Chapter 66

901 159 0
                                    

အခန်း (၆၆) အောင်သွယ်ခြင်း

မိုးက အခုလေးတင် တိတ်သွားတယ်။

လမ်းဘေးက မြက်ပင်တွေက ထူထပ်ပြီး စိုစွတ်နေတယ်။

ပြီးတော့ အရမ်းကို စိမ်းစိုနေတယ်။

ရွက်ချွန်းလေးတွေပေါ်က ရေစက်လေးတွေက နေရောင်အောက်မှာ တလက်လက်တောက်ပနေတယ်။

ရှောင်ကျန်းယွီရဲ့ တောက်ပနေတဲ့ မျက်ဝန်းလေးတွေလိုပဲ။

မုန့်ရှောက်ရှားက ထွက်ခွာတော့မယ်ဆိုပေမဲ့ သူက သူမအတွက် မုန့်ချိုတစ်ဗူးကို ဝယ်လာသေးတယ်။

မုန့်ရှောင်ရှားက သူ့ခါးက ဓားကိုထုတ်လိုက်ကာ လက်နှစ်ဖက်နဲ့ ယူလိုက်ပြီး ကျန်းဖုန်းကို ပေးလိုက်တယ်။

"ဒီဓားနာမည်က နံနက်ခင်းနေတဲ့၊ ကျွန်တော့်အဖိုးဆီက နှင်းအပ်ခံထားရတာ။ ဒါက စစ်ပွဲတွေ သွေးစက်တွေကို မြင်ဖူးထားပေမဲ့ သေခြင်းနဲ့ ထိုက်တန်တဲ့ သူတွေဆီကချည်းပါပဲ။ ကျန်းရှုန်း ကျွန်တော်တို့ ပထမဦးဆုံး စတွေ့ကတည်းက ချက်ချင်းဘဲ တစ်စိတ်တစ်ဝမ်းတည်းလို့ ခံစားခဲ့ရတာ၊ ဒါကြောင့် ဒီတန်ဖိုးထားရတဲ့ ဓားကို ခင်ဗျားကို ပေးခဲ့ချင်တယ်"

မုန့်ရှောက်ရှားက ဓားကို ကမ်းပေးလိုက်တယ်။

ကျန်းဖုန်းက စိတ်ခံစားသွားရတယ်။

သူက သာမာန်လူတွေရဲ့ အပြုအမူတွေနဲ့ နေသားကျနေပြီ၊ အပြင်ပန်းမှာ ရိုးသားပုံပေါ်ပေမဲ့ တကယ်တမ်းတော့ မရိုးရှင်းဘူး။

သူ့စကားလုံးနဲ့ ပြုမူပုံတွေက သတိမမူလိုက်မိဘဲ ရှင်သန်နေထိုင်နိုင်ဖို့အတွက် စည်းမျဉ်းတွေအတိုင်း ရုန်းကန်ခဲ့ရတယ်။

ဒါပေမဲ့ သူ့ရှေ့က မြို့တော်ကလာတဲ့ မေးရိုးလေးထောင့်နဲ့ ဒီအထက်တန်းစား လူငယ်လေးကတော့ သူတွေ့ခဲ့ရတဲ့ ရှားရှားပါးပါး စစ်မှန်တဲ့ လူတွေထဲက တစ်ယောက်ပဲ။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော် ဒီလို ဓားကောင်းနဲ့ မတန်ပါဘူး။ ကျွန်တော့်လက်ထဲမှာဆိုရင် အလဟဿဖြစ်နေလိမ့်မယ်" ကျန်းဖုန်းက အလောတကြီး ငြင်းပယ်လိုက်တယ်။

တကယ်တမ်း သူ မုန့်ရှုန်းရဲ့ ဓားကို လိုချင်တဲ့ ဆန္ဒမရှိပါဘူး။

အလွန်ဆုံး အစောင့်တွေ ကိုင်တဲ့ဓားလောက်ကိုပဲ တပ်မက်မိတာပါ၊ အဲ့တာတွေကတောင် သူ့အတွက် ကောင်းလွန်းနေပြီလေ။

သူ့ရှေ့က ဓားဦးက တန်ဆာမဆင်ထားတဲ့ ဓားအိမ်နဲ့ ရိုးရိုးရှင်းရှင်း ပန်းခက်ပန်းနွယ်လေးသာ ထွင်းထားတယ်။

ဓားရိုးကလည်း ပြောင်လက်နေပြီးတော့ မကြာခဏ အသုံးပြုထားတဲ့ ပုံစံတွေ့ရတယ် - ဒါက ဟန်ပြသက်သက် မဟုတ်ဘူး။

အထင်ရှားဆုံး အင်္ဂါရပ်ကတော့ လက်ကိုင်ရဲ့ အဆုံးက ကျောက်စိမ်း ဓားနှောင့်ပဲ၊ သူ့ရဲ့အဖြူရောင်က တဖြေးဖြေးနဲ့ သွေးနီရောင် ရင့်ရင့်ကို ကူးပြောင်းနေတယ်။

တောက်ပလှတဲ့ အနီရောင်။

နာမည်ကလည်း 'မနက်ခင်းနေ' တဲ့။

မုန့်ရှောက်ရှားက ဓားကို ကျန်းဖုန်းရဲ့ လက်ထဲ အတင်းထိုးပေးလိုက်တယ်။

"မင်းနဲ့ ထိုက်တန်ပါတယ်။ ရဲစွမ်းသတ္တိရှိတဲ့ လူအတွက် သူရဲကောင်းဓားတစ်လက်။ လာမဲ့ရက်တွေမှာ မြို့တော်အဝေးကနေ ကျွန်တော် သေချာပေါက် ချင်းယွမ်တောင်က ကျန်းဖုန်းဆိုတဲ့ နာမည်ကို သတင်းကြားရတော့မှာပဲ"

ကလေးငယ်ကို ပွေ့ထားရင်းနဲ့ မုန့်ရှုန်းရဲ့ အပြုအမူကြောင့် ဟယ့်ချန်တောင် သွေးဆူသွားတယ်။

စကားလုံးတွေက သူ့နှုတ်ခမ်းကနေ ထွက်သွားတယ်။ "ငါတို့ ဘာလို့ သွေးသောက်ညီနောင် မဖွဲ့ရမှာလဲ"

ဒါပေမဲ့ မုန့်ရှုန်းက သူ့ကို အာရုံစိုက်မနေဘူး။

ကျန်းရှုန်းကလည်း အဖိုးတန်ဓားကို တလေးတစား ကြည့်ရှုနေတယ်။

သူ့လက်ထဲက ကလေးက မျက်လုံးဝိုင်းကြီးတွေကို မျက်တောင်ခတ်လိုက်ကာ သွားရည်ကျလာပြန်တယ်။

တန်ဖိုးထားရတဲ့ ဓားကို ပေးပြီးတော့ မုန့်ရှောက်ရှားက တစ်ဖန် သူ့ရဲ့ ကျောက်စိမ်းပြားကို ဖြုတ်လိုက်ပြီး ကျန်းယွီကို ပေးလိုက်ပြန်တယ်။

"ဒီကျောက်စိမ်းပြားက ကိုယ့်ကို နှစ်ပေါင်းများစွာ အဖော်ပြုလာပြီး အန္တရာယ်ရှိတဲ့အချိန်မှာ ကာကွယ်ပေးခဲ့တာ။ ကိုယ်မင်းကို ပေးမယ် ရှောင်ယွီ။ ယူသွားပြီး ကောင်းကောင်းကြီးပြင်း ရင့်ကျက်လာပါ၊ မင်းကိုယ်မင်း အသိမ်ငယ်မခံနဲ့တော့"

ကျန်းယွီက မုန့်အချိုတွေအကြောင်း တွေးနေတုန်းမှာပဲ ရုတ်တရက် ဒီကျောက်စိမ်းပြားက သူမလက်ထဲ ထိုးထည့်ခံလိုက်ရတယ်။ လန့်သွားပြီး သူမတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်တယ်၊ လက်ချော်သွားရင် ကျောက်စိမ်းက ကျကွဲသွားမှာစိုးကာ အလျော်တောင်းမှာ ကြောက်နေတယ်။

သူမ ယခင်က ဒီလောက်တန်ဖိုးကြီးတာမျိုး မကိုင်ဖူးဘူး။

"ကျွန်မ ကျွန်မ ကျွန်မ မလိုချင်ဘူး" ကျန်းယွီက ငြင်းဆိုလိုက်တယ်။ ကျောက်စိမ်းပြားကို မုန့်ရှောက်ရှား မျက်နှာဆီ ပြန်တွန်းပို့လိုက်တယ်။

"အားမနာပါနဲ့။ ဒါ နှုတ်ဆက်လက်ဆောင်အနေနဲ့ပါပဲ။ ကြည့်ပါလား၊ ကိုယ်တို့အားလုံးက တခြားသူတွေနဲ့ တွေ့တဲ့အခါ လက်ဆောင်ပေးဖို့ အဆင်တန်ဆာတွေကို ဝတ်ကြတာ" မုန့်ရှောက်ရှားက အပြုံးလေးနဲ့ ရှင်းပြလိုက်တယ်။

သူ့နောက်မှာ လှည်းပေါ်က အစောင့်က သူ့မျက်လုံးတွေကို ကာထားလိုက်တော့တယ်။

ဒီခရီးတစ်ခုတည်းမှာကို သခင်လေးက သူ့ကိုယ်ပေါ်သယ်ထားသမျှအရာတွေ အကုန်လုံးကို ပေးပစ်နေပြီ၊ သူ့အဝတ်အစားတွေက လွဲလို့ပေါ့။

ထိုကျောက်စိမ်းပြားက သခင်မအိုကြီးရဲ့ ဘိုးစဉ်ဘောင်ဆက် ပစ္စည်းပဲ၊ လက်ရှိ သခင်လေးတို့မျိုးဆက်အထိ လက်ဆင့်ကမ်းပေးလာတာ - ထူးခြားရှားပါးလှတဲ့ နွေးထွေးတဲ့ ကျောက်စိမ်းဗဟိုချက်ပဲ၊ ကျောက်စိမ်းဝိညာဉ်လို့လဲ သိကြတယ်။ တစ်လောကလုံး လိုက်ရှာရင်တောင်မှ နောက်ထပ်တစ်ခု တွေ့နိုင်မှာ မဟုတ်ဘူး။

ကျန်းယွီက ဟုတ်လို့လားဆိုတဲ့အကြည့်နဲ့ ဟယ့်ချန်ကို ကြည့်လိုက်တယ်။

ဟယ့်ချန်က မုန့်ရှုန်းရဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ခေါင်းညိတ်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ "ဟုတ်တယ် ဟုတ်တယ်၊ ခွဲခွာခြင်းလက်ဆောင်ပါ"

သူက သူ့အကူကို လှမ်းခေါ်ပြီးတော့ "လာ၊ ငါ့ကျောက်စိမ်းပြားကိုရော ကူဖြုတ်ပေးပါဦး"

အစောင့်အကူက ဟယ့်ချန်ကိုယ်ပေါ်က ကျောက်စိမ်းပြားကို ယူလိုက်တယ်။

ဘိုးဘွားအမွေအနှစ် မဟုတ်ပေမဲ့လည်း အဲ့တာက တန်ဖိုးကြီးပစ္စည်း ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ မုန့်ရှုန်းပြောသလို လက်ဆောင်ပေးဖို့ အဆင်တန်ဆာအနေနဲ့ ဝတ်တာတော့ မဟုတ်လေဘူး။ ဟယ့်ချန်က သူ့ကိုယ်သူ လမ်းလျှောက်နေတဲ့ လက်ဝတ်ရတနာစင်ကြီးလိုတော့ ဝတ်စားမထားပါဘူး။

အခုကနေစပြီး သူ ကျောက်စိမ်းပြားဝတ်တိုင်း ရင်နာနေတော့မှာပဲ။

သူက ကျောက်စိမ်းပြားကို ကလေးလေးရဲ့ အနှီးထုပ်ပေါ် တင်ပေးလိုက်တယ်။

"ရှောင်မြန့်မြန့်အတွက် ခွဲခွာခြင်း လက်ဆောင်ပေါ့။ တိုင်းပြည်တွေကို ဖြိုဖျက်နိုင်လောက်တဲ့ အလှလေးအဖြစ် ကြီးပြင်းလာရင် တစ်ခါတုန်းက ငါ မင်းကို ချီခဲ့ဖူးတယ်လို့ ကြွားလို့ရပြီ" ဟယ့်ချန်က အားရပါးရ ရယ်မောလိုက်တယ်။

ရှောင်မြန့်မြန့်လေးက သူမရှေ့က ကျောက်စိမ်းအဆင်တန်ဆာကို အံ့ဩတကြီး ငေးကြည့်နေတယ်။

သူမရဲ့ လက်တုတ်တုတ်လေးတွေနဲ့ လှမ်းပြီး ယူလိုက်တယ်။

အရမ်းချောမွေ့ပြီး ကိုင်ရတာ အေးနေတာပဲ၊ သူမ အလွယ်တကူ ဆုပ်ကိုင်လို့ရမဲ့ အဝိုင်းကွင်း ပုံစံမျိုး။ ပြီးတော့ လှပစွာလည်း တန်ဆာဆင်ထားသေးတယ်၊ တကယ့်ကို လှတာပဲ။

သူမ ကြိုက်တယ်။

သူမရဲ့ လက်ချောင်း ဖောင်းဖောင်းလေးတွေက အလယ်ထဲကို ဝင်သွားပြီးတော့ အဲ့တာက ကျောက်စိမ်းလက်ကောက်လိုပဲ၊ အထဲက ကွင်းက လက်ကောက်လိုဝတ်ဖို့ ထွင်းထားသလိုဖြစ်နေတယ်၊ ကလေးရဲ့ လက်နဲ့ ကွက်တိပဲ။

ရှောင်မြန့်မြန့်လေးက သူမရှေ့က သခင်လေးကို သွားမရှိ သွားရည်ကျနေတဲ့ အပြုံးခပ်ကြီးကြီးလေး ပေးလိုက်တယ်။

ဟယ့်ချန်က ကလေးလေး နောက်တစ်ခါ ပြုံးပြတာကို ကြည့်နေတယ်၊ သူမရဲ့ ဝမ်းသာပျော်ရွှင်တဲ့ မျက်နှာထားကို သွားရည်တစ်အိုင်ကလည်း အဖော်ပြုပေးနေတယ်။

အဲ့တာက သူတို့ခွဲခွာခြင်းရဲ့ လွမ်းဆွေးခြင်းကို ပျောက်ကွယ်သွားစေတယ်။

သူက ကျန်းဖုန်း ငြင်းလိမ့်မယ်လို့ ထင်မထားဘူး။

တကယ်လို့ သူက ချင်းကျိုးကို မလိုက်ချင်ဘူးဆိုရင်တောင် မုန့်ရှုန်းနဲ့ မြို့တော်ကို သွားနိုင်တယ်လေ။ မုန့်ရှုန်းက တကယ့်ကို ထက်မြက်တဲ့ သူပဲ - တရားမျှတပြီး မြင့်မြတ်တယ်၊ အထင်ကြီးစရာကောင်းတဲ့ မျိုးရိုးက ဆင်းသက်လာတယ်။

ဒါပေမဲ့ ကျန်းဖုန်းက သူအိမ်ကနေ ထွက်မသွားဝံ့ဘူးလို့ ပြောတယ် - သူ့ညီမက အခုမှ ကလေးမလေးပဲ ရှိသေးတာ၊ သူ့အမေက ကြောက်တတ်ပြီးတော့ အဖေက ကျန်းမာရေးမကောင်းဘူး။ လူငယ်လေးက သူ့တာဝန်က သူ့မိသားစုကို စောင့်ရှောက်ဖို့လို့ မှတ်ယူခဲ့တယ်။

ဂုဏ်သရေရှိ မျိုးရိုးက မျိုးဆက်တွေအနေနဲ့ ဟယ့်ချန်နဲ့ မုန့်ရှောက်ရှားတို့က မျိုးနွယ်စုမရှိခြင်းရဲ့ အတိဒုက္ခတွေကို နားလည်ပါတယ်။

မျိုးနွယ်စုက လူတစ်ယောက်ရဲ့ မကောင်းမှုအတွက် အဆိုးဆုံး အပြစ်ဒဏ်က မျိုးရိုးက ထုတ်ပယ်ခြင်းပဲ - အမြဲတမ်း ဒေါသထွက် နောင်တရ ငိုယိုကြကာ သက်ညှာပေးဖို့ အသနားခံကြတယ်။

မျိုးနွယ်စုမရှိတဲ့ လူတစ်ယောက်က ရေစုန်မျောနေတဲ့ ဒိုက်လို ရေပူဖောင်းလေးလို ဖြစ်နေတာကြောင့်ပါပဲ။

ဘယ်သူကမဆို အနိုင်ကျင့်လို့ရတယ်၊ လူတွေကလည်း ရိုက်ချင်ရိုက်မယ် ခွေးတွေကလည်း ကိုက်ချင်ကိုက်မယ်။

ကျန်းဖုန်းတို့မိသားစုက ဒီလိုဖြစ်တည်မှုမျိုးနဲ့ နေထိုင်ခဲ့ရတယ်။

သို့ပေမဲ့ ကျန်းဖုန်းရဲ့ ငြင်းဆိုမှုက ဟယ့်ချန်ကို ပိုပြီးလေးစားသွားစေတယ်။

သူက တကယ့်ကို စာချိုးက ဆိုထားသလိုပဲ "ပိန်သွယ်တဲ့အရိုးတွေကို ခေါက်လိုက်ရင် ကြေးသံထွက်နေတုန်း"ပါပဲ။

အားထားရတဲ့ လူငယ်လေးရဲ့ မပြောင်းလဲတဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်။ သူ့ရဲ့ ငြင်းဆန်မှုကို ထင်မှတ်မထားပေမဲ့ ဒါက ဖြစ်သင့်တယ်လို့ ထင်တယ်။

မနေ့ညက ဟယ့်ချန်က မြို့တော်မှာရှိတဲ့ သူ့ဦးလေးဆီကို စာတစ်စောင်ရေးက ကျန်းရှုန်းရဲ့ ကဗျာအကြောင်း ဖော်ပြထားပြီးတော့ သူ့အတွေးကို ပြောပြလိုက်တယ်။ သူဇဝေဇဝါဖြစ်တိုင်းမှာ သူ့ဦးလေးဆီ တိုင်ပင်တတ်တယ်လေ။

ကိစ္စတွေရှုပ်နေပေမဲ့လည်း သူ့ဦးလေးက ဂရုစိုက်ပါတယ်၊ သူမေးသမျှကို ပြန်ဖြေပေးတယ်။

ဒီလောက်ရှုပ်ထွေးတဲ့ အိမ်တော်မှာ သူ့ဦးလေးရဲ့ လမ်းညွှန်မှုကြောင့်သာ ဟယ့်ချန်က ဖြောင့်မတ်တဲ့ လူတစ်အဖြစ် ကြီးပြင်းလာခဲ့တာ။

ကျန်းဖုန်းက ငြင်းပယ်ခဲ့လိမ့်မယ်လို့ ထင်တော့ထင်ထားပါတယ်။

ကျန်းရှုန်းရဲ့ စာချိုးထဲက နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို သူ ဖော်ထုတ်နိုင်ခဲ့တယ်လေ။

ဟယ့်ချန်က ကျန်းရှုန်းအတွက် ပေးခဲ့ဖို့ သူ့အကူတွေကို စာရေးပစ္စည်း၊ စက္ကူနဲ့ သူသယ်လာတဲ့ စာအုပ်တွေကို ပြင်ထားခိုင်းခဲ့တယ်။

မုန့်ရှောင်ရှားက သူ့ရဲ့ အဖိုးတန်ဓားနဲ့ တန်ဖိုးကြီးကျောက်စိမ်းအပြင် သူစီးနေကျ မြင်းကောင်းကိုပါ ပေးထားခဲ့တယ်။

မြင်းက သူ့ဘာသာသူတော့ သွားမှာမဟုတ်ဘူးလေ...

သူက ကျန်းဖုန်းရဲ့ ငြင်းပယ်မှုကို မျှော်လင့်မထားပေမဲ့ ကျန်းမိသားစုအတွက် နှုတ်ဆက်လက်ဆောင်တွေ အများကြီးကို ပြင်ဆင်ထားသေးတယ်။

မုန့်အချိုတွေ အများကြီး။

ဆန်ကောင်းတွေလည်း အများကြီး။

ပန်းရေးအထည်စတွေနဲ့ ဆံပင်ချည်တဲ့ ဖဲစတွေ။

ဒါပေမဲ့ ငွေကြေးအနေနဲ့တော့ တန်ဖိုးနည်းပါတယ်။

သူတို့က ငွေကြေးတန်ဖိုးများတဲ့ လက်ဆောင်တွေကိုတော့ မပေးရဲဘူး၊ အလွန်အမင်း ကြွယ်ဝခြင်းက ကပ်ဆိုးကို ဖိတ်ခေါ်မိမှာ စိုးရတယ်လေ။

ဝန်လေးစွာနဲ့ပဲ သူတို့က ခွဲခွာခြင်းက နောက်ဆုံးမှာတော့ ရောက်ရှိလာတယ်။

မုန့်ရှောက်ရှားက ထပ်ကာထပ်ကာ နောက်လှည့်ကြည့်ပြန်တယ်။

သူ့ရဲ့ မြင်းနဲ့ ဘေးနားမှာ ရပ်နေတဲ့ မိန်းမပျိုလေး၊ လက်တစ်ဖက်က မုန့်ချိုတစ်ဗူးကို ကိုင်ထားကာ နောက်တစ်ဖက်က နှုတ်ဆက်တဲ့အနေနဲ့ အားမာန်အပြည့်နဲ့ လက်ကိုဝှေ့ယမ်းပြနေတာကို ကြည့်လိုက်တယ်။

ကလေးငယ်လေးကို ချီကာ ခါးမှာ အဖိုးတန်ဓားကို ချိတ်ထားတဲ့ ထိုလူငယ်လေးကိုလည်း ကြည့်လိုက်တယ်။

ကျန်းရှုန်းရဲ့ လက်ထဲကနေ ကလေးလေးကတောင် သူတို့ကို နှုတ်ဆက်နေတဲ့ပုံနဲ့ လက်မောင်းလေးတွေကို ဝှေ့ယမ်းနေသေးတယ်။

မုန့်ရှောက်ရှားက ရှေ့ကို ခြေလှမ်းအနည်းငယ်တိုးကာ နောက်လှမ်းကြည့်လိုက်ပြန်တယ်။

နောက်ထပ် ထပ်လှမ်းပြီး နောက်တစ်ခါ လည်ပြန်ကြည့်ပြန်တယ်။

မိန်းမပျိုလေးက လက်ပြရတာ ညောင်းသွားပုံပဲ၊ သူမက ယခုအချိန်မှာတော့ လမ်းဘေးက ကျောက်တုံးပေါ် ထိုင်နေခဲ့တယ်။

သူလှည့်ကြည့်တာမြင်တော့ သူမက လက်မြှောက်လိုက်ပြီး နောက်တစ်ခါ နှုတ်ဆက်ပြန်တယ်။

မလွန်ဆန်နိုင်ဘဲနဲ့ ဟယ့်ချန်လည်း သူ့နောက်ကို လှည့်ကြည့်ခဲ့တယ်။

ထိုပုံရိပ်လေးတွေ အဝေးမှာ ကျန်ခဲ့တာကို ကြည့်နေခဲ့ရတယ်။

သူတို့ ပိုပိုပြီး ဝေးသွားကြပြီ။

...

ရှေးတုန်းက လှည်းတွေနဲ့ မြင်းတွေက ခပ်နှေးနှေးပဲ ရွေ့ကြတယ်။

ရှေးခေတ်တုန်းက လမ်းတွေက အရှည်ကြီးပဲ။

ရှေးတုန်းက လူတွေက ခွဲခွာရရင် ကဗျာတွေ စပ်ဆိုကြတယ်။

ရှေးတုန်းက လူတွေက သံယောဇဉ်တွေကို အလေးထားကြတယ်၊ တွေ့ဆုံနိုင်မဲ့ အခွင့်အရေးက ရှားပါးပြီးတော့ ခွဲခွာဖို့ရာ ခက်ခဲကြတယ်။

လီပိုင်က ရေးခဲ့တယ်။ "မက်မွန်ပန်းရေကန်ထဲက ရေတွေက ပေထောင်ချီ နက်ရှိုင်းပေမဲ့လည်း ဝမ်လွမ်ရဲ့ အချစ်လောက်တော့ မနက်ရှိုင်းပါဘူး"

ဝမ်ပေါ်က ရေးခဲ့တယ်။ "ဒီလောကတစ်ခွင်မှာ သူငယ်ချင်းအစစ်အမှန်တွေသာ ဝေးကွာနေပေမဲ့ အိမ်နီးချင်းတွေလို ရင်းနှီးနေတုန်းပဲ"

ဝမ်ဝေက ရေးခဲ့တယ်။ "သေရည်နောက်တစ်ခွက် သောက်ပါဦး၊ ယန်ဂိတ်ကနေ အနောက်ဘက်ကို ကျော်လွန်ပြီးရင် အသိမိတ်ဆွေဟောင်းတွေကို တွေ့ရတော့မှာ မဟုတ်ဘူး"

ပိုင်ကျွီယိက ရေးခဲ့တယ်။ "ဟိုးအဝေးက တောင်တန်းတွေပေါ်မှာ မြက်ပင်တွေက နှစ်တိုင်းနှစ်တိုင်း ပေါက်လာလိုက် ညှိုးသွားလိုက်ပဲ"

ကောင်းရှီက ရေးခဲ့တယ်။ "ရှေ့ခရီးလမ်းမှာ စိတ်တူကိုယ်တူတွေ မတွေ့မှာကို မကြောက်ပါနဲ့၊ သူငယ်ချင်းရေ... မင်းကို ဘယ်သူ မမှတ်မိဘဲ နေမှာလဲ"

...

သူတို့ မြင်းတွေအပေါ်မှာ တလှုပ်လှုပ်နဲ့ ဟယ့်ချန်နဲ့ မုန့်ရှောက်ရှားတို့က အတွေးထဲ နစ်နေကြတယ်။

သူတို့ရဲ့ နှုတ်ဆက်ခြင်းတွေကို တိတ်တဆိတ် တမ်းတနေကြပုံပဲ။

အကွာအဝေးတစ်ခုထိ ရောက်လာပြီးတော့ ထူထပ်တဲ့ တောအုပ်လေးအနားရောက်လာတယ်၊ သစ်ပင်တွေက ထူထပ်နေကာ ဘယ်သူက အထဲမှာ ပုန်းကွယ်နေမလဲဆိုတာ မသိနိုင်ဘူး။

ခြုံခိုတိုက်ဖို့ နေရာကောင်းပဲ။

မုန့်ရှောက်ရှားနဲ့ ဟယ့်ချန်တို့က တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြလိုက်ကြပြီးတော့ ဝါးလုံးကွဲ ရယ်မိလိုက်ကြတယ်။

ဒီနေရာမှာပဲလေ သူတို့ ခြေရှည်တဲ့ လူရှုပ်ကလေးတစ်အုပ်စုနဲ့ ကလေးဖမ်းသမားတွေနဲ့ ဆုံတွေ့ခဲ့ကြတာ၊ မိန်းမပျိုလေးတစ်ယောက်ကို ဖမ်းလာတာ မိခဲ့ကြတာ၊ ထိုမိန်းကလေးက သူမကို ဖမ်းခေါ်လာတဲ့ သူတွေကို ရိုက်နှက်ခဲ့တယ် - သူမကို ရောင်းစားဖို့ ကြံလို့တော့ မဟုတ်ဘူး၊ သူမ မိဘတွေကို ရောင်းလို့ရမဲ့ငွေ မပေးခဲ့လို့တဲ့။

အရိပ်ကျနေတဲ့ ချိုင့်ဝှမ်း၊ မြေသားလမ်းနဲ့ ပုစဉ်းရင်ကွဲ အော်သံတွေ - တကယ့်ကို တွေ့ကြုံနေကျ မြင်ကွင်းပါပဲ။

ဒါပေမဲ့ သူတို့ဆုံတွေ့ခွင့်ရခဲ့တဲ့ သူတွေကသာ ဒီမြင်ကွင်းကို ထူးခြားအောင် လုပ်ပေးခဲ့တာ။

"ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ ခရီးလဲ" ဟယ့်ချန်က တခုတ်တရ ပြောလိုက်တယ်။

မုန့်ရှောက်ရှားလည်း ခေါင်းညိတ်လိုက်တယ်။ "တကယ့်ကို ထူးခြားတာပဲ"

"မုန့်ရှုန်း... မင်း ရှောင်ကျန်းယွီလေးကိုများ ကြိုက်သွားတာလား? မင်းရဲ့ ကျောက်စိမ်းပြားက အဖိုးတန်ကျောက်စိမ်း ဝိညာဉ်ပဲ - ငါ့အဘွားပြောပြောနေတာ ကြားဖူးတယ်" ဟယ့်ချန်က စပ်စပ်စုစု မေးလိုက်တယ်။

မုန့်ရှောက်ရှားက ပြောလိုက်တယ်။ "ငါ သူမရဲ့ ပွင့်လင်းမှု၊ စားချင်သောက်ချင်စိတ်နဲ့ သူမရဲ့ မိသားစုအပေါ်ထားတဲ့ သံယောဇဉ်ကို လေးစားလို့ပါ။ ငါ့နှလုံးသားက ပျော်ရွှင်မှုနဲ့ ပြည့်နေပေမဲ့ ငါ မရဲတင်းလွန်းရဲဘူး။ ပြန်သွားပြီး ငါ့မိဘတွေဆီ အရင်ပြောရဦးမယ်၊ ဒါမှ ငါတို့ သင့်တော်တဲ့ မင်္ဂလာဓလေ့ထုံးတမ်းတွေအရ သူမကို လာတင်တောင်းနိုင်မှာ"

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now