အခန်း (၃၈)
......
ခရိုင်ကျောင်းက ထိုင်ခုံတွေမှာ မျှော်လင့်ချက်ကြီးကြီးမားမားရှိတဲ့ မိသားစုတွေက ကလေးတွေနဲ့ ပြည့်နေတယ်။
ကျယ်ပြောတဲ့ ဟောခန်းတွေမှာ အလင်းဝင်တဲ့ ပြတင်းပေါက်တွေ၊ စားပွဲကျယ်ကျယ်၊ ပျော့ပျောင်းတဲ့ ကုလားထိုင်တွေနဲ့။
ဆရာဖြစ်သူက စာအုပ်တစ်အုပ်ကိုကိုင်ကာ စင်မြင့်ပေါ်မှာ အားသွန်ခွန်စိုက်နဲ့ အသံထွက်ရွတ်ဖတ်ကာ စားပွဲပေါ်ကို လက်ချောင်းနဲ့ ခေါက်နေခဲ့တယ်။
အောက်မှာတော့ ကျောင်းသားများသည် ခေါင်းညိတ်ပြီး လိုက်ရွတ်ဖတ်နေကြတယ်။
တချို့က ဂရုတစိုက်ဖတ်ကြပြီး တချို့က အာရုံများနေကြတယ်။
ကျန်းရုန်ကလည်း စာဖတ်နေရင်း ခေါင်းလိုက်ညိတ်နေတယ်။ သူက တကယ်တော့ အရမ်းထက်မြက်ပါတယ်။ ဆရာက တစ်ခါ နှစ်ခါလောက် ဖတ်ပြတာ နားထောင်ပြီး နားလည်သွားတယ်။ ဒါပေမယ့် ဒီဆင်းရဲတဲ့ ခရိုင်ကျောင်းမှာတော့ ဆရာဖြစ်သူကလည်း သိပ်မတတ်ပါဘူး။ သူ နေ့တိုင်း ဒီဟာကိုပဲ သင်ပေးတယ်။
စာအုပ်တစ်အုပ်ကို အကြိမ်တစ်ရာလောက်ဖတ်ပြီးရင် အဓိပ္ပာယ်က ပေါ်လွင်လာတယ်လို့ ဆိုတယ်။
သူက အကုန်လုံးကို မှတ်မိနေပြီ၊ လာတက်နေရတာက အချိန်ဖြုန်းတာပဲ။
သို့သော် ဆရာက အိမ်ကို ပြန်ပြောတတ်တာကြောင့် နောက်ကနေ ခေါင်းပဲ လိုက်ညိတ်နိုင်တယ်၊ ပြတင်းပေါက်အပြင်ကို ရံဖန်ရံခါ လှမ်းကြည့်လိုက်တယ်။
ပြတင်းပေါက် အပြင်ဘက်မှာ သစ်ပင်တစ်ပင်ရှိပြီးတော့ သစ်ပင်ပေါ် မှာ ငှက်များရှိနေတယ်။ ငှက်တွေက သူ့အကြည့်ကို သတိပြုမိကာ အတောင်ပံခတ်ပြီး ထွက်ပြေးသွားတော့တယ်။
ကျန်းရုန်က အနည်းငယ် မနာလိုဖြစ်မိတယ်။ ငှက်တွေက ဟိုးအမြင့်ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေကြတယ်လေ။
......
တောထဲက ငှက်တွေက ရုတ်တရက် ပျံတက်သွားကြတယ်။
တောင်ပံတွေ တဖျတ်ဖတ်ခတ်ပြီး ပျံသွားကြတယ်။
တုန်းဇီကြွားလုံးထုတ်ထားတဲ့ အစ်ကိုကြီးရောက်လာတယ်။
ကျီစယ်နေကြတဲ့ ကောင်ကလေးတွေ ငြိမ်သွားကြတယ်။
တုန်းဇီရော အပါအဝင်ပဲ။
ကျန်းဖုန်းက သူတို့ကို သစ်ပင်ပေါ်ကနေ အရင်မြင်ခဲ့တယ်။
သူတို့က လေးယောက်တည်း။
အကုန်လုံး လက်နက်တွေ သယ်လာကြတယ်၊ နောက်ဆုံးက တစ်ယောက်က လှံရှည်၊ အလယ်က ၂ ယောက်က ပုဆိန်တွေနဲ့ ရှေ့ဆုံးက တစ်ယောက်က ဓားရှည်တစ်ချောင်း ကိုင်ထားတယ်။
ဓားရှည်နဲ့ တစ်ယောက်က သူ့မျက်နှာပေါ်မှာ ကန့်လန့်ဖြတ် အမာရွတ်ကြီးနဲ့ ကြောက်စရာကောင်းပြီး အရုပ်ဆိုးလေတယ်။
ကျန်းဖုန်းရဲ့ မသိစိတ်က သူ့နဖူးပေါ်က အမာရွတ်ကို စမ်းမိသွားတယ်။
အဖေက ကုပေးခဲ့တာ။ အဲ့တာ ကြည့်ရမဆိုးလောက်ပါဘူး။
သူက ဟာသတစ်ခုကို မှတ်မိလိုက်တယ်။ မျက်နှာပေါ်မှာ အမာရွတ်ရှိခဲ့ရင် နန်းတွင်းကို အမတ်အဖြစ်နဲ့ ဝင်လို့မရတော့ဘူးတဲ့။
တုန်းဇီက သူတို့ကို အားတက်သရော ကြိုဆိုခဲ့တယ်၊ သူတို့က ဖားယားချင်တဲ့ လေသံနဲ့ 'တကော' လို့ ခေါ်လိုက်တယ်။
ကျန်းဖုန်းလည်း သစ်ပင်ပေါ်ကနေ ခုန်ဆင်းလိုက်ကာ နောက်ကနေလိုက်ပြီး 'တကော' လို့ ခေါ်လိုက်တယ်။
အစကတော့ သူတို့မှာ ၈ ယောက်ရှိတာ။
အာ့နျိုက အရင်နှစ်ရက်လောက်တုန်းက ရန်ဖြစ်ပြီး ခြေထောက်ကျိုးသွားတာကြောင့် မလာနိုင်ခဲ့ဘူး။
ရှောင်စစ်ရဲ့အမေကလည်း နာတာရှည်ဖြစ်နေတာကြောင့် အိပ်ရာကမထနိုင်တာမို့ သူက ဘေးမှာနေပေးနေရကာ မလာနိုင်ဘူး။
ကျန်တဲ့ ခြောက်ယောက်က ဆန်ကုန်မြေလေးတွေလေ။
အကုန်လုံး ဆင်းရဲတဲ့ မိသားစုကနေ လုပ်စရာမရှိ၊ စာမဖတ်တတ်၊ ရေစုန်မျောကာ တစ်ဦးနဲ့တစ်ဦး အပေါင်းအသင်း လုပ်နေကြတာ။
သူတို့ရဲ့ အရိပ်တွေကို လမ်းကြိုလမ်းကြားတွေမှာ အမြဲတွေ့နိုင်တယ်။
ပြဿနာကြီးကြီး မရှာရဲပေမဲ့ ပြဿနာအသေးစားတွေကတော့ အမြဲမပြတ်ပဲ။
သူတို့လို လူငယ်တွေမှာ အနာဂတ်မရှိဘူး၊ မိန်းမယူဖို့တောင် မသေချာဘူးလေ။
တုန်းဇီတစ်ယောက် ဒီတကောကို ဘယ်လိုသိလာလဲ ဘယ်သူမှမသိဘူး၊ ဒါပေမဲ့ သူက သူ့ရဲ့ညီအစ်ကိုကောင်းတွေကို အကျိုးခံစားရအောင် ဦးဆောင်သွားမယ်လို့ ပြောခဲ့တယ်။
သူတို့ မြို့တံခါးကနေ ထွက်လာခဲ့တဲ့အချိန်ကစပြီး သူတို့ကံကြမ္မာက ပြောင်းလဲသွားခဲ့ပြီ။
သူတို့က ပြန်လမ်းမရှိတဲ့ လမ်းကိုရွေးခဲ့ပြီ။
ဆင်းရဲသားတွေရဲ့ အသက်က တန်ဖိုးမရှိတာကြောင့် သူတို့လည်း များများစားစား တွေးမနေတော့ဘူး။ သူတို့က ရှေ့ကို ဆက်လျှောက်ရုံပဲ။ တကယ်လို့ သေခဲ့ရင် ကောင်းကင်ကို လက်ဆန့်လိုက်မယ်၊ တကယ်လို့ မသေခဲ့ရင် နှစ်တစ်ထောင်လောက် ကောင်းကောင်းစားလိုက်မယ်။
လူငယ်အုပ်စုထဲမှာ ကျန်းဖုန်းတစ်ယောက်ပဲ ကိစ္စတွေကို ကောင်းကောင်းတွေးမိတာ။
ဘာလို့လဲဆိုတော့ သူ့မှာ သူ ဂရုစိုက်ရတဲ့လူ မိသားစုတွေ ရှိတယ်လေ။
ပြီးတော့ သူ့မိသားစုကို ဂရုစိုက်တာကြောင့်ပဲ ဒီနေရာကို လိုက်လာခဲ့တာ။
သူက အထူးသဖြင့် ကျယ်လောင်စွာနဲ့ 'တကော'လို့ ခေါ်လိုက်တယ်။
သူတို့ရှေ့က မျက်နှာသစ်လူငယ်လေးတွေကို ကြည့်ပြီးတော့ ပုဆိန်တွေ၊ ဓားတွေ၊ လှံတွေ ကိုင်ထားကြတဲ့ ယောက်ျားသားတွေက လှောင်ပြောင်သရော်တဲ့ အရိပ်တွေနဲ့ နွေးထွေးစွာ ပြုံးပြလိုက်တယ်။
သူတို့လည်း တစ်ခါက အပြစ်ကင်းပြီး နူးညံ့ခဲ့တာပါပဲ။
တုန်းဇီရဲ့ အစ်ကိုကြီးကို တွေ့ပြီးတော့ လူငယ်လေးတွေက နည်းနည်တော့ စိတ်လှုပ်ရှားသွားကာ နောက်ဆုတ်လိုက်မိတယ်။
ကျန်းဖုန်းတစ်ယောက်ပဲ တိတ်တဆိတ် ရှေ့တိုးလိုက်တယ်။
သူတို့ရောက်တုန်းက သူတို့က ဒီနေရာကို အကူအနေနဲ့ပဲလာတာလို့ ပြောထားပေမဲ့ ပုဆိန်တွေ ဓားတွေ လှံတွေ ကိုင်ထားပြီး မောက်မာကာ အလိုကြီးတဲ့ အမျိုးသားတွေကို တွေ့တော့ လူငယ်လေးတွေက ကြောက်လန့်ပေမဲ့ အားကျနေကြတယ်။
ဓားရှည်ကိုင်ထားတဲ့ အစ်ကိုကြီးက တုန်းဇီကို ပုတ်လိုက်ပြီး ရှေ့တိုးကာ ကျန်းဖုန်းကိုလည်း ပုတ်ပေးလိုက်ပြီး ချီးကျူးလိုက်တယ်။ "ညီကောင်းလေးတွေ၊ ငါ့နောက်လိုက်ရင် ချမ်းချမ်းသာသာ နေနိုင်စားနိုင်လိမ့်မယ်"
တုန်းဇီက သူ့အဖော်တွေကို အစ်ကိုတွေက အသားစားပြီး သူတို့ကတော့ အရိုးပြုတ်ရည်လောက် သောက်ရမယ်လို့ပဲ ပြောရဲတာ၊ အစ်ကိုကြီးက သူတို့အတူတူ ကောင်းကောင်းစားသောက်နိုင်မယ်လို့ ပြောမယ် ထင်မထားဘူး။ တုန်းဇီက စိတ်လှုပ်ရှားသွားကာ မျက်နှာတောင်နီလာတယ်။
"တကော၊ ကျွန်တော်တို့ကို ဘာလုပ်ခိုင်းခိုင်း ပြန်မမေးဘဲ လုပ်မှာပါ။ ကျွန်တော့်ညီအစ်ကိုတွေက အစ်ကိုတို့စကားကို နားထောင်ဖို့ အသင့်ပဲ" တုန်းဇီက သူ့ရင်ဘတ်သူပုတ်ပြီး အာမခံလိုက်တယ်။
ကျန်းဖုန်းကလည်း အဖော်တွေနဲ့ သံယောင်လိုက်ခဲ့တယ်၊ သူတို့ထဲမှာ သူက အထွားဆုံးလည်း မဟုတ်သလို၊ အပိန်ဆုံးလည်း မဟုတ်ပါဘူး။ သူ့ဗိုက်ကို ပုံမှန်ဖြည့်နိုင်ပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ မဝနိုင်ဘူး။ တုန်းဇီလို အဆက်အသွယ်ရှိတဲ့ သူနဲ့ယှဉ်ရင် သူကပိုထွားပါတယ်။
ဒါပေမဲ့ ကျန်းဖုန်းက ထက်မြက်တယ်၊ လောက်ငှအောင် စားဖို့ ကြံဖန်နိုင်သလို, သူ့ကိုယ်သူ ဘယ်တော့မှ အငတ်မထားခဲ့ဘူး။
သူ့အကြည့်က ရိုးသားပြီး သူ့သွင်ပြင်ကလည်း ရိုးဖြောင့်တယ်။ လူငယ်အုပ်စုထဲမှာ သူက အတော်အားကိုးရပုံပေါ်တယ်။
လူမိုက်တွေရဲ့ ကျန်းဖုန်းအပေါ် ပထမဆုံး အမြင်ကလည်း အတော်ကောင်းပါတယ်။
"မင်းတို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးတွေ အများကြီးရှိလာမှာပါ၊ မလောနဲ့။ ဒီနေ့ တကောဆီက ပထမဆုံး သင်ခန်းစာ - မင်းတို့ စိတ်ရှည်ရမယ်၊ စောင့်နေ" ဓားရှည်ကိုင်တဲ့ လူမိုက်က ထိုင်ပြီး သူ့လက်နက်ကို သုတ်နေတယ်။ ဓားရှည်မှာ သွေးရာတွေပေနေပြီးတော့ ဓားကလည်း အင်မတန်ထက်လေတယ်။
တခြားလူမိုက်တွေကလည်း သူတို့ရဲ့ လက်နက်တွေကို ထိုင်ပြီး သန့်ရှင်းနေခဲ့တယ်။
လက်နက်မပါ လက်ဗလာနဲ့ လူငယ်လေးဝွေက ဒါကိုမြင်တော့ ထူးထူးဆန်းဆန်း သွေးပူလာတယ်။
ကျန်းဖုန်းက လူမိုက်ခေါင်းဆောင်နားကပ်ပြီး မေးလိုက်တယ်။ "တကော၊ ကျွန်တော်တို့ကိုရော လက်နက်ပေးနိုင်မလား။ မဟုတ်ရင် ခဏနေ တိုက်ကြခိုက်ကြရင် ကျွန်တော်တို့ မကူညီနိုင်ဘဲနေလိမ့်မယ်။ ကျွန်တော်လည်း တကောတို့လို ခြိမ်းခြောက်နိုင်ချင်တယ်"
လူမိုက်ခေါင်းဆောင်က သူ့ကို မထင်မှတ်စွာနဲ့ ယုံကြည်အားကိုးနေတဲ့ လူငယ်လေးကို ကြည့်ပြီး အလားအလာကောင်းတယ်လို့ ထင်လိုက်တယ်။
တကယ်လို့ သူ မသေခဲ့ရင် သူတို့စခန်းကို ခေါ်သွားလို့ရလောက်တယ်။
"ငါတို့မှာ ရှိတယ်။ လောင်ကျို သူတို့ကိုခေါ်သွားပြီး လက်နက်ပေးလိုက်"
လှံရှည်ကိုင်ထားတဲ့ လူမိုက်က သူတို့ကို တောနက်ထဲ ခေါ်သွားတယ်။ အံ့ဩဖို့ကောင်းစွာ ကြီးမားတဲ့ သစ်ပင်ကြီးအောက်မှာ လက်နက်တွေကို မြှုပ်ထားတယ်။
လှံရှည်တွေ၊ ဓားပြားကြီးတွေ အတို အရှည်နဲ့ သွေးပေနေကာ သံချေးတက်နေတယ်။
ကျန်းဖုန်းက လှံကို ရွေးလိုက်တယ်။ အိမ်မှာ အမေ့ဆီ တစ်ချောင်းရှိပြီးတော့ သူအရင်က သုံးဖူးတယ်။
လူငယ်လေးတွေက နောက်ကကူဖို့ အခေါ်ခံရပြီး သူတို့ကို တကယ်ကြီး လက်နက်ပေးလိမ့်မယ်လို့ ထင်မထားဘူး။
သူတို့စိတ်ထဲမှာ သူတို့အချင်းချင်း ချကြတုန်းကလိုမျိုး ဘေးနားကကြည့်ကာ အားပေးရမယ်လို့ ထင်ထားခဲ့ကြတာ။
လက်နက်တွေမြင်တော့ လူငယ်တွေက စိတ်လှုပ်ရှားလာကြတယ်၊ သူတို့က ကိစ္စရပ်ကြီး တစ်ခုမှာ ပါဝင်လိုက်ရသလိုပဲ။
သူတို့က တစ်ယောက်ယောက်ကို ခြုံခိုဓားပြတိုက်ဖို့ မဟုတ်ဘဲ သူတို့ရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားမှာ ပါဝင်ဆင်နွှဲနေရသလိုပဲ။
တုန်းဇီက ဓားပြားကြီးကို ရွေးလိုက်တယ်။ သူတို့အုပ်စုက ကိုယ်ရွေးထားတဲ့ လက်နက်ကိုယ်စီနဲ့ အစ်ကိုကြီးနားမှာ ဝိုင်းနေကာ အတော်ပျော်ရွှင်နေကြတယ်။
လူမိုက်တွေက သူတို့ကို မတားခဲ့ဘူး၊ ကြည့်ပဲကြည့်နေကြတယ်။
ကျန်းဖုန်းကလည်း သူတို့နဲ့ အတူတူ ပါဝင်လိုက်တယ်၊ လှံရှည်နဲ့ အကျွမ်းဝင်အောင် လုပ်လိုက်တယ်။ သူ့ရဲ့ ကစားချက်တွေက ဦးတည်ရာမရှိ အရိုင်းဆန်နေတယ်။
ကျန်းဖုန်းက သူတို့ကို လက်နက်ယူဖို့ ခေါ်လာတဲ့သူက သစ်ပင်ပေါ်တက်သွားတာ တွေ့လိုက်ရတယ်။
ရုတ်တရက် ထိုသူက သစ်ကိုင်းကို ရိုက်လိုက်ကာ လူမိုက်ခေါင်းဆောင်က သူ့ဓားကို မြှောက်လိုက်တယ်။
လူငယ်တွေ ဝိုင်းဆော့နေတာ ရပ်သွားကြတယ်။
အကြီးတွေနောက် လိုက်ပြီး သူတို့က တောထဲကနေ တိတ်တဆိတ်ထွက်လာကာ ကုန်းပြီး အရှေ့ကို ချောင်းကြည့်လိုက်တယ်။
သိပ်မဝေးတဲ့ လမ်းပေါ်မှာ လူတွေ လာနေတယ်။
ဝေါယာဉ်နဲ့ အစေခံတွေ အခြွေအရံတွေ အစောင့်တွေနဲ့ ပိုက်ဆံရှိမိသားစုပဲ။
လူငယ်တွေရဲ့ မျက်လုံးက လူမိုက်ခေါင်းဆောင်ကို မျှော်လင့်တကြီးကြည့်ပြီး တောက်ပလာကြတယ်။
ကျန်းဖုန်းက မျက်လုံးတွေ မှေးကျဉ်းလိုက်တယ်။ သူ ဝေါယာဉ်ကို ကျန်းမိသားစုကမှန်း မှတ်မိတယ်။ အဲဒီ အစေခံတွေနဲ့ အစောင့်တွေကိုလည်း မှတ်မိတယ်။
သူ့နှလုံးက အကြိမ်ရေတစ်ဒါဇင်လောက် လျင်မြန်လာတယ်။
သူ့ကိုယ်သူ ထိန်းနိုင်ဖို့ ခက်ခဲနေတယ်၊ အပြေး ထွက်သွားပြီး တိုက်ခိုက်ချင်နေခဲ့တယ်။
လှံကို တင်းတင်းဆုပ်ထားပြီး ဘေးဘီကြည့်လိုက်ကာ လက်က ချွေးထွက်လာတယ်။
သူအခု ထွက်တိုက်ခိုက်လိုက်ရင် သူ့ကို လွတ်လပ်စေပြီး စိတ်သက်သာသွားစေမယ်လို့ ခံစားနေရတယ်။
ဒါပေမဲ့ အဖေပြောတဲ့ စကားက သူ့စိတ်ထဲမှာ ပဲ့တင်နေတယ်။ ဖုန်းအာ အခွင့်အရေးရခဲ့ရင် ငါတို့ဟာ လူကောင်းဖြစ်ဖို့ ရည်မှန်းထားရမယ်။ လူကောင်းဆီကို အခွင့်အရေးကောင်းတွေက အမြဲရောက်လာတယ်။
သူက လူမိုက်ခေါင်းဆောင်ဆီ လှမ်းကြည့်လိုက်တယ်။
ထိုသူက တည်ငြိမ်စွာ ထိုင်နေခဲ့တာကို တွေ့လိုက်ရတယ်။
တုန်းဇီက တိုးတိုးလေး မေးလိုက်တယ်။ "တကော၊ ကျွန်တော်တို့ သွားရမှာလား"
"ပူပန်နေခြင်းက ရည်ရွယ်ချက်ကို ပျောက်စေတယ်၊ ခိုးကြည့်နေတဲ့ သူတွေရှိတယ်၊ အလျင်မလိုနဲ့" လူမိုက်ခေါင်းဆောင်က သူ့ဓားကို ဆက်သုတ်နေခဲ့တယ်။
လူငယ်အုပ်စုက ခမ်းနားတဲ့ ဝေါယာဉ်ဖြတ်သွားတာကို နှမြောစွာ ကြည့်နေခဲ့ရတယ်။
ကျန်းဖုန်းရဲ့ လက်တစ်ဖက်က လှံကို ဆုပ်ကိုင်ထားကာ တစ်ခြားတစ်ဖက်က ဝိုင်းဝန်းတဲ့ ခဲလုံးလေးကို ဆက်တိုက် ပွတ်သပ်နေမိတယ်။
မြေကြီးပေါ်မှာ ပုရွက်ဆိတ်တစ်အုပ်က ရှုပ်ယှက်ခတ် ပြေးလွှားနေကြတယ်။
အတန်ကြာပြီးတော့ နောက်ထပ်လူတွေ ရောက်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာလည်း လူငယ်လေးတွေက လှုပ်ရှားချင်နေခဲ့ကြပြီ။
ဒါပေမဲ့ အဲ့တာက ခြင်းတောင်းတွေ သယ်လာတဲ့ ဈေးသည်နှစ်ယောက်ပဲ ဖြစ်နေတယ်။
ကျန်းဖုန်းလည်း သူတို့ကို မှတ်မိတယ်။ အဲဒီ လူပုဈေးသည်လေး - သူ့ညီမ ရှောင်ကျန်းယွီက ထိုသူ့ထဲက ချိုချဉ်တွေက ဘယ်လို အချိုဆုံး အရသာအရှိဆုံးဆိုတာကို နေ့တိုင်း ပြောနေခဲ့တာ။
ရှောင်ကျန်းယွီကို တွေးမိတော့ ကျန်းဖုန်းက အနည်းငယ် ပြုံးလိုက်မိတယ်၊ လူငယ်လေးရဲ့ ပါးမှာ ပါးချိုင့်လေး ပေါ်လာခဲ့တယ်။
YOU ARE READING
ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်
Romanceဗီလိန်မိသားစုထဲ မွေးဖွားလာတယ် Description ကျန်းမြန့်မြန့်တစ်ယောက် အချိန်ခရီးသွားခဲ့တယ်။ သူမဖခင်က နက်နဲတဲ့ ပညာရှိမျက်နှာမျိုးရှိပေမဲ့ နှလုံးသားကတော့ ကောက်ကျစ်လေတယ်။ သူမမိခင်ကတော့ ကြင်နာတတ်တဲ့ ဗုဒ္ဓမျက်နှာမျိုးပေမဲ့ ရက်စက်တဲ့စိတ်ထားရှိပေတယ်။ သူမရဲ့အစ်...