမီးတွေရဲ့ ရောဂါကို ပျောက်ကင်းစေနိုင်မှာ။

ကျန်းချန်တျန်းက မြေအိုးကို မွှေလိုက်ပြီးတော့ အကုန်လုံးအတွက် ပန်းကန်လုံးကြီး တစ်ဝက်စာစီ ထည့်ပေးလိုက်ပြီး ပြောလိုက်တယ်။ "စားကြစို့"

ကျန်းယွီက ချက်ချင်းပဲ ထမင်းနဲ့ ဟင်းရည်ကို ပါးစပ်ထဲအပြည့် ထည့်လိုက်တယ်။

အရသာရှိလိုက်တာ!

ကျန်းဖုန်းကလည်း အားရပါးရစားခဲ့တယ်၊ အရသာရှိလှတဲ့ ဟင်းရည်ကို ထမင်းဖြူနဲ့ တွဲစားရတာ အင်မတန်ကို မွှေးပျံ့နေတယ်။

ပြီးတော့ အဖေ၊ အမေ၊ ညီမလေးနဲ့ အိမ်မှာစားရတာက အကောင်းဆုံးစားသောက်ဆိုင်မှာ စားရတာထက် ပိုအရသာရှိတယ်။

ချင်လော့ရှားကတော့ ဧည့်သည်တွေရှိတဲ့အတွက် ပိုပြီး ဣန္ဒြေရရစားခဲ့တယ်။ ဒါပေမဲ့လည်း အလုတ်အကြီးကြီး စားတုန်းပါပဲ။

ကျန်းချန်တျန်းကတော့ ပုံမှန်လိုပဲ စားခဲ့တယ်၊ မြန်လည်းမမြန် နှေးလည်းမနှေး သူ့အပြုအမူက ကျက်သရေရှိကာ မွေးရာပါကြော့ရှင်းမှုက ဒီသေးနုပ်တဲ့ ထမင်းစားပွဲမှာတောင် ပြသနေတယ်။

မုန့်ရှောက်ရှားရဲ့ အာရုံက အစကတော့ သူနဲ့မျက်နှာချင်းဆိုင်က ချောမောတဲ့ဖခင်စီမှာ ရှိနေတာ။

ဒါပေမဲ့ သူက စားသောက်နေတဲ့ ညီမလေးကျန်းဆီကို ဆွဲဆောင်ခံလိုက်ရတယ်။

သူမ စားနေတာကို ကြည့်ရတာ ရိုးရိုးရှင်းရှင်း ပျော်ရွှင်နေပြီး အရမ်းကို ကျေနပ်နှစ်ခြိုက်နေတယ်။ သူက သူမ စားတဲ့ပုံစံကို အတုခိုးခဲ့တယ်။

မုန့်ရှောက်ရှားက ဟယ့်ချန်ထက်တောင်မှ ကောင်းမွန်တဲ့ ဘဝမှာ နေနိုင်ပေမဲ့ ကိုယ်ခန္ဓာရဲ့ လိုအင်တွေကို လိုက်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဒီရိုးရှင်းတဲ့ ညစာက ထင်မှတ်မထားလောက်အောင် အရသာရှိနေတယ်။

သူက ဗိုက်ဆာနေတာကြောင့် စားကောင်းတာမဟုတ်ဘဲ အရသာက တကယ့်ကို သာလွန်ကောင်းမွန်တယ်။

ဆန်းပြားတာတွေ ရိုးရှင်းတာတွေကို ချေးမများဘဲ မြို့တော်က နာမည်ကြီး စားသောက်ဆိုင်တွေ အားလုံးမှာ သူစားခဲ့ဖူးသလို တော်ဝင်စားပွဲတော်တွေကိုလည်း သူတက်ရောက်ဖူးတယ်။ သူ့ဦးလေးတွေ အဒေါ်တွေရဲ့ အိမ်တော်တွေမှာလည်း တခြားပြည်နယ်တွေက နာမည်ကြီးစားဖိုမှူးတွေရှိတာကြောင့် သူက ဟင်းလျာတွေနဲ့ ပတ်သက်ရင် အတော်အတွေ့အကြုံရှိတယ်။ သူ့မှာ အထူးတောင်းဆိုချက်တွေမရှိပေမဲ့ သူက လောကကြီးကို တွေ့ကြုံခဲ့ဖူးပြီးသားလို့ ပြောလို့ရနိုင်တယ်။

စားစရာက သူ့ပါးစပ်ထဲဝင်သွားတာနဲ့ ပုံမှန်မဟုတ်တဲ့ ကျေနပ်မှုကို ခံစားလိုက်ရတယ်။

သူ့စိတ်က တစ်ခဏတာလောက် ရှင်းလင်းသွားတယ်၊ ဘာမှကို မတွေးနိုင်တော့ဘဲ အစားစားရာမှာပဲ အာရုံစိုက်ထားတော့တယ်။

အခုတလော ခရီးထွက်နေရတဲ့ နွမ်းနယ်မှုတွေတောင် ပြေပျောက်သွားသလိုပဲ။

သူ့ရဲ့ နာကျင်နေတဲ့ လက်ကောက်ဝတ်ကလည်း သိပ်မနာတော့သလိုပဲ။

သူက ခေါင်းငုံ့ကာ စပြီး အားပါးတရ စားတော့တယ်။

မုန့်ရှောက်ရှား အားရပါးရစားနေတာကို ကြည့်ပြီးတော့ ဟယ့်ချန်က သူ့ကို တော်တော်အမြင်ကျယ်တာပဲလို့ ထင်ခဲ့တယ်။

ဒီလိုချောမောမှုမျိုး မင်းရှေ့ထိုင်နေတာတောင်မှ ဘယ်လိုတောင် စားနိုင်ရသေးတာလဲ?

သူက နောက်ဆုံးမှာထိုင်နေတဲ့ အလှတရားကို ကြည့်တာကနေ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။

သူနဲ့ မုန့်ရှောက်ရှားတို့က ထိပ်ဆုံးနေရာမှာ ထိုင်နေကာ နောက်ဆုံးနေရာနဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင် ဖြစ်နေခဲ့ပြီး ခေါင်းမော့လိုက်ရုံနဲ့ ထိုသူ့ကို မြင်နိုင်တယ်။

သူက အတွေးလွန်စွာ စားသောက်ခဲ့တယ်။

ထိုသူ့ကို ကြည့်ရမှာလည်း ရိုင်းပျတယ်လို့ ခံစားရတယ်၊ တကယ်လို့ အကြည့်ချင်းဆုံသွားရင် သူပျာယာခတ်သွားမှာကို ကြောက်မိတယ်။

ဒါပေမဲ့ ဒါက သူ့ရဲ့ အထင်လွဲမှားမှုသာပါပဲ၊ အဖေဖြစ်သူ ကျန်းချန်တျန်းကတော့ သူ့ကို ကြည့်မနေဘဲ သူ့ညစာကိုသာ အာရုံစိုက် စားနေခဲ့တယ်။

အစကတော့ သူက ကျန်းအိမ်ရဲ့ညစာကို အတွေးအမြင်တွေ ရှိနေခဲ့တာ၊ သူ့သွားထပ်ပဲ့သွားမှာ စိုးနေခဲ့တယ်။ သူ့လို ယဉ်ကျေးမှုရှိတဲ့ ပညာတတ်တစ်ယောက်အနေနဲ့ တကယ်လို့သာ ပြုံးလိုက်ပြီး ရွှေသွားကို ပြလိုက်မိရင်...

ဒါပေမဲ့ ယခုတော့ သူ့အတွေးတွေဆီကနေ စားစရာက လုံးဝပြောင်းလိုက်နိုင်တယ်။

အကုန်လုံးက သူတို့တူတွေ လှုပ်ရှားနေကြတာကို ကြည့်ရင်း သူလည်း လိုက်လုပ်လိုက်တယ်။

ထမင်းက သူ့ပါးစပ်ထဲ ရောက်သွားတာနဲ့ သူ့လည်ချောင်းထဲ တစ်ဆို့သွားကာ ကြမ်းတမ်းတဲ့ ဆန်လုံးစေ့တွေက ပွတ်တိုက်သွားတယ်။

ဒါပေမဲ့ သူစိတ်မရှိပါဘူး။

အာရုံပျံ့လွင့်နေကာ သူဆက်စားလိုက်တယ်။

သူက နောက်ထပ်ထမင်းတစ်လုပ်စားလိုက်ကာ သီးသွားခဲ့တယ်...

"အဟွတ်" သူ့ပါးစပ်ကို မြန်မြန်ပဲ အုပ်ထားလိုက်တယ်။

အလှလေးရဲ့ရှေ့မှာ ချောင်းဆိုးတာကတောင် မယဉ်ကျေးရာရောက်တယ်လို့ ခံစားရတာကြောင့် သူ့စွပ်ပြုတ်ပန်းကန်ကို ယူလိုက်ပြီး စွတ်ပြုတ်အနည်းငယ်ကို မြန်မြန်သောက်လိုက်တယ်။

နွေးထွေးတဲ့ ဟင်းရည်ပျစ်ပျစ်က လည်ချောင်းတစ်လျှောက် ဆင်းသွားပြီးတော့ ဟယ့်ချန်တစ်ယောက် တောင့်ခဲသွားပြန်တယ်။

အခုလေးတင် စားထားတဲ့ သူ့လည်ချောင်းကို ရှသွားတဲ့ ဆန်ကြမ်းက အခုအချိန်မှာ အဖိုးတန်သလိုပဲ။

သူ့လည်ချောင်းကို ပြင်ဆင်ဖို့ အဲဒီ ဆန်ကြမ်းနှစ်လုတ်ကို စားလိုက်ရသလိုပဲ။

တစ်နေကုန် အလုပ်ရှုပ်၊ အဝေးကြီးကနေ လာ၊ သူ့ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ကာ ဗိုက်ဆာနေရတာက ဒီစွပ်ပြုတ်တစ်ငုံစာအတွက် ပြင်ဆင်ထားသလိုပဲ။

ဒီစွပ်ပြုတ်တစ်ငုံက သူ့လည်ချောင်းတစ်လျှောက် ဆင်းသွားပြီးတော့ ဗိုက်ထဲရောက်သွားတယ်။

ချက်ချင်းကိုပဲ သူ့တစ်ကိုယ်လုံး နွေးထွေးသွားကာ တုန်ယင်တဲ့ခံစားချက်တစ်ခု ရလိုက်တယ်။

သူက အလှလေးကိုတောင်မှ မကြည့်နိုင်တော့ဘဲ စွပ်ပြုတ်နောက်တစ်ငုံ ထပ်သောက်လိုက်တယ်၊ ပန်းကန်ကိုင်ထားတဲ့ သူ့လက်တွေက အနည်းငယ် တုန်ယင်နေတယ်။

ရုတ်တရက် သူအရမ်း ပျော်ရွှင်သွားသလို ခံစားလိုက်ရတယ်။

ချင်းကျိုးရဲ့ စာပေပညာရှင် စုဝေးပွဲတွေက လောကစာပေ အနှစ်သာရရဲ့ ရှစ်ပုံလောက်ကို စိုးမိုးထားတယ်။

ချင်းကျိုးရဲ့ ဟင်းလျာတွေကလည်း ထင်ရှားမှုက မလျော့ကျပါဘူး။

အကြောင်းအရင်း တစ်စိတ်တစ်ဒေသကတော့ ချင်းကျိုးမှာ ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေအကြောင်း အပါအဝင် မတူညီတဲ့ ကဗျာတွေကို စပ်ဆိုပြီး ဖြန့်ဝေနိုင်တဲ့ သူတွေရှိတာကြောင့်ပဲ။

တခြားအကြောင်းအရင်းကတော့ စာပေပညာရှင်တွေ များစွာစုစည်းကြတာကြောင့် ထိုထဲမှာ ဟင်းလျာဝါသနာအိုးတွေကိုလည်း ဆွဲဆောင်လိုက်နိုင်တယ်။

ဟယ့်ချန်ကလည်း စားသောက်ပွဲတွေ ပျော်ပွဲရွှင်ပွဲများစွာကို အဖိတ်ကြားခံရပြီးတော့ သူ့ရဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေကို အမေးခံရတယ်။

သူက အရသာရှိလှတဲ့ စားစရာမျိုးစုံကို မြည်းစမ်းကြည့်ဖူးတယ်။

အဲ့တာတွေကို တစ်ကနေ ခြောက်အထိ အမှတ်စဉ်ရေနိုင်တယ်။

ဒါပေမဲ့ သူက ဒီစွပ်ပြုတ်လိုမျိုး တစ်ခါမှ မသောက်ဖူးဘူး။

အသီးအရွက်ရိုင်းတွေက အနည်းငယ်ခါးသက်ပြီးတော့ ဆေးဖက်ဝင်အပင်တွေလည်း ပါဝင်တယ်။ လင်းယုန်သားက ချိုပြီး အရသာရှိတယ်၊ အသားခြောက်ရဲ့ ကျပ်တိုက်ထားတဲ့ အနံ့နဲ့ ဟင်းရွက်ချဉ်ရဲ့ ဆားစိမ်ထားတဲ့ အရသာ၊ ကြက်သွန်မြိတ်ရိုင်းတွေရဲ့ ရနံ့။

သို့ပေမဲ့ ဒါတွေအားလုံးကို ရောနှောလိုက်ကာ မစဉ်းစားနိုင်တဲ့ အရသာရှိမှုအဖြစ် ဖြစ်တည်သွားတယ်။

ဒါက သူ့ကို ခေါင်းအစ ခြေဖျားအထိ လန်းဆန်းသွားစေတယ်။

သူ့မွေးညင်းပေါက်တွေတောင် ပွင့်လာပြီးတော့ တစ်ကိုယ်လုံး ချွေးထွက်လာသလိုပဲ။

ကျန်းဖုန်းရဲ့ ညီမလေးက အကုန်လုံးကို နတ်သဒ္ဒါလို စားသောက်နေတာကြောင့် သူက ဒီပြတ်လပ်နေတဲ့ မိသားစုရဲ့ သေးနုတ်တဲ့ ထမင်းစားပွဲဝိုင်းက မျိုချဖို့ ခက်ခဲမယ်လို့ ထင်ထားတာ။ သူတို့ဝယ်လာတဲ့ မုန့်အချိုတွေက ခရိုင်မြို့လေးကနေ ဒီတိုင်း ဝယ်လာရုံဖြစ်ကာ အရသာကလည်း သာမန်ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် လုပ်ထားတာတောင် မဟုတ်လေဘူး။ သို့ပေမဲ့ ကျန်းဖုန်းရဲ့ ညီမလေးကတော့ အကောင်းဆုံး စားစရာကို စားနေရသလို စားနေခဲ့တယ်လေ။

ဒါကြောင့် သူက ဒီညစာကို ဘာမှမျှော်လင့်မထားဘူး။

ပြီးတော့လည်း ဒီလောက်ချောမောလှပတဲ့ ဖြစ်တည်မှုရှေ့မှာ သူက ဘာစားနေလဲဆိုတာကို အာရုံမစိုက်နိုင်ခဲ့ဘူး။

ဒါပေမဲ့...

သူလည်းပဲ ခေါင်းငုံ့ကာ အငမ်းမရ စစားတော့တယ်။

ဒီလိုလက်ရာမြောက်တဲ့ ဟင်းပွဲကို တွေဝေနေရင် ကုန်သွားလိမ့်မယ်။

ဟယ့်ချန်လည်း မြန်မြန်သွက်သွက် စားခဲ့တယ်။

ဆန်ကြမ်းထမင်းကတောင်မှ ဝါးရတာ အရသာရှိလာတယ်။

သူ့မှာ တည်ငြိမ်မှုမရှိတော့ဘူး၊ အရသာရှိတာကို စားနေရချိန်မှာ အလှအပကိုတောင် မခံစားနိုင်တော့ဘူး၊ သူက ရုတ်တရက် ကျန်းဖုန်းရဲ့ ညီမကို နားလည်သွားတယ်၊ သူမရဲ့ မှေးကျဉ်းနေတဲ့ မျက်ဝန်းတွေနဲ့ ကျေနပ်နေတဲ့ အပြုံးကို ဖော်ပြရလောက်အောင် ပျော်ရွှင်နေတဲ့ ခံစားချက်ကို နားလည်သွားခဲ့တယ်။

လင်းယုန်သားက အလွန်ကို ချောမွေ့နူးညံ့တယ်၊ အသီးအရွက်တွေက လတ်ဆတ်နေတဲ့ ရနံ့ရှိကာ အသားခြောက်မာမာကြီးက ဝါးကောင်းရုံ အနေအထားလောက် စိမ်ထားတယ်။ အရွက်ချဉ်က ကျွတ်ဆက်ပြီးတော့ ကြက်သွန်မြိတ်ရိုင်းတွေကတောင် အရသာရှိနေတယ်။

ဒီကြက်သွန်မြိတ်ရိုင်းတွေကို လမ်းဘေးနေရာအနှံ့မှာ တွေ့နိုင်တယ်၊ သူအရင်ကလိုဆိုရင်တော့ စားမှာမဟုတ်ဘူး၊ ဟင်းပွဲမှာ တန်ဆာဆင်ရုံလောက်ပဲ။ သူသာစားမိခဲ့ရင် အကုန်လုံးကို ပြန်ဖယ်ပြီးတော့ ထွေးထုတ်မိမှာ။

ဒါပေမဲ့ သူဟင်းရည်ကို သောက်လိုက်တော့ ကြက်သွန်မြိတ်တွေက အရမ်းအရသာရှိနေကာ ဖော်မပြနိုင်တဲ့ လန်းဆန်းမှုကို ပေးစွမ်းတယ်။

သူ့ရဲ့ အာရုံတွေက ရုတ်တရက် ပိုကောင်းလာသလို ထိပ်ဆုံးပညာရှင်ဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးကပ်လာသလိုပဲ။

သူက တကယ့်ကို စိတ်ပျက်သွားတယ်။ ခုနက အကြာကြီး အလှတရားကို ငေးပြီး မှိုင်တွေနေခဲ့တာ။

သူ သတိပြန်ဝင်ချိန်မှာ အိုးထဲမှာ အသားရော ဟင်းသီးဟင်းရွက်ကော မကျန်သလောက်ပဲ။

ကျန်းမြန့်မြန့်လည်း အကုန်လုံးစားတာကို ကြည့်ပြီး သွားရည်ကျနေတယ်။ ဟင်း၊ သူမလုံးဝကို အားမကျပါဘူးနော်၊ သူမ အမေ့နို့သောက်ရတာကလည်း အတူတူပါပဲလေ။

ဘာလို့လဲဆိုတော့ အမေက ဒီအရာတွေစားခဲ့တာကြောင့် ပြောရရင် သူမလည်း စားလိုက်ရသလိုပါပဲ။

ပြီးတော့လည်း ဒီနေ့လယ်ကတင် သူမ အဲ့ဒီကြက်သွန်မြိတ်ရိုင်းတွေအပေါ် ရေသွန်ထားတာကြောင့် သူမ အဲ့တာတွေကို မစားချင်ပါဘူးနော်။ (-.-)

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now