Chapter 14

1.6K 218 0
                                    

အပိုင်း (၁၄) ဘေးဒုက္ခဆိုး

နေ့လယ်ခင်းတွင် မိုးထပ်ရွာခဲ့ပြန်တယ်။

အေးမြသွားခဲ့တယ်။

မိုးရေထိမှန်တဲ့ သစ်ရွက်တွေက ကြွေကျသွားခဲ့တယ်။

ဘယ်သစ်ရွက်မှာ ပုန်းအောင်းနေမယ်မှန်း မသိတဲ့ ပုရွက်ဆိတ်မဲလေး ရှိခဲ့တယ်။

ကျန်းမြန့်မြန့်က မမရဲ့ကျော ပေါ်ကနေ မိုးရွာတာကို ကြည့်ခဲ့တယ်။

မမကကျောပြင်က မေမေ့လောက်တော့ မကျယ်ဘူး။

မမမှာ မေမေ့လိုလည်း နို့နံ့လေး မွှေးမနေဘူး။

မမရဲ့ ပခုံးက အနည်းငယ် ပိုပိန်ပြီးတော့ ကိုယ်ပေါ်မှာလည်း ဘာမွှေးရနံ့မှ မရှိဘူး။

မမက သူမကို အဖော်လုပ်ပေးပြီး ထမင်းကျွေး၊ အနှီးလဲ၊ အညစ်အကြေး သန့်စင်ပေးကာ အပ်ချုပ်၊ အနှီးလျှော်၊ ဆေးပင်တွေ ဘယ်ပြန်ညာပြန်လှန်ပြီး အခြောက်လှန်း၊ သန့်ရှင်းရေးလုပ်နဲ့ အနားမနေဘဲ အရမ်းအလုပ်ရှုပ်နေခဲ့တာ။

ယခုအခါမှာတော့ မမက ကျန်းမြန့်မြန့်ကို သက်သောင့်သက်သာ ရှိအောင်လို့ ခါးကုန်းထားပြီး ဘယ်ညာ လှုပ်ယမ်းပေးနေပြန်တယ်။

အဲ့တာက ကျန်းမြန့်မြန်ကို ပုခက်ထဲထည့် လွှဲနေသလိုပဲ။

ကျန်းမြန့်မြန်က ဒီကနေ့ရောက်လာတဲ့ ကျန်းဝမ်ဆိုတဲ့ ကောင်မလေးအကြောင်း မရည်ရွယ်ဘဲ သတိရမိသွားတယ်။

သူမက အိမ်ကမမနဲ့ ရွယ်တူလောက်ပဲ၊ ဖြောင့်တန်းနေတဲ့ နောက်ကျော၊ လည်ပင်းရှည်ရှည်၊ အနည်းငယ် မော့နေတဲ့ မေးစေ့နဲ့ ကြော့မော့နေတယ်။ အိမ်မှာ မောင်နှမအငယ်တွေကို မထိန်းဖူးသလို အလုပ်လည်း မလုပ်ရဘူးထင်တယ်။

သူမမျက်နှာက မမရဲ့ ကျောမှာ ကပ်နေရင်းနဲ့ အားမရှိ၊ ဗိုက်ဆာနေကာ နို့သောက်ချင်နေတယ်။

ခြံတံခါးက တွန်းဖွင့်ခံလိုက်ရတဲ့ အထိပေါ့။

သူမမျက်လုံးကို ဖမ်းစားသွားတာက… သစ်ပင်ကြီးလား?

အမ်…

မဟုတ်ဘူး၊ အဲ့တာ အမေပဲ အမေက သစ်ပင်ကြီးကို ပြန်သယ်လာတယ်?

"ယာယာ ယာယာ" (မေမေ၊ မေမေ၊ အဲ့တာ မေမေပဲ)

မိုးရေထဲကလူက အမေဆိုတာ မြင်လိုက်တော့ ကျန်းမြန့်မြန်က အရမ်းတက်ကြွသွားတယ်။

သူမလည်ပင်းတောင် သူ့အလိုလို ဆန့်သွားတယ်။

ချင်လော့ရှားက သစ်ပင်ကို သယ်လာရင်း တံခါးကနေ ဝင်ဝင်ချင်းပဲ ကလေးအော်သံကို ကြားလိုက်ရတယ်။

သူမရင်သားက ချက်ချင်းပဲ မခံနိုင်အောင် တင်းပြည့်သွားပေမဲ့ ကလေးကို စိုသွားမှာစိုးလို့ မချီခဲ့ဘူး။

အိမ်ထဲအရင်ဝင်ပြီးတော့ သူမအင်္ကျီတွေကို အရင်လဲလိုက်တယ်။

အိမ်ထဲမှာ ကျန်းယွီက ဆေးကြောဖို့ ရေနွေးတည်ပေးနေတယ်။

ချင်လော့ရှားက မြန်မြန်ဆေးကြောပြီးတော့ ကလေးကိုချီဖို့ လှမ်းလိုက်ကာ သူမအင်္ကျီကို လှန်လိုက်တယ်။

ကျန်းမြန့်မြန်က စိတ်ကျေနပ်စွာနဲ့ သူမရဲ့ ထမင်းပန်းကန်ကြီးကို ဖက်ထားကာ ပါးစပ်အပြည့် စို့လိုက်တယ်။

သူမဗိုက်ပြည့်သွားတော့ ၂ ခါလောက် ကြို့ထိုးလိုက်ပြီးမှ စဉ်းစားခန်းဖွင့်ဖို့ အချိန်ယူတော့တယ်။

ဒါပေမဲ့ အမေ့ရဲ့လက်ထဲကနေ မဆင်းချင်သေးတာကြောင့် အမေ့ကို တင်းတင်းကျပ်ကျပ် ကပ်တွယ်ထားလိုက်တယ်။

“အမေ၊ ဒီနေ့အမေ ဘယ်သွားခဲ့တာလဲ?” ကျန်းယွီက သူမအမေ့ကိ ကျန်းဝမ်ဘာယူလာလဲဆိုတာ ပြချင်နေခဲ့ပေမဲ့ အဆူခံရမှာလဲကြောက်တာကြောင့် ဝေ့လည်ချောင်ပတ် မေးလိုက်တယ်။

ချင်လော့ရှား ကြည့်ရတာ နည်းနည်း ခွတီးခွကျဖြစ်နေသလိုပဲ။ သူမက ဒီနေ့ ဆေးပင်ရှာဖို့ တောင်ပေါ်ကို တက်ခဲ့တာ။ အရင်နေ့က သူမကလေးကို နို့တိုက်ခဲ့တဲ့ ကျောက်တုံးနားမှာ မိုးရွာတဲ့အထိ နေ့တစ်ပိုင်းလောက် စောင့်နေခဲ့ပေမဲ့လည်း ဝက်ဝံနောက်တစ်ကောင်က ထပ်လာမတိုက်မိတော့ပါဘူး၊ သူမကတော့ စိုရွှဲလာခဲ့တယ်။

ဒါပေါ့၊ ဒီလိုကိစ္စမျိုးကို ကလေးကို မပြောသင့်ဘူးလေ။

ဒါပေမဲ့ အပြန်လမ်းမှာ အနီရောင်သစ်သီးတွေ တစ်ပင်လုံးသီးနေတဲ့ အပင်ကိုတွေ့ခဲ့တော့ ချင်လော့ရှားက ကလေးတွေ သေချာပေါက်ကြိုက်မှာပဲဆိုပြီး ခြံတံခါးရှေ့မှာ စိုက်ထားရအောင်လို့ တစ်ပင်လုံးပြန်သယ်ခဲ့တာ။

“ဒီနေ့ အိမ်မှာရော ဘယ်လိုနေလဲ။ မြန့်မြန့်ကရော လိမ်လိမ်မာမာနေရဲ့လား” ချင်လော့ရှားက မေးလိုက်တယ်။

“မြန့်မြန့်က အရမ်းလိမ္မာတယ်”

ကျန်းယွီက ဘာမှမပြောရဲသေးဘဲ တိုးတိုး,တိုးတိုးလုပ်နေတယ်။

ကျန်းမြန့်မြန့်က အမေ့လက်ထဲအိပ်နေတုန်းမှာပဲ သူမမျက်လုံးတွေ ပြန်ဖွင့်လိုက်တော့ အစ်ကိုနဲ့ အဖေတောင် အိမ်ပြန်ရောက်နေကြပြီ။

ကျန်းမြန့်မြန့်က အခုမှမျက်လုံးတွေဖွင့်လိုက်ကာစဖြစ်တာကြောင့် အနည်းငယ်ဝါးနေပြီးတော့ အနီရောင်တစ်စုံတစ်ခုကို မြင်လိုက်ရသလို ထင်မိတယ်။

သူမမျက်လုံးတွေပွတ်လိုက်ပြီးတော့မှ ထင်နေတာမဟုတ်ဘဲ အဲ့တာကတကယ်ကြီး အနီရောင် တစ်စုံတစ်ခုဖြစ်နေတယ်။

အစ်ကို့ရဲ့ခေါင်းက သွေးချင်းချင်းနီနေပြီးတော့ ကြည့်ရတာ အရမ်းကြောက်စရာကောင်းနေတယ်။

ကျန်းမြန့်မြန့်ကလည်း ထိတ်လန့်သွားကာ သူမပါးစပ်က အသံမထွက်နိုင်ဘဲ ပွင့်ဟသွားတယ်။

ဒီနေ့တကယ်ကံမကောင်းတာပဲ၊ အစ်ကိုကြီးရော မမရော ဘေးဒုက္ခဆိုးနဲ့ ကြုံတွေ့ခဲ့ရတယ်။

အမေနဲ့အဖေက မဆူပေမဲ့ မမကျန်းယွီက အရင်ဆူခဲ့တယ်။ “အစ်ကိုကြီး ဘယ်တွေများ သွားပြဿနာရှာလာပြီး ဒီလိုဖြစ်လာရတာလဲ”

အစ်ကိုကြီးကျန်းဖုန်းရဲ့ခေါင်းက သွေးထွက်နေဆဲပေမဲ့ သူက အေးဆေးစွာပြောလိုက်တယ်။ “ရန်ဖြစ်ရင်တော့ ဒဏ်ရာရမှာပဲလေ၊ တစ်ဖက်ကလည်း အဆုံးသတ်မကောင်းပါဘူး”

တကယ်တော့ ကျန်းဖုန်းက သူ့နဖူးမှာ နာကျင်နေပေမဲ့ အမေနဲ့အဖေ့ကို စိတ်မပူစေချင်ရုံပါပဲ။

ဒဏ်ရာရပြီး သွေးထွက်နေတာ မနာဘဲရှိပါ့မလား။

ကျန်းမြန့်မြန့်ကတော့ ကြည့်ရတာတောင် နာတယ်၊ အဓိက ကတော့ ခေါင်းပဲ၊ တခြားနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာစိုးတာ။ ရှေးခေတ်မှာ ဆေးဝါးကုသခြင်းက ခေတ်မမှီဘူးလေ။

ကိစ္စတွေပိုဆိုးအောင် လုပ်မိမှာစိုးလို့ သူမငိုတောင်မငိုရဲဘူး။

သေသေချာချာပဲ စိုက်ကြည့်နေခဲ့တယ်။

ဒီအချိန်မှာ သူမကို ပုခက်ထဲထည့်ထားခံရပြီးတော့ ပုရွက်ဆိတ်နက်ကလေးကို ထပ်မြင်လိုက်ပေမဲ့ စဖို့ရာ စိတ်မပါနေဘူး။

သူမ တစ်မိသားစုလုံး အလုပ်ရှုပ်နေတာကို မြင်လိုက်ရတယ်။

အမေနဲ့ အဖေက မဆူဘဲနဲ့ ဒဏ်ရာကိုပဲ သန့်စင်ပေးနေတယ်။

အမေက ဆေးပင်တွေကို လက်တစ်ဆုပ်စာလောက် ယူလိုက်ပြီး ကျောက်ဆုံထဲမှာ ကြိတ်လိုက်တယ်။

အဖေက သူမအနှီးတွေနဲ့ ဒဏ်ရာကို သန့်ရှင်းပေးလိုက်တယ်။

သူမအနှီးတွေက တစ်အိမ်လုံးမှာ အနူးညံ့ဆုံးအဝတ်တွေမို့လို့ ဖြစ်လောက်တယ်။

အဖေက ရေပွက်ပွက်ဆူထဲမှာ အနှီးကို ထည့်စိမ်ကာ အေးသွားဖို့ စောင့်နေတယ်။

ကြည့်ရတာ သူမတစ်မိသားစုလုံးက ဆေးပညာကို အနည်းငယ် တတ်ကျွမ်းကြသလိုပဲ။ မမတောင် သွေးထွက်နေတဲ့ ခြေထောက်ကို သွေးတိတ်အောင် ရေအေးနဲ့ဆေးရမယ်ဆိုတာ သိတယ်။

ပြီးတော့ အဖေကလည်း ဆူနေတဲ့ရေကို သုံးရကောင်းမှန်းသိတယ်။

ဒီအသိတရားက ဒီနေရာမှာ အကုန်လုံးကသိကြတာလား။

အဖေက အစ်ကိုကြီးဒဏ်ရာကို ကူသန့်ရှင်းပေးနေတာကို ကြည့်နေပေမဲ့ အသေးစိတ်မမြင်ရတာကြောင့် ကျန်းမြန့်မြန့်က စိတ်ပူစွာနဲ့ မအော်ဘဲမနေနိုင်ဘူး။ “အာ ယာ ယာ”

မမကျန်းယွီက သူမကို လာချီခဲ့တယ်။

ကျန်းယွီက ပိုရဲတယ်။ အစ်ကိုကြီးရဲ့ဒဏ်ရာကို ကြည့်ရအောင်လို့ သူမကို တကယ်ကြီး ချီပြပေးတယ်။

အဲ့တာက သွေးတွေနဲ့ အပေါက်က ပွင့်နေပေမဲ့ ဓားဒဏ်ရာတော့မဟုတ်ဘူး။ တခြားချွန်ထက်တဲ့ လက်နက်တစ်ခုခုက ခွဲလိုက်တာဖြစ်မယ်။ ကျန်းမြန့်မြန့်က သူမလည်း အရင်က ဆေးကျောင်းသူတစ်ဝက် ဖြစ်တာကို သတိရသွားတယ်။ ဆေးရုံမှာ အလုပ်သင်ဆင်းဖို့ တာဝန်ပေးခံရခါစဖြစ်ပြီးတော့ ငှက်ပျောခွံတွေနဲ့ ချုပ်တာလေ့ကျင့်နေတုန်းပဲ။

သူမ တချို့အရာတွေကို နားလည်ပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူးလေ။

ဒါက ဓားကြီးဒဏ်ရာတော့မဟုတ်ဘူး၊ ချုပ်စရာတော့ မလိုလောက်ဘူး။

ချုပ်စရာလိုအပ်ရင်တောင် ဒီမှာ ချုပ်ဖို့အခြေအနေက မပြည့်စုံလေဘူး။

အမေက အစ်ကိုကြီးရဲ့နဖူးပေါ်ကို ကြိတ်ထားတဲ့ဆေးပင်တွေ ရိုက်ထည့်လိုက်တာကြည့်ရတာ သူမက ရှားစောင်းလက်ပပ် မျက်နှာကပ်တဲ့ဟာ လုပ်ပေးလိုက်သလိုပဲ။

ဒီမှာ ပတ်တီးလည်းမရှိတာကြောင့် အစ်ကိုကြီးက မှီလို့ရတဲ့ခုံမှာပဲ လှဲနေရတော့တယ်။

အစ်ကိုကြီးရဲ့ ဒဏ်ရာကို ကုသပေးပြီးတော့ အမေနဲ့မမက ချက်ပြုတ်ဖို့ သွားခဲ့ကြတယ်။ မမက အပြစ်ရှိသလို ခံစားနေရတာကြောင့်ထင် ဒီနေ့တစ်နေကုန် အမေ့နောက်ပဲလိုက်နေပြီးတော့ စကားကောင်းကောင်း မပြောရသေးဘူး။

ကျန်းမြန့်မြန့်တစ်ယောက် အဖေ့ပေါ်ရောက်သွားတယ်။

အဖေက သူမကိုချီထားပြီးတော့ အစ်ကိုကြီးဘေးက ခုံတန်းလေးပေါ် ထိုင်လိုက်တယ်။

“မင်းဘယ်သူနဲ့ ရန်ဖြစ်လာတာလဲ။ ဘာအကြောင်းကြောင့်လဲ။ မင်း နိုင်ခဲ့လား ရှုံးခဲ့တာလား” အဖေက ဖြေးဖြေးချင်း မေးလိုက်တယ်။

သူက ဆူတော့မဆူခဲ့ပေမဲ့ အခုအချိန်မှာ အဖေ့ကြည့်ရတာ ခက်ထန်နေတယ်။

ကျန်းမြန့်မြန့်က အဖေ့လက်ထဲ လှဲနေရင်းနဲ့ သူမစကားမပြောတတ်သေးတာ ကံကောင်းတယ်လို့ တွေးမိတယ်။ မဟုတ်ရင် သူမလည်း ပြဿနာထဲရောက်နေလောက်ပြီ။

ကျန်းဖုန်းက ပြောတယ်။ “ကျွန်တော် ကျန်းရုန်နဲ့ ကောင်တီမြို့မှာတွေ့ခဲ့တာ။ သူကပြောတယ် ကျွန်တော်က သူတို့အိမ်က မလိုချင်တဲ့ အဝတ်တွေ ဖိနပ်တွေကို ခိုးသွားတာတဲ့၊ ပြီးတော့ ကျွန်တော်တို့ တစ်မိသားစုလုံးကို ခိုးနေကျသူခိုးတွေလို့ ပြောတယ်။

အဲ့တာနဲ့ ကျန်းရုန်နဲ့ သူ့နောက်လိုက်နှစ်ယောက်ကို ကျွန်တော် ရိုက်ခဲ့တယ်။ နောက်လိုက်တစ်ယောက်က သူ့မျက်လုံးထောင့်မှာ မှဲ့နက်ပါတယ်။ ကျွန်တော် သူ့ကို မသိဘူး။ သူကအရမ်းကြမ်းကြုတ်ပြီး လက်သီးနဲ့ခြေထောက်သုံးတာ ကောင်းတယ်။ ပြီးတော့ လက်နက်တွေလည်း ယူလာတာ။ ကျွန်တော် သေအောင် ရိုက်ခံရပြီလို့ကို ထင်လိုက်တာ။ ကျွန်တော် သူ့ကို မနိုင်ဘူး။

အဲဒါနဲ့ ကျွန်တော် ရုံးတော်က လှည့်ကင်းလှည့်တဲ့နေရာကို ရောက်အောင်သွားလိုက်တယ်။ လှည့်ကင်းကိုမြင်တော့ ကျွန်တော့်ခေါင်းကို အခွဲခံလိုက်တယ်လေ။ လျော်ကြေးအနေနဲ့ ငွေစ ၂၂ စ ရလိုက်တယ်။ ရုံးတော်က လှည့်ကင်းညီအစ်ကို ၂ ယောက်ကို ငွေစ ၁၀ စစီပေးလိုက်ပြီးတော့ ကျွန်တော့်ဖို့ ၂ စ ချန်ထားလိုက်တယ်”

အခန်းထဲက ကျန်းယွီကြားတော့ နောက်ဆုံးမှာ မတတ်နိုင်ဘဲ ကျယ်လောင်စွာငိုခဲ့တယ်။ “အမေ, သမီးမခိုးခဲ့ဘူး၊ သမီးမလိုချင်ပါဘူး၊ အဲ့တာက ကျန်းဝမ် လာပေးသွားတာ”


ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now