Chapter 27

1.4K 194 0
                                    

အခန်း (၂၇) အစ်ကိုကြီး၏ လျှို့ဝှက်ချက်

လေက နွေးထွေးပြီး ညင်သာတယ်။

ကျန်းမြန့်မြန့်ကလေးက အံ့ဩတကြီးနဲ့ သရေတွေကျနေခဲ့တယ်။

အစ်ကိုကြီးကျန်းဖုန်းရဲ့ရုပ်က အစကတော့ ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ပုံပဲ။

သူ့ကိုတည့်တည့်ကကြည့်ရင်တော့ သူက ဖြောင့်မတ်ပြီး သစ္စာရှိနေတုန်းပဲ။

ဒဏ်ရာရပြီးသွားတော့ သူ့ခန္ဓာကိုယ်က အားနည်းနေတဲ့ပုံပေါ်တာကြောင့် သူ့ကို ပိုပြီးတော့ ဖြောင့်မတ်မှန်ကန်တဲ့ပုံ ပေါ်သွားစေတယ်။

ဒါပေမဲ့ သူ့မျက်နှာဘယ်ဘက်ခြမ်းကိုတော့ သွားကြည့်လို့မဖြစ်ဘူး။

သူ့ဘယ်ဘက်မျက်လုံးမှာ ထူးဆန်းတာတစ်ခုရှိနေတယ် - အဲတာက တကယ်ကြီး ပန်းပွင့်ပဲ။

ဆေးမင်ကြောင်ထိုးထားသလိုပဲ။

သုံးဖက်မြင် ဆေးမင်ကြောင်လိုမျိုး။

ကြောက်စရာကောင်းတဲ့ ဒဏ်ရာကြီးက သုံးဖက်မြင်ပန်းပွင့်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
ဘယ်ဘက်ဘေးကနေကြည့်ရင် ကွမ်ရင်မယ်တော်က နတ်ဆိုးကို နှိမ်နင်းနေသလိုအလှမျိုး ခံစားရတယ်။

အဲ့တာက နည်းနည်းတော့ ကြောက်ဖို့ကောင်းနေတယ်။
...

ဒါပေမဲ့ အဖေက ဒဏ်ရာကို ဒီလိုကုရမဲ့ နည်းလမ်းမျိုးသိတာ တကယ်တော်တာပဲ။ ဒီဟာက ကြိမ်နှုန်းမြင့် လျှပ်စစ်ဓားနဲ့ ခွဲစိတ်မှုရဲ့ ရှေးခေတ်ဗားရှင်းလိုမျိုးပဲ၊ လွန်ကဲတဲ့အပူချိန်ကို သုံးပြီး ခဲသွားတဲ့ ခန္ဓာကိုယ်တစ်ရှူးတွေကို ဖြတ်ထုတ်ကာ၊ သွေးတိတ်စေပြီး ကူးစက်ပိုးမွှားဝင်ခြင်းကို တားဆီးတယ်။

အမေကျန်းက အစ်ကိုကြီးကို လွှတ်ပေးလိုက်တယ်။ အစ်ကိုကြီးက ဖော့ဆို့ကို ထွေးထုတ်လိုက်ပြီး ရူးနေသလို ပြုံးပြလိုက်တယ်။

"အဖေ၊ အမေ ကျွန်တော် ပြန်ကောင်းသွားပြီလို့ ခံစားရတယ်။ ကျွန်တော် အခု အရမ်းကို တက်ကြွနေတာ"

ကျန်းမြန့်မြန့်လေးက အဖေ လှံကိုချထားလိုက်ပြီး ဝါးကုလားထိုင်မှာ ထိုင်လိုက်တာကို ကြည့်နေတယ်။

ကျန်းချန်တျန်းရဲ့နောက်ကျောက ချွေးတွေနဲ့ ရွှဲနေခဲ့တယ်။

ဒါပေမဲ့ သူ့မျက်နှာကအပြုံးကတော့ ပေါ့ပါးနေခဲ့တယ်။

"ဟုတ်တယ်၊ မင်းပြန်ကောင်းသွားပြီ။ မင်းဆက်ပြီး ပြန်နေကောင်းလာတော့မှာ။ အခုတော့ အရင်အိပ်လိုက်ဦး"

ကျန်းဖုန်းက မအိပ်ချင်ခဲ့ဘူး။ သူ အိပ်ဖို့ တွန့်ဆုတ်နေတယ်၊ အိပ်ရမှာ ကြောက်နေခဲ့တယ်။

ဒါပေမဲ့လည်း တဖြေးဖြေးနဲ့  အိပ်ပျော်သွားခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ အဖေ၊ ကျန်းချန်တျန်းက သူ့ဘေးမှာ ပက်လက်ကုလားထိုင်ကိုရွှေ့ကာ အတူတူအိပ်ပေးခဲ့တာကြောင့်ပေါ့။

အစပိုင်းမှာတော့ ခဏတိုင်း နိုးနိုးလာပေမဲ့ သူ့ဘေးမှာ သူ့အဖေရှိနေတာမြင်ရ၊ အဖေ့ရဲ့ အသက်ရှူသံကို ကြားရတော့ ပြန်အိပ်ပျော်သွားခဲ့ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့တယ်။

ကျန်းမြန့်မြန့်လေးကိုတော့ အမေက ခြံထဲခေါ်သွားကာ ဗိုက်ပေါ် မှောက်လျက်လှဲနေစေပြီး သူမတင်ပါးလေးကို နေစာလှုံပေးထားတယ်။

အမေက သူမခြေတွေလက်တွေကို ကွေးထားကာ ဖင်လေးပဲ ဖော်ထားပြီးတော့ သစ်ပင်အောက်မှာ နေစာလှုံစေတယ်။

အဲ့တာက နေရောင်တိုက်ရိုက်ကြီး မဟုတ်ဘဲ သစ်ရွက်ကြားကနေ ထွက်လာတဲ့ နေအစက်အပြောက်လေးတွေလေ။

ဒါပေမဲ့...

ဒီအနေအထားကြီးက အလွန်ကို ရှက်ဖွယ်ပဲ။

သူမက တစ်ရွာလုံးကို လှန်ပြနေတာလေ။

အခုခေတ်လူတွေမှာ တယ်လီစကုတ်တို့ ဂူဂဲလ်မြေပုံတို့ မရှိသေးပင်မဲ့လည်းလေ...

အစကတော့ ကျန်းမြန့်မြန့်လေးက ငြင်းဆန်ချင်ခဲ့ပေမဲ့လည်း နောက်တော့ နေရောင်အောက်မှာ လှဲနေရတာက အရမ်းကို သက်သောင့်သက်သာရှိလွန်းနေတယ်။ သူမ အိပ်ပျော်သွားခဲ့တယ်။

သူမ တကယ်ကြီး အဲ့သည်အတိုင်း အိပ်ပျော်သွားခဲ့တာ။

သူမမျက်လုံးတွေ ပြန်ဖွင့်လိုက်ချိန်မှာ ဖင်ပြောင်နဲ့ဆိုတာကို သတိရသွားတယ်။

တော်သေးတာက သူမရဲ့ဖင်လေးကို အခုတော့ ဖုံးပေးထားတယ်၊ ဒါပေမဲ့ သူမက ဗိုက်ပေါ်‌ မှောက်အိပ်နေတုန်းပဲ။

ကြည့်ရတာ ဗိုက်ပေါ်မှောက်လျက်အိပ်ရတာ အရမ်းအိပ်ကောင်းသလိုပဲ။

ထို့နောက် မမက သူမရှေ့မှာ ပန်းထိုးဖိနပ်အသစ်နဲ့ ရှေ့နောက်လျှောက်နေတာကို တွေ့လိုက်ရတယ်။

မမကြည့်ရတာ အရမ်းကို ကျေနပ်နေတဲ့ရုပ်နဲ့...

ဘေးလှည့်လိုက်တော့ အစ်ကိုကြီးက သူမဘေးမှာ ဝါးပက်လက်ကုလားထိုင်ပေါ် လှဲနေတာ။

နေ့လယ်ခင်းအချိန်ရောက်နေပြီ။ အဖေက တစ်နာရီလောက် အနားယူပြီး အလုပ်ကို သွားခဲ့ပြီ။

အဖေထွက်သွားပြီးတော့ ကျန်းဖုန်းလည်း နိုးလာခဲ့တယ်။

သူက ရုတ်တရက် အမှောင်ထုကို အရမ်းကြောက်သွားခဲ့တယ်။

တစ်ယောက်တည်း ဖြစ်နေတာကိုလည်း ကြောက်ရွံ့နေတယ်။

သစ်ပင်အောက်မှာ လှဲလျောင်းကာ နေရောင်ခံနေပြီး ညီမလေးကို ကြည့်နေ‌တော့မှသာ သူစိတ်ချလက်ချ နေနိုင်ခဲ့တာ။

ယခုအချိန်မှာတော့ ဝါးပက်လက်ကုလားထိုင်မှာ လှဲနေရင်း ရွာဖက်ကို ငေးကာ တစ်ခါတစ်ရံ အိပ်ပျော်နေတဲ့ သူ့ညီမလေးကို စစ်ဆေးကြည့်လိုက်တယ်။

ညီမလေးနိုးလာတာ မြင်လိုက်ရပြီးတော့ သူမကခေါင်းလှည့်ကာ သူ့ကို ပေါကြောင်ကြောင်လေး ပြုံးပြလာတယ်။

ကျန်းဖုန်းလည်း ပြုံးလိုက်မိတယ်။

ညီမငယ်လေးက တကယ်ကို ပြုံးရယ်ရတာ နှစ်ခြိုက်လေတယ်။

သူမရဲ့ ရယ်မောခြင်းက သူ့နှလုံးသားကို အရည်ပျော်သွားစေတယ်။

အရိုးထဲထိ ကိုက်ခဲသွားတယ်။

ရှောင်ကျန်းယွီကတော့ ခပ်ကြောင်ကြောင်ပုံစံလေးနဲ့ သူ့ကို ဝိုင်းပတ်လမ်းလျှောက်နေကာ သူမရဲ့ ပန်းထိုးဖိနပ်သစ်တွေကို ကြွားနေခဲ့တယ်။

သူမက တစ်ပတ်ပြီး တစ်ပတ် လမ်းလျှောက်နေတာ
သူ့ကို ခေါင်းမူးလာစေတယ်။

ကျန်းဖုန်းက ပြောလိုက်တယ်။ "မင်း၊ ရှောင်ချွေ့ဆီသွားကြွားမလို့ မဟုတ်ဘူးလား။ ဘာလို့ မသွားသေးတာလဲ"

ရှောင်ကျန်းယွီက ခြေလှမ်းသေးသေးနဲ့ ဂရုတစိုက်လျှောက်နေရင်း ပြန်ပြောလိုက်တယ်။ "အမေက အစ်ကိုနဲ့ ညီမလေးကို ဂရုစိုက်ဖို့၊ လျှောက်မသွားဖို့ မှာသွားတယ်။ ညီမ အိမ်မှာလည်း စီးလို့ရတာပဲလေ"

ကျန်းမြန့်မြန့်လေးက နေစာလှုံတာ လုံလောက်ပြီမို့ သူမကိုယ်သူမ လက်မောင်းလေးတွေနဲ့ အားစိုက်ပြီး သူမရဲ့ ဗဟိုချက်ကို ရွှေ့လိုက်တယ်၊ အားနဲ့ တိုးလိုက်ကာ တင်ပါးကိုမြှောက်လိုက်တာ ဘုတ်ဆိုပြီး...

သူမလှည့်ဖို့ ကျရှုံးခဲ့တယ်။

ဘေးနာက မမရဲ့ ရယ်သံထွက်လာတယ်။

"ဟားဟားဟားဟားဟား ညီမလေးရေ မင်းကြည့်ရတာ အဲ့ဒီလိပ်ကလေးလိုပဲ၊ သူတကယ်ကြီး မလှည့်နိုင်ဘူးပဲ"

ရှောင်ကျန်းမြန့်မြန့် : ...

မမလည်း ၁ လသားတုန်းက လှိမ့်နိုင်လို့လား၊ ပြစမ်းပါ။

ထို့နောက် သူမ မမဆီကနေ လှိမ့်ပေးခြင်းခံလိုက်ရတယ်။

ကျန်းမြန့်မြန့်လေးက စိတ်တိုလွန်းလို့ ရှူးပေါက်ချလိုက်တော့တယ်...

သမီးကို ရယ်ရဲတယ်ပေါ့၊ သမီးရဲ့ ရှူရှူး၊ အင်အင်းနဲ့ ဘွတ်ဘွတ်တွေကို ရှူရအောင် လုပ်ပြမယ်။

အနှီးအသစ်လဲပြီးသွားတော့ ကျန်းမြန့်မြန့်လေးက သေးငယ်တဲ့ သစ်သားဇလုံလေးထဲ လှဲနေကာ အစ်ကိုကြီးက နှုတ်ခမ်းထောင့်မှာ အပြုံးလေးနဲ့ သူမကိုကြည့်နေတာ တွေ့လိုက်ရတဘ်။

သူမက ဝူးဝူးဝါးဝါးနဲ့ နှုတ်ဆက်လိုက်တယ်။ "ယိယာ ယာယာ"၊ ပြီးတော့ သူမဘာသာ ပြန်ဆော့နေလိုက်တယ်။

သူမလည်း မတတ်နိုင်ဘူးလေ၊ အစ်ကိုကြီးကို ကြည့်ဖို့ လှည့်ထားရတာ ပင်ပန်းတယ်။

သူများတွေက မှော်ဝင်စမ်းရေသောက်ပြီး ချမ်းသာကာ အာဏာရလာကြတယ်၊ စွန့်စားခန်းတွေဆီ ထွက်ခွာသွားကြပြီး သူတို့ရဲ့ ဘဝတွေကို ပြောင်းလိုက်နိုင်တယ်။ သူမကတော့ မှော်ဝင်စမ်းရေသောက်ပြီးတော့ ကြိုးစားပမ်းစား တစ်ဖက်ကိုပဲ လှိမ့်ချင်ခဲ့တာပါ... အဲ့တာတောင် ကျရှုံးသွားသေးတယ်။


ကျန်းမြန့်မြန့်လေးက စိတ်ဓာတ်မကျပါဘူး။ လူ့သဘာဝကိုက အားနည်းတဲ့သူကို အနိုင်ကျင့်ချင်တာ၊ ဒါမှ ပျော်ရွှင်နိုင်တယ်လေ။

သူမက မိသားစုခြံဝန်းထဲက ပုရွက်ဆိတ်လေးကို ကြည့်လိုက်တယ်၊ သူတူးထားတဲ့ တွင်းပေါ်ကို နောက်ထပ်သစ်ရွက်တစ်ရွက် ဆွဲနေတယ်။ တွင်းတွေက အဖုအထစ်နဲ့ အနိမ့်အမြင့်ဖြစ်နေပြီး ထိုင်ခုံလေးတွေလိုပဲ။ ပုရွက်ဆိတ်လေးက အဲ့ဒီမှာ အေးအေးဆေးဆေး ထိုင်နေတယ်၊ သစ်ရွက်က နေရောင်ကာလိုမျိုးပဲ။ ပိုက်တပ်ထားတဲ့ သောက်စရာသာပေးလိုက်ရင် သူက ခြေထောက်ချိတ်ထိုင်ပြီးတော့တောင် သောက်နေမလားလို့ ကျန်းမြန့်မြန့်တွေးမိတယ်။

ပုရွက်ဆိတ်တွေက ဘယ်လိုများ ခြေချိတ်ထိုင်မှာပါလိမ့်လို့ သူမစဉ်းစားမိတယ်။ သူတို့က ခြေထောက် ၂ ချောင်းလုံးကို ချိတ်ထိုင်မှာလား၊ ဒါမှမဟုတ် ၄ ချောင်းလုံးကို တစ်ပြိုင်တည်းလား။

တစ်ခဏလောက်ကြည့်နေပြီးတော့ ကျန်းမြန့်မြန့်လေးက သစ်သားဇလုံဘောင်ပေါ်က သစ်ရွက်လေးကို တွန်းချလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပုရွက်ဆိတ်လေးခေါင်းပေါ်ကို နေရောင်က တိုက်ရိုက်ကျရောက်လာတယ်။

ကျန်းမြန့်မြန့်က ပုရွက်ဆိတ်လေး သူမကို ကူကယ်ရာမဲ့စွာ ခပ်စူးစူးကြည့်လိုက်ပြီး သူကိုယ်တိုင် ခုန်ချသွားတာကို တွေ့လိုက်ရတယ်။
ခဏလောက်နေတော့ သစ်ရွက်လေးတစ်ရွက်ဟာ ဇလုံဘေးကို ဖြေးညင်းစွာ ပြန်တက်လာပြန်တယ်။

မဖြစ်တော့ဘူး။

ကျန်းမြန့်မြန့်လေး ရုတ်တရက် သူမ နည်းနည်းလောက် နှစ်သက်မိတယ်လို့ ထင်လိုက်တယ်။

သူက အရမ်းကို ကြိုးစားနေတယ်။

ကျန်းမြန့်မြန့်က စူးစိုက်ကြည့်နေတုန်းမှာပဲ လက်ကြီးတစ်ဖက်က ရုတ်တရက် ရောက်ရှိလာတယ်။

ပုရွက်ဆိတ်လေးနဲ့ သစ်ရွက်ရော အဲ့ဒီလက်ကြီးထဲ ပါသွားကြတယ်။

ကျန်းမြန့်မြန့်လေးလဲ လန့်သွားတယ်။

မော့ကြည့်လိုက်တော့ အဲ့တာ သူမ အစ်ကိုကြီးပဲ။ သူကနိုးလာပြီး သူမကို ဆက်တိုက်ကြည့်နေတာကြောင့် သူမ ဘာလုပ်နေလဲဆိုတာ သိမှာ။

ကျန်းမြန့်မြန့်လေးက အစ်ကိုကြီး၊ သူမရဲ့ ပုရွက်ဆိတ်လေးကို ဖိသတ်လိုက်မှာ စိုးနေတယ်။ အဲ့တာက စမ်းရေသောက်ထားတဲ့ ပုရွက်ဆိတ်လေးလေ။ သူမ အလျင်အမြန် ကန့်ကွက်လိုက်တယ်။

"ယိယာယာ ယိယာယာ" (သမီးကို ပြန်ပေး)

သူမလက်တွေ ဝှေ့ယမ်းက ကျယ်ကျယ်အော်ခဲ့တယ်။

နိုးလာကတည်းက ကျန်းဖုန်းက အကျင့်ဖြစ်နေတဲ့အတိုင်း သူ့ညီမလေးကို ကြည့်နေခဲ့တာ။

သူက မျက်တောင်မခတ်ကြည့်နေရင်းနဲ့ သူမလှိမ့်ချင်လို့ ကြိုးစားပမ်းစား လှုပ်ရှားတာကို မြင်လိုက်ရတယ်၊ ပြီးတော့ ပုရွက်ဆိတ်လေးနဲ့တောင် ဆော့နေသေးတယ်။ သူမရဲ့ လှုပ်ရှားမှုမှန်သမျှက သူ့ရင်ကို နွေးထွေးသွားစေတယ်။

ဒီခံစားချက်ကို ဘယ်သူမှ နားမလည်နိုင်ဘူး။

ဒါက အိမ်မက်လို မဟုတ်ဘူး။ အိမ်မက်မဟုတ်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာကျင်မှုက အလွန်ကြီးမားခဲ့တယ်၊ အရိုးတွေအကုန်လုံးက ပြင်းထန်စွာ မရပ်မနား နာကျင်ကိုက်ခဲနေခဲ့တယ်။

သူပိုပြီး ခွန်အားကြီးလာတာကိုလည်း သိခဲ့ရတယ်၊ ဘာလို့ဆို သူအိပ်ရာကထဖို့ လက်နဲ့အားပြုလိုက်တုန်းက သူ့ကုတင်ကို ပဲ့သွားစေမိတယ်လေ။

သူ့အမေပြောတာကို မှတ်မိသေးတယ်၊ ကုတင်က သူ့အဖို့ အလွန်မာကျောပြီး တန်ဖိုးရှိတဲ့ ရှေးဟောင်းသစ်သားကနေ လုပ်ပေးထားတာတဲ့။ ဒါပေမဲ့ သူဖဲ့လိုက်မိတဲ့ သစ်သားစက လက်ထဲမှာ သာသာလေးညစ်လိုက်ရုံနဲ့ အမှုန့်အဖြစ်ပြောင်းသွားခဲ့တယ်။

ပက်လက်ကုလားထိုင်ပေါ် မှီရင်း သူ့လက်ထဲက သစ်သားမှုန့်တွေကို ဖြေးဖြေးချင်း လွှင့်ပစ်လိုက်တယ်။

ဒါက သူတွေ့ကြုံခဲ့ရတာနဲ့ ဆက်စပ်လိမ့်မယ်လို့ သူထင်တယ်။ သူတကယ်ပဲ သေသွားခဲ့တာ ဖြစ်နိုင်တယ်။ သူ့တစ်မိသားစုလုံးကလည်း သေကျေကြလိမ့်မယ်။ သူက လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သူပြန်ရောက်လာခဲ့တယ်။

သူဒါကို လျှို့ဝှက်ထားရမယ်။ ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ဘူး။

ဒီလိုအတွေ့အကြုံမျိုးက တွေးကြည့်ရုံနဲ့တင် သူ့မျက်နှာမှာ ခါးသီးတဲ့မျက်ရည်တွေ ကျဆင်းလာတယ်။

သူက လက်ထဲက သစ်ရွက်စိမ်းလေးကို ကြည့်လိုက်တယ်၊ ပုရွက်ဆိတ်လေးက သစ်ရွက်ပေါ်ကနေ မာန်ဖီကာ သူ့အစွယ်တွေကို ပြသနေခဲ့တယ်။

ညီမလေးက စိတ်အားထက်သန်စွာနဲ့ သူမလက်တွေကို ကမ်းပေးနေပြီး သူမရဲ့ ငိုသံတွေကို သူနားလည်နိုင်တယ်။ တကယ်ပါ၊ ညီမလေးကို သူ့တစ်ဘဝလုံး ကြည့်နေခဲ့ရပြီးတော့ သူမ တစ်ခွန်းလောက်ပဲ ခွန်းတုံ့ပြန်တာကို သူမျှော်လင့်ခဲ့တာ။

အခုတော့ သူမက စကားအခွန်းတိုင်းကို ပြန်ပြောနိုင်ခဲ့ပြီ။

သူက သစ်ရွက်နဲ့ ပုရွက်ဆိတ်လေးကို သူ့နေရာသူပြန်ထားပေးလိုက်ကာ ညီမလေးခေါင်းကို ပွတ်ပေးဖို့ လက်လှမ်းလိုက်တယ်။

နွေးထွေးပြီး နူးညံ့နေတယ်၊ မာကျောမနေဘူး၊ ကျွတ်ဆက်မနေဘူး။ သူပြုံးလိုက်မိတယ်။

ကျန်းမြန့်မြန့်လေးကတော့ ပုရွက်ဆိတ်လေးပြန်ရောက်လာမှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိတယ်။

ပြီးတော့ သူမခေါင်းကို အစ်ကိုကြီးက ပွတ်ပေးနေတာ ခံစားလိုက်ရတယ်။ ဘာကြောင့်မှန်းမသိ အဲ့တာက သူမကို ကြက်သီးထစေတယ်၊ အစ်ကိုကြီးပွတ်ပေးနေတာက သူမခေါင်းမဟုတ်ဘဲ သူမရဲ့ ဦးခေါင်းခွံလို့ ခံစားလိုက်ရတယ်...

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now