Chapter 42

1.3K 177 0
                                    

အခန်း (၄၂) မိသားစု ပြန်လည်ပေါင်းစည်း

တောင်တန်းတွေက မြင့်မားပြီး သစ်တောက ထူထပ်ကာ များသောအားဖြင့် မြူဆိုင်းနေတတ်တယ်။

ဒီကနေ့ အမေချင်လော့ရှားက နောက်ထပ်မြွေကြီးတစ်ကောင် ရှာဖို့သွားခဲ့တယ်။

သူမက တောင်ကုန်းတွေတက်ကာ စမ်းချောင်းတွေ ကျော်ဖြတ်ခဲ့ပြီး လူသူမရောက်နိုင်တဲ့ နောက်ထပ် တောင်တန်းနေရာကို မသိလိုက်ပါပဲ ရောက်သွားခဲ့တယ်။

သူမက အချိန်ကို တွက်ပြီး မြန်မြန်လှုပ်ရှားခဲ့တယ်၊ ပြန်ပြီး ကလေးကို နို့တိုက်ရဦးမယ်လေ။

တောနက်ထဲမှာတောင် သူမက မြေပြန့်ပေါ် သွားလာနေရသလို သွက်လက်စွာ လှုပ်ရှားကာ ချင်းယွမ်တောင်အထိ ရောက်အောင် ပြေးသွားခဲ့တယ်။

ချင်းယွမ်တောင်က ကျောက်လူကြီးမင်းပိုင်ကာ သူမခင်ပွန်းက သားဖြစ်သူ ကျန်းဖုန်းကိုတောင် အဲဒီကို မသွားခိုင်းတာကြောင့် သူမလည်း ခင်ပွန်းဖြစ်သူအတွက် ပြဿနာ ယူမလာချင်ခဲ့ဘူး။

အဲ့တာကြောင့် သူမ ခပ်ဝေးဝေးကနေ ရှောင်သွားလိုက်တယ်။

ချင်းယွမ်တောင်တန်း နယ်နိမိတ်က ပိုတောင် ကျယ်သေးတယ်၊ သူမ တစ်ခါမှ မရောက်ဖူးတဲ့ ဘုရားကျောင်းလည်း တောင်ပါ်မှာရှိတယ်၊ ဘာလို့ဆို ဘုရားဝတ်ပြုပြီး အမွှေးတိုင်ထွန်းဖို့ကလည်း ပိုက်ဆံကုန်တယ်လို့ သူမ ကြားခဲ့ရတယ်လေ။

အမေ နေမကောင်းဖြစ်နေတုန်းကတောင် သူမ ဘုရားကျောင်းမှာ သွားပြီး ဆုတောင်းချင်ခဲ့ပေမဲ့ ရှိတဲ့ ပိုက်ဆံအနည်းငယ်က အမေ့ဆေးဖိုးနဲ့ အခေါင်းဝယ်ဖို့ သုံးလိုက်ရတာကြောင့် ပိုက်ဆံမရှိလို့ ဘုရားကျောင်းကို တစ်ခါမှ မရောက်ဖူးခဲ့ဘူး။

ဗုဒ္ဓက ဆင်းရဲသားတွေကို မဆောင်မခဲ့ဘူး၊ ဆင်းရဲသားတွေက ဘုရားကျောင်းမှာလာပြီး အလှူခံဗန်းထဲကို ပိုက်ဆံမှ မလှူနိုင်ဘဲလေ။

သူမ အရင်က ချင်းယွမ်ဘုရားကျောင်းကို မရောက်ခဲ့ဘဲနဲ့ ယခုမှ ချင်းယွမ်ဘုရားကျောင်းမှာ မြွေအမဲလိုက်ဖို့ ရောက်လာတာက နည်းနည်းတော့ လေးစားမှုမရှိသလိုပဲ၊ ဘာလို့ဆို ဘုရားကျောင်းက ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေနဲ့ မြွေတွေကလည်း ပူဇော်ထားတဲ့ အမွှေးတိုင်နံ့တွေ စွဲထင်နေပြီလေ။

ချင်လော့ရှားက ဒီနေရာကို တစ်ခါမှမရောက်ဖူးဘူး။

အဲ့တာကြောင့် သူမ လမ်းမှားသွားခဲ့တယ်။

မတ်စောက်နေတဲ့ ချောက်နက်ကြီးနဲ့ တောင်ထိပ်က ပြန့်ကျဲနေတဲ့ အိမ်လေးတွေကိုကြည့်ရင်း ဒါဘုရားကျောင်းနဲ့တော့ မတူဘူးလို့ ထင်လိုက်တယ်။

သူမ ကြားထားတာ ဘုရားကျောင်းက အရမ်းလှ၊ အရမ်းချမ်းသာပြီးတော့ ရွှေရောင်အသုံးအဆောင်တွေနဲ့ တလက်လက်တောက်ပနေတယ်တဲ့။

သူမက အရင်ဆုံးပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ ပြန်သွားပြီးမှ မြွေကြီးကို ဘယ်နေရာမှာ ရှာလို့တွေ့လောက်မလဲဆိုတာ သေချာစဉ်းစားရမယ်။

သူမ လျှောက်သွားကြည့်နေတုန်း မထင်မှတ်ပဲ ယောက်ျားသား ၄ ဦးနဲ့ ဆုံခဲ့တယ်။

သူတို့က ဒီတောနက်ထဲမှာနေတဲ့ လူတွေပဲ၊ လူစိမ်းတွေ။

တစ်ယောက်က ပုဆိန်၊ နှစ်ယောက်က ဓားပြားကြီးတွေနဲ့ နောက်ဆုံးတစ်ယောက်က လှံရှည်ကို ကိုင်ထားကြတယ်။

ချင်လော့ရှားက ပုန်းအောင်းနေခဲ့ပြီး မလှုပ်ရဲဘူး၊ ခင်ပွန်းရှိပြီးသား သိက္ခာရှိတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ သူမက သူစိမ်းအမျိုးသားတွေရှေ့မှာ သာမန်ကာလျှံကာ ပေါ်မလာသင့်ဘူး၊ ရွာထဲမှာကတော့ မျက်နှာသိတွေပဲဆိုတော့ ကိစ္စမရှိဘူးလေ။

ဒီတောနက်ထဲမှာတော့ သူမ သတိထားရလိမ့်မယ်။

သူမ စောင့်ဆိုင်းပုန်းအောင်းနေရင်း သဘာဝကျကျနဲ့ ပုန်းနေခဲ့ကာ ချက်ချင်းပဲ တောင်ပေါ်တောအုပ်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်။

အမျိုးသား ၄ ယောက်က သူမ အနားရောက်လာကာ ကျန်းအနည်းငယ်ပဲ ကွာတော့တယ်။ (၁ ကျန်း = ၁၀ ချီ = ၃.၅၈ မီတာ = ၁၁ ပေ ၉ လက်မ)

သူတို့ရဲ့ ပုဆိန်က သူမရဲ့ ထင်းခွဲတဲ့ ပုဆိန်ထက် ကြီးတာကို မြင်လိုက်ရတယ်။ သူတို့ရဲ့ ဓားမကြီးတွေကလည်း သူမဟာထက် ကြီးတယ်၊ ဒါပေမဲ့ လှံကတော့ သူမရဲ့ လှံရှည်လောက် သိပ်မကောင်းလေဘူး။

လှံရှည်ကိုင်ဆောင်လာတဲ့ အမျိုးသားကတော့ နည်းနည်းသတိရှိကာ သူမ ရှိရာဘက်ကို အကြိမ်အနည်းငယ်လောက် လှမ်းကြည့်ခဲ့တယ်။

ချင်လော့ရှားက ထိုယောက်ျား ၄ ဦးပြောနေတာကို ကြားလိုက်ရတယ်။

"ဟူတကော၊ အဲဒီငတုံးတွေကို ဘယ်နားသွားသုံးစားရမှာလဲ"

"သူတို့ကို သေတွင်းပို့မိရင် အပြစ်တင်ခံနေရဦးမယ်"

"ကျွန်တော်တော့ ဒီတစ်ခေါက် မကောင်းတဲ့ ခံစားချက်ရနေတယ် ဟူတကော။ တကယ်လို့သာ ကောင်းတာ တစ်ခုခုဆိုရင် ဒုတိယသခင်ကြီးက သူကိုယ်တိုင်သွားမှာပေါ့"

"ချမ်းသာကြွယ်ဝမှုက အန္တရာယ်ကြားကနေမှ ရတာပဲ၊ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ စောင့်ကြည့်ကြတာပေါ့"

ချင်လော့ရှားက ထိုသူတွေပြောတာကြားပြီးတော့ သူမနို့တွေတောင် ထွက်ကျတော့မတတ် ကြောက်သွားတယ် - ဘုရားရေ၊ သူမ တကယ်ကြီး တောင်ပေါ်ဓားပြတွေနဲ့ တွေ့နေတာပဲ။

ဓားပြတွေက ဒီမှာပေါ်လာတာ၊ သူမ ခုနက တွေ့ခဲ့တဲ့ တောင်စောင်းက အိမ်လေးတွေက ဘုရားကျောင်းမဟုတ်လောက်ဘဲ ဓားပြတွေရဲ့ စခန်းပဲနေမှာ။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ။

သူမက ပိုပြီးလုံခြုံအောင် ပုန်းနေလိုက်ကာ ထိုသူတွေ အဝေးကိုလျှောက်သွားပြီးမှ လှည့်ပြေးခဲ့တော့တယ်။

သူမက အရမ်းတောင့်တင်းပြီး အကြောက်လွန်နေတာကြောင့် ပြန်လှည့်ပြေးချိန်မှာ သစ်ပင်တစ်ပင်ကို တိုက်မိခဲ့တယ်။

နောက်ကနေ ပုံမှန်လျှောက်လာတဲ့ ဓားပြ ၄ ယောက်က လဲကျနေတဲ့ သစ်ပင်ကို ဖြတ်သွားတော့...

"ဟူတကော ဒီသစ်ပင်က တစ်ခုခုမှားနေသလိုပဲ၊ မနေ့ကတောင် အကောင်းကြီးပါ" လှံရှည်ကိုင်လာတဲ့ ဓားပြက စူးစမ်းစွာနဲ့ ပြောလိုက်တယ်။

ဓားပြားကြီး ကိုင်လာတဲ့ ဓားပြ ၂ ယောက်ကလည်း ရပ်လိုက်ကာ သူတို့ရဲ့ ဓားမကြီးတွေနဲ့ ဒီလောက်တုတ်တဲ့ သစ်ပင်ကို ခုတ်ရင်တောင် အတော်အချိန်ယူရလိမ့်မယ်လို့ တွက်မိလိုက်ကြတယ်။

ပုဆိန်ကို ထမ်းလာတဲ့ ဟူတကောက လဲကျနေတဲ့ သစ်ပင်ရှေ့မှာ သုံးစက္ကန့်လောက် ရပ်ကြည့်ပြီး ပြောလိုက်တယ်။ "မျက်စိမမြင်တဲ့ ဝက်ဝံတစ်ကောင်ကောင် တိုက်ချသွားတာ နေမှာပါကွာ။ ဒီတောင်ပေါ်မှာ မျက်မမြင်ဝက်ဝံတွေ ရှိပေမဲ့ ပုံမှန်တော့ ဒီဖက်ကို မလာကြဘူး။ မင်းတို့အားလုံး တောင်ပေါ်ပတ်ကင်းစောင့်ရင် သတိထားကြပေါ့၊ အဲ့ဒီအကောင်တွေနဲ့ မတိုးမိစေနဲ့၊ မဟုတ်ရင်တော့ သေဖို့သေချာသလောက်ပဲ"

လေးယောက်အုပ်စုက ဆက်သွားခဲ့ကြတယ်။

လှံရှည်ကိုင်တဲ့ ဓားပြက လဲနေတဲ့သစ်ပင်ကို လှည့်ကြည့်ကာ တစ်ခုခုလိုနေသလို ခံစားရပေမဲ့ သူလည်း ဘာမှန်းတော့ သိမနေဘူး - မြေပေါ်မှာလည်း ဝက်ဝံခြေရာတော့ မတွေ့ပေမဲ့ ဟူတကောက မျက်ကန်းဝက်ဝံဆိုတော့လည်း မျက်ကန်းဝက်ဝံပဲပေါ့။

ချင်လော့ရှားက အိမ်ပြန်ရောက်တဲ့အထိ ဒုန်းစိုင်းပြေးသွားခဲ့တယ်။ အပြင်လောက,က တကယ့်ကို အန္တရာယ်များလွန်းတယ်၊ သူမ ခင်ပွန်းပြောတာ အမှန်တွေပဲ။

သူမ အိမ်နားနီးတော့မှ ဟင်းရွက်ရိုင်းတချို့ ခူးခဲ့ဖို့ မေ့သွားမှန်း သတိရတော့တယ်။

ဒါပေမဲ့ အိမ်နားက အသီးအရွက်တွေက အကုန်လုံးဝိုင်းခူးလို့ ပြောင်နေပြီ။ ဒါနဲ့ပဲ တွေးကြည့်လိုက်တော့ သူမက သစ်ပင်တစ်ပင်ကို အမြစ်ကနေ တူးပြီးပဲ ယူသွားလိုက်တယ်။ သူမ မိသားစုက သစ်ပင်အရိပ်အောက်မှာ အေးအေးလူလူ ထိုင်ရတာ ကြိုက်ကြတယ်လေ။

သစ်ပင်တစ်ပင်တည်းရှိတာက အရမ်းကို ရှင်းလင်းနေလွန်းတာကြောင့် သူမ နောက်တစ်ပင်လောက် ထပ်စိုက်ပြီးတော့ ပိုပြီး စိမ်းစိမ်းစိုစို ဖြစ်သွားစေတယ်။

ချင်လော့ရှားက ဟောဟဲစိုက်ကာ သစ်ပင်ကို အိမ်ပြန်သယ်သွားခဲ့တယ်။

ဒါပေမဲ့ အိမ်မှာ ဘယ်သူမှမရှိဘူး။

သူမ ရွာထဲကို လိုက်မေးကြည့်လိုက်တော့ ယွီကျဲက သူ့ညီမလေး မြန့်မြန့်ကိုရောခေါ်ကာ အားချွေ့နဲ့ ခရိုင်မြို့ပေါ်ကို ပစ္စည်းဝယ်ဖို့ ဈေးသည်နဲ့အတူလိုက်သွားတယ်လို့ ပြောကြတယ်။

ရွာထိပ်မှာ အားချွေ့အမေကတော့ အော်ဆဲနေလေပြီ။ "သူတို့သွားခဲ့တာ ကြာလှပြီ၊ အခုထိ ပြန်မလာကြသေးဘူး၊ တစ်နေရာ သွားပျင်းနေကြပြန်တာနေမှာ။ အဲဒီ အပျင်းကြီးတဲ့ ယွီကျဲကတော့ ငါ့အားချွေ့ကို အကျင့်ဆိုးတွေ ကူးကုန်ပြီ"

ချင်လော့ရှားက တစ်ခုခုမှားနေသလို ခံစားရတယ်။ လောဘကြီးတတ်ပေမဲ့ ယွီကျဲက အကန့်အသတ်ရှိတယ်။ နေတောင် နောက်ဖက်မှာ စောင်းနေပြီ။ သူတို့ဘယ်လိုလုပ် ပြန်မရောက်ကြသေးတာလဲ။

သူမရဲ့ လက်လက်ထသမီးလေးက အပြင်ထွက်ဆော့ရင်တောင် အချိန်ကိုကြည့်ပြီး သူမ ပြန်မရောက်ခင် သေချာပေါက် အိမ်ကိုအရင်ပြန်ပြေးမှာ။

လမ်းတစ်လျှောက် ချင်လော့ရှားက သူမကိုယ်သူမ အပြစ်တင်နေမိတယ်။ ဒါတွေအားလုံး သူမအမှားပဲ၊ သူမ မိသားစုကို ကောင်းကောင်း မစောင့်ရှောက်နိုင်လို့ပဲ။

သူမ ခင်ပွန်းက အလုပ်သွားနေခဲ့တာကို သူမကတော့ ယွီကျဲနဲ့ ရှောင်မြန့်မြန့်ကို ပျောက်သွားခဲ့တယ်။

သူမ ခင်ပွန်းက ကလေးချစ်တတ်ကာ မိန်းကလေးဆိုတာတောင် မမှုဘဲ အယောက်တိုင်းကို အလိုလိုက်ပေးခဲ့တယ်။

ချင်လော့ရှားရဲ့ ရင်က ပူပန်မှုနဲ့ တုန်နေပေမဲ့ သူမကိုယ်သူမ အထိတ်တလန့်မဖြစ်စေဖို့ သတိပေးကာ သူမ ခင်ပွန်းအကြောင်းသာ စဉ်းစားနေခဲ့တယ်။

ဘာတွေပဲ ဖြစ်လာဖြစ်လာ ခင်ပွန်းဖြစ်သူက အမြဲတမ်း တည်ငြိမ်ပြီး ဖြေရှင်းနိုင်တယ်။

သူမလည်း တည်ငြိမ်ရမယ်၊ တည်တည်ငြိမ်ငြိမ်နေ။

ရွာကနေထွက်ပြီးတော့ သွားတဲ့လမ်းကို ဂရုတစိုက်ကြည့်ခဲ့တယ်။

ဘေးက တောင်တွေ တောတွေကို စစ်ဆေးလိုက်တယ်။

သူမ တစ်ယောက်ယောက် ပုန်းခိုနေခဲ့တဲ့နေရာကို ရှာတွေ့ခဲ့တယ်။ လူတွေက ထိုနေရာမှာ ထိုင်နေခဲ့ပြီးတော့ ခြင်းတောင်းနှစ်လုံးကိုတောင် ချန်ထားခဲ့သေးတယ်။

ဈေးသည်မှာ ကြံရာပါရှိတယ်၊ လူတစ်ယောက်တည်းနဲ့ ကလေးသုံးယောက်လုံးကို ဖမ်းခေါ်မသွားနိုင်ဘူး။

လမ်းခွဆုံမှာတော့ တစ်လမ်းက ခရိုင်မြို့ကိုသွားကာ တစ်လမ်းက မြို့ပြင်ကို ထွက်သွားတယ်။

တွေဝေမှုမရှိ ချင်လော့ရှားက မြို့ပြင်ထွက်တဲ့လမ်းကို လိုက်ခဲ့တယ်။

လမ်းတစ်လျှောက် သူမ လှည်းလမ်းကြောင်းကိုလည်း တွေ့ရတယ်။ ဆွေကြီးမျိုးကြီးထဲက တချို့လည်း မြို့ပြင်ထွက်ခဲ့ကြတယ်။ တကယ်လို့ သူတို့က ကလေးဖမ်းသမားနဲ့ ဆုံခဲ့ကြသေးလား မသိဘူး၊ တကယ်လို့ ဆုံခဲ့ကြရင် ကလေးတွေဖမ်းလာတာကို သံသယဝင်ကာ ကယ်နိုင်ခဲ့ကြသလားလည်း မသိချေဘူး။

ချင်လော့ရှားက သူမကိုယ်သူမ အစိုးရိမ်လွန်ခြင်းကနေ ထိန်းနိုင်ဖို့ အကောင်းဖက်က ကြည့်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမဲ့ လမ်းတစ်လျှောက် ကျနေခဲ့တဲ့ အဝတ်အစအနတွေကို ကောက်ယူကာ နမ်းကြည့်လိုက်တော့ နို့်တိုက်နေဆဲဖြစ်လို့ အမြဲရနေတဲ့ ကျန်းမြန့်မြန့်ရဲ့ နို့နံ့လေးကို ရလိုက်ကာ သူမ စိတ်ဓာတ်က ပိုကျသွားတော့တယ်။

ဒါက သူမ တိုက်ထားတဲ့ နို့နံ့နဲ့အတူတူပဲ၊ သူမ သေချာပေါက် မှတ်မိတာပေါ့။

ချင်လော့ရှားက ပိုပြီး မြန်မြန်လျှောက်လိုက်တယ်၊ သူမ ခြေလှမ်းတွေ ပိုသွက်လာတယ်။

ဘာတွေဖြစ်သွားလဲဆိုတာ သူမ တွေးမကြည့်ရဲဘူး၊ ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘဲ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်နိုင်တယ်။ လမ်းတစ်လျှောက်မှာ ရှောင်မြန့်မြန့်ရဲ့ အဝတ်စတွေ ကျနေကာ သူမလိုက်ဖို့ သဲလွန်စကို ပေးခဲ့တယ်။

သူမနှလုံးသားက ဝရုန်းသုန်းကားဖြစ်နေပြီးတော့ သူမရဲ့ ရုပ်ပုံက လမ်းကို မြန်မြန်သွားရင်း သွားရင်း အရိပ်ပဲ ကျန်ခဲ့တော့တယ်။

ညနေခင်းကောင်းကင်က တိမ်တောက်ကာ နီရဲနေတယ်။

ချင်လော့ရှားရဲ့ မျက်လုံးတွေလိုပဲ။

ရုတ်တရက် နီးကပ်လာတဲ့ ခွာသံတွေကို သူမကြားလိုက်ရတယ်။

သူမက ဘေးဖယ်မပေးဘဲ လမ်းလယ်ခေါင်မှာ ရပ်နေခဲ့တယ်။ အကယ်၍များ ဈေးသည်ကို တွေ့မိသေးလားလို့ တစ်ယောက်ယောက်ကို ရပ်ပြီးမေးဖို့ပေါ့။

ချင်လော့ရှားက လမ်းရဲ့အလယ်မှာ သူမရဲ့ လှံရှည်ကို ကိုင်ကာ ရပ်နေခဲ့တယ်။

"ဝိုး"

တောထဲ ဘယ်သူမှမရှိတော့ မြင်းတွေက အရှိန်အမြင့်ဆုံးနဲ့ ပြေးလာနေကြတာပေါ့။

ပြီးတော့ ညနေဝင်ချိန်ဖြစ်တာကြောင့် ဘေးတစ်ဖက်စီက တောင်တန်းတွေ သစ်တောတွေနဲ့ ရှုခင်းက လှပနေတယ်။

ရှေ့ဆုံးကလူက တစ်ယောက်ယောက် လမ်းပိတ်ရပ်နေတာကို မမြင်ခဲ့ဘူး။

နောက်ဆုံးချိန်လောက်မှ မြင်သွားကာ မြင်ကို ဇက်ကြိုးတန့်လိုက်တာကြောင့် နောက်ကလူတွေကို ထိတ်လန့်သွားစေတယ်။

စီးနင်းလာသူက ဒေါသတကြီး အော်ဟစ်တော့မလို။ မြင်းစီးလာတဲ့ အုပ်စုရှေ့ လမ်းလယ်မှာ လာမတ်တတ်ရပ်နေတာ သေချင်နေတာလား။

ဒါပေမဲ့ မြင်းတွေက လူတွေထက် ခံစားလွယ်ပြီး ဒီအရှေ့ကလူက ကြမ်းကြုတ်တဲ့ မြွေလို၊ ဝက်ဝံကြီးလို ရောင်ဝါမျိုး ပေးစွမ်းတာကြောင့် မြင်းတွေကို ရပ်ရုံမဟုတ်ဘဲ နောက်ပြန်ဆုတ်သွားစေခဲ့တယ်။

ချက်ချင်းပဲ မြင်းစီးသမားတွေဟာ မြင်းပေါ်က အပုံလိုက် ပြုတ်ကျကုန်ကြတယ်။

"ငါတို့ ဓားပြတွေနဲ့ တွေ့နေတာလား"

အုပ်စုရဲ့ အနောက်ကလူက အံ့အားသင့်ပြီး ပြောလိုက်တယ်။

ဘယ်သူက ခရိုင်မြို့နဲ့ နီးနီးလေးမှာ ဒီလိုတရားမဲ့တဲ့လုပ်ရပ်မျိုး လုပ်ရဲတာလဲ။

အစက ရဲတင်းနေတဲ့ လူမိုက်လေးအချို့က အခုမှ သူတို့ရဲ့ ဦးနှောက်လေးထဲကို သူတို့လုပ်ဖို့ ကြံစည်ခဲ့တာနဲ့ ပတ်သက်ပြီး အကြောက်တရားက ဝင်လာတယ်။ သူတို့က ဘာမှလုပ်နိုင်စွမ်းလည်း မရှိဘဲနဲ့ ဒီကြီးမားတဲ့ မြင်းတပ်ကို ဓားပြတိုက်ဖို့ ကြံစည်ခဲ့တာ၊ သေချင်နေကြတာပဲ။

တောက်တိုမယ်ရကောင်လေးကလည်း သူရဲ့ အသိမိတ်ဆွေ ဟူတကောက သူတို့ကို အပျော်လာပေါင်းခိုင်းတာ မဟုတ်ဘဲ သူတို့ကို သေလမ်းပို့ဖို့ဆိုတာ သဘောပေါက်သွားတယ်။

ဒါပေမဲ့ သူတို့အိမ်ရောက်ခါနီးမှာ နောက်ထပ်ဓားပြတွေနဲ့ ကြုံမယ်လို့ ထင်မထားဘူး။ မဟုတ်မှ ဟူတကောက သူတို့လူတွေ ပြန်ခေါ်လာပြီး ခြုံခိုတိုက်တာလား။

ကျန်းဖုန်းက သူ့ညီမနှစ်ယောက်ကို အကာအကွယ်ပေးထားပြီး ဘေးကို သတိနဲ့ကြည့်လိုက်တယ်။

မသေမရှင်ဖြစ်နေတဲ့ ဈေးသည်နှစ်ယောက်ကတော့ သူတို့မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာတယ်။ တကယ်လို့ တိုက်ခိုက်ဖို့ စောင့်နေတဲ့ ဓားပြတွေသာဆိုရင် သူတို့အရှုပ်အထွေးထဲမှာ လွတ်ဖို့လမ်းရနိုင်တယ်။

ဟယ့်ချန်နဲ့ မုန့်ရှောက်ရှားတို့ မျက်ဝန်းတွေ လက်သွားတယ်။ သူတို့က ဝဖြိုးတဲ့ သိုးတွေလို ဟန်ဆောင်ပြီး လမ်းတစ်လျှောက်မှာ ဓားပြတွေကို ဆွဲဆောင်ကာ မကောင်းမှုလုပ်တဲ့သူတွေကို ရှင်းလင်းနိုင်ခဲ့တယ်။ သူတို့က ခရိုင်မြို့လေးမှာလည်း ကြုံလိမ့်မယ်လို့ မထင်မိဘူး။ ဒါ အကြောက်တရားမရှိတာပဲ။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲ။ သူတို့ရဲ့ မြင်းတွေက ပိုကောင်းတာကိုတောင်မှ သူတို့ရှေ့ကနေ ရုတ်တရက် ပိတ်ရဲတယ်။

ဒါပေမဲ့ အဲ့တာက မိန်းမကြီးတစ်ယောက်ပဲဆိုတာ တွေ့လိုက်ရတယ်။

ရင်ဘတ်ကြီးကြီးနဲ့ မိန်းမကြီးတစ်ယောက်...

ချင်လော့ရှားကလည်း လူတွေအများကြီးကို မြင်တော့ ရင်ထိတ်သွားပေမဲ့ အဲ့တာကို စိတ်မပူနိုင်သေးဘူး။ သူမ ကျယ်လောင်စွာမေးလိုက်တယ်။ "တစ်ယောက်ယောက်များ လူပုဈေးသည်ကို တွေ့မိကြသေးတား"

မြင်းပေါ်က ဟယ့်ချန်က အဲ့ဒီလူပုလေးကို တစ်ယောက်ယောက်က လာရှာမယ်လို့ မထင်ထားဘူး။ သိချင်သွားကာ မေးကြည့်လိုက်တယ်။ "ခင်ဗျားနဲ့ အဲ့ဈေးသည် ဘာတော်လို့လဲ။ ဘာလို့ သူ့ကိုရှာနေတာလဲ"

ချင်လော့ရှားက သူ့မေးခွန်းကိုကြားတော့ နှလုံးခုန်မြန်သွားတယ်။ "အဲ့ဈေးသည်က ကျွန်မ ကလေးတွေ ဖမ်းသွားတာပါ။ ကျွန်မ ကလေးတွေကို လိုက်ရှာနေတာ"

မုန့်ရှောက်ရှားက ထိုမိန်းမရဲ့ လှံရှည်ကို မြင်သွားကာ ထူးဆန်းတယ်လို့ ထင်မိတယ်။

သူက ထိုမိန်းမကြီးဟာ လမ်းလယ်မှာရပ်နေပြီး သူ့ရဲ့ မြင်းတပ်တစ်တပ်လုံးက ထူးဆန်းစွာနဲ့ သူမနဲ့ တစ်ကျန်းအကွာလောက်မှာ ရပ်တန့်နေကာ မြင်းတွေက နောက်ပြန်ဆုတ်နေတဲ့ အရိပ်အယောင်လည်း ရှိနေတယ်။

"အဲ့တာ အမေပဲ" ကျန်းမြန့်မြန့်က အကြားအာရုံကောင်းကာ အမေ့အသံကို အဝေးကနေ ကြားနိုင်တယ်။ သူမက ရင်းနှီးနေတဲ့ နို့နံ့လေးကိုလည်း ရလိုက်တယ်။

သူမ ကျယ်လောင်စွာ အော်လိုက်တယ်။ "ဝါး ဝါး ဝါး"

သူမ အော်ရင်းနဲ့ မျက်ရည်တွေ ကျဆင်းလာတယ်။ "ဝါး ဝါး ဝါး"

ချင်လော့ရှားလည်း ကလေးငိုသံကြားတာကြောင့် မေးခွန်းတွေ မေးမနေနိုင်တော့ဘဲ အုပ်စုအလယ်ကို ပြေးသွားလိုက်တယ်။

သူမ ဖုန်းအာကို သွေးတွေနဲ့ တွေ့လိုက်ရတယ်။ သူမရဲ့ တုံးအတဲ့ ယွီကျဲလေးရော အော်ငိုနေတဲ့ မြန့်မြန့်ကိုရော။

ချင်လော့ရှားလည်း လည်ချောင်းထဲ တစ်ဆို့ကာ မျက်ရည်တွေက ပါးပြင်ပေါ် မထိန်းနိုင်ဘဲ ကျလာတယ်။

သူမ ကလေးကို ဆုံးရှုံးရတော့မလို့။ သူမ ခင်ပွန်းနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ။

အစောင့်တပ်နဲ့ မျိုးရိုးမြင့် သခင်လေးနှစ်ဦးတို့က မိသားစု ပြန်လည်တွေ့ဆုံပွဲကို အလွန်အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။

ဒါအရမ်း စိတ်ထဲထိသွားတာပဲ။ ဒါပေမဲ့ ဒီအမျိုးသမီး သူတို့ကြားကို ဘယ်လိုဖောက်ဝင်သွားလဲဆိုတာ ဇဝေဇဝါဖြစ်နေတုန်းပဲ။

တစ်ချိန်တည်းမှာ ဈေးသည်လင်မယားမျက်ဝန်းထဲက မျှော်လင့်ချက်လေးက ဆိတ်သုဉ်းသွားပြန်တယ်။

ချင်လော့ရှားက သူမရဲ့ သမီးငယ်လေးကို ပွေ့ဖက်ထားရင်း ချော့မော့လိုက်တယ်။ ကျန်းမြန့်မြန့်က အမေ့ရင်ခွင်ထဲရောက်တော့ ပျော်လွန်းလို့ မျက်ရည်ကျလာတယ်။

အပြင်လောကက အန္တရာယ်များလိုက်တာ။ အခုကစပြီး သူမဘယ်မှ မသွားတော့ဘူး။ သူမ အမေ့ကိုပဲ တွယ်ကပ်နေတော့မှာ။ အမေ့ရဲ့ ကျယ်ပြော ကြံခိုင်တဲ့ ခန္ဓာကိုယ်က အကောင်းဆုံးနေရာပဲ။

သူမ ကြို့ထိုးတဲ့အထိ ငိုခဲ့တယ်။

သူမ နို့ဆာနေပေမဲ့ နည်းနည်းတော့ ရှက်နေတယ်။

ချင်လော့ရှားက သူမကလေးကို ဖက်ထားပြီး အရင်ဆုံး အုပ်စုကို ခေါင်းဆောင်လာတဲ့ သခင်လေးနှစ်ယောက်ကို ကျေးဇူးတင်ခဲ့တယ်။

သူမ အကြည့်တွေက ဈေးသည်လင်မယားဆီ ရောက်သွားပြီးတော့ ချင်လော့ရှားက ပြောလိုက်တယ်။ "ကျွန်မ ကြားတာ သူတို့က ဒီလိုအလုပ်လုပ်ရတာက သူတို့ရဲ့ နေမကောင်းတဲ့ ကလေးအတွက် ဆေးဖိုးရှာတာလို့ ကြားတယ်။ ကလေးအတွက် မိဘတွေရဲ့ နှလုံးသားက သနားစရာပဲ။ ကျွန်မ သူတို့ကို စကားတချို့ ပြောလို့ရမလား"

အကုန်လုံးက နို့တိုက်အရွယ်ကလေးကို ချီထားတဲ့ ဒီအမျိုးသမီးကို ကြည့်ပြီး အခုမှ မီးဖွားပြီးခါစ အမျိုးသမီးတွေက နှလုံးသားနူးညံ့ဆုံးလို့ ထင်မိတယ်။ ဟိုလင်မယားက သူ့ကလေးကို ရောင်းစားချင်တာတောင်မှ သူမက သူတို့ကို သနားစရာကောင်းတယ်လို့ ပြောနေသေးတာ။

ဒီမျက်နှာဝိုင်းဝိုင်း၊ ကြင်နာတဲ့မျက်ဝန်းနဲ့ အမျိုးသမီးကြည့်ရတာ ရင်းနှီးလွယ်တဲ့ပုံပဲ။

ဘယ်သူမှ မကန့်ကွက်ခဲ့ကြဘူး။

အမေက ဈေးသည်လင်မယားနား သွားခဲ့တယ်။ ကျန်းမြန့်မြန့်က အနည်းငယ်ကြောက်ရွံ့နေကာ အမေ့လက်မောင်းကို တင်းတင်းဖက်ထားတယ်။ သူမက အမေ့နားကို တိုးကပ်ကာ သူမ ရနံ့လေးကို ရှူသွင်းလိုက်တယ်။

ဈေးသည်လင်မယားရဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်ရှိလာပြန်တယ်။ ဟုတ်တယ်၊ သူတို့မှာလည်း အခက်အခဲရှိလို့ပါ။

မိန်းမဖြစ်သူက မျက်ရည်တွေ နှာရည်တွေနဲ့ "ကျွန်မတို့မှာ ရွေးချယ်စရာမရှိလို့ပါ။ ဒါတွေအားလုံး ကျွန်မတို့ ကလေးအတွက် လုပ်ခဲ့ရတာပါ။ ကျွန်မတို့လည်း ဒီလိုမလုပ်ချင်ခဲ့ပါဘူး"

ကျန်းမြန့်မြန့်က တံတွေးနဲ့ ထွေးချင်ခဲ့တယ်။ သူတို့ရဲ့ ကလေးကတော့ ကလေးဖြစ်ပြီး သူများရဲ့ ကလေးတွေကရော?

အမေက ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။  "နားလည်ပါတယ်၊ ကျွန်မ နားလည်တာပေါ့။ ကျွန်မလည်း အမေတစ်ယောက်ပဲဟာ"

အမေက ဈေးသည်မိန်းမနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "ရှင်တို့သာ တရားရုံးကို ရောက်ရင် သေချာပေါက် အသတ်ခံရမှာပဲ။ ရှင်တို့ရဲ့ကလေးကို ထားခဲ့ဖို့ စိတ်မချဘူးဆိုတာ ကျွန်မ သိတယ်။ မနက်ဖြန် ကျွန်မ သူ့ကို ရှင်တို့မိသားစုနဲ့ ပေါင်းစည်းရအောင်လို့ ပို့ပေးလိုက်မယ်။ ကျွန်မ ကြားတာ သူက အ,အလေးဆိုပေမဲ့ ဝဝတုတ်တုတ်နဲ့ ကျန်းကျန်းမာမာပဲဆို။ သူက အခက်အခဲတွေနဲ့ မကြုံဖူးဘူးမလား။ ကျွန်မလည်း သူ့ကို မခံစားစေရပါဘူး။ သူ့လည်ပင်းကို ချိုးဖို့ အချိန်ခဏပဲ ယူမှာပါ၊ ပြီးရင် သူရှင်တို့ကို လာရှာလိမ့်မယ်။ သူ့ကိုစောင့်နေဖို့ မမေ့နဲ့နော်၊ မဟုတ်ရင် ကလေးက မရဏကမ္ဘာသွားတဲ့လမ်းမှာ တစ်ယောက်တည်း လမ်းပျောက်နေလိမ့်မယ်"

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now