အခန်း (၃၀) အိမ်အပြန်
မီးခိုးငွေ့တလူလူ။
ဆေးကြောပြီး မီးစမွှေးလိုက်တယ်၊ အိုးထဲက ရေက ငြိမ်နေရာကနေ တပွက်ပွက်ဆူလာတယ်။
ဆေးကြို၊ အသီးအရွက်ခူး၊ ဟင်းချက်။
အမေပြန်လာတာနဲ့ အိမ်က လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။
အမေက အစ်ကိုကြီးကို အလုပ်မခိုင်းတာကြောင့် သူက ထိုင်ခုံပေါ်ထိုင်ရင်း ဟင်းရွက်အရိုင်းတွေကို သင်ပေးနေတယ်။
မမကျန်းယွီကတော့ မနေ့က ဆေးကို ရွှံ့အိုးထဲမှာ ဆက်ကြိုနေတယ်။
ပိုက်ဆံနဲ့ဝယ်ထားရတဲ့ဆေးက အလဟဿဖြစ်လို့ မရဘူး။
မနေ့က ဆေးကျန်တွေကိုလည်း နောက်တစ်ဖုံနဲ့အတူ ရောကြိုဖို့ သိမ်းထားခဲ့တယ်၊ ဒါမှ ဆေးသုံးဖုံစာနဲ့ ညီမျှမှာ။
အမေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ မြွေသားကို ပြင်ဆင်နေခဲ့တယ်။
ကျန်းမြန့်မြန့်က ဘာလို့သိလဲဆိုတော့ အမေက သူမကို နားလည်ဖို့ အရမ်းငယ်သေးတယ် ထင်တာကြောင့် သူမကို မရှောင်ခဲ့လို့ပေါ့။
အဲဒါနဲ့ပဲ ကျန်းမြန့်မြန့်က အမေ့ကျောပေါ်ကနေ အသားစတွေကို စိတ်လှုပ်ရှားစွာကြည့်နေရတော့တယ်။
အဲ့တာတွေကို ဆဲလ်မွန်ငါးအသားတုံးလို လှီးထားတယ်၊ မူရင်းကိုယ်ထည်က ဘယ်လောက်တောင် ကြီးလိမ့်မလဲ သူမလည်းမသိဘူး။
ထို့နောက် သူမဟာ ခေါင်းကြီးကို တွေ့လိုက်ရတယ်။
အား အား အား အား...
အမေက သူမကို သတ်နေတာပဲ။
ကျန်းမြန့်မြန့်ဟာ သူမရဲ့ ကလေးလေးနှလုံးသားလေးဟာ အကြိမ်အနည်းငယ်လောက် အခုန်ရပ်သွားသလို ခံစားလိုက်ရတယ်။
ကလေးလေးကြောက်သွားတယ်။
တောက်ပတဲ့အရောင်အဆင်းနဲ့ စပါးအုံးမြွေခေါင်းကြီးကို ဒီတိုင်းပဲ ထားထားတယ်။
ဖျတ်ခနဲကြည့်လိုက်တော့ အဲ့တာကို နဂါးခေါင်းလို့တောင် သူမ ထင်သွားတာ။
ခြင်္သေ့ကဖျော်ဖြေမှုတွေမှာ တွေ့ရသလိုမျိုးလေ... တကယ့်အစစ်လိုပဲ။
အား အား အား အား...
ခေါင်းကြီးကို သူတို့ရဲ့ စဉ့်နီတုံးပေါ်တင်လိုက်တယ်။
အား အား အား သူ့မျက်လုံးတွေက အဝါရောင်ကြီး၊ ဒေါင်လိုက် မျက်စံတွေနဲ့။
မြွေခေါင်းကို ဖြတ်ပြီးသွားရင်တောင် မကိုက်နိုင်အောင်လို့ သတိထားရတယ်လို့ ပြောကြတယ်မလား။
ဒီခေါင်းကြီးသာကိုက်လိုက်ရင် သူမတစ်ကိုယ်လုံးကို တစ်ကိုက်တည်း ကိုက်လို့ရတယ်။
ဒါပေမဲ့ ကျန်းမြန့်မြန့်က သေချာကြည့်လိုက်တော့ အဲ့တာက အနုပညာလက်ရာတစ်ခုလိုမျိုး ခုတ်ထစ်ထားပြီးသား... မကိုက်နိုင်လောက်တော့ပါဘူး။
ကြောက်စရာကောင်းလိုက်တာ၊ အရမ်းကြောက်ဖို့ကောင်းတာပဲ။
သူမကို ထိတ်လန့်သွားစေကာ နှစ်ခါလောက် ကြို့ထိုးလိုက်မိတယ်။
နူးညံ့တဲ့ ကလေးအသားအရေမှာတောင်မှ ကြက်သီးထလာခဲ့တယ်။
အမေကတော့ သီချင်းလေးညည်းရင်း ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့တယ်။
ကျန်းမြန့်မြန့်ကတော့ စာသားကို သိပ်နားမလည်နိုင်ဘူး၊ ကြည့်ရတာ ကျေးလက်ရိုးရာသီချင်းထင်တယ်။
သူမ စာသားတစ်ကြောင်းကိုပဲ နားလည်နိုင်လေတယ်။ "ငါးကလေး ငါးကလေး~ ကြောင်ရူးလေး~ ဝဝဖိုင့်ဖိုင့်... ငါးကလေး ငါးကလေး~ ကြောင်ရူးလေး~ ဝဝဖိုင့်ဖိုင့်"
အဲ့တာက ဘာကိုဆိုလိုမှန်းတော့ မသိဘူး၊ ဒါပေမဲ့ သံစဉ်ကတော့ ဒီလိုမျိုးပဲ။
သီးနှံအထွက်ကောင်းဖို့ ဆိုတဲ့သီချင်းနဲ့ တူတယ်။
အမေ့ရဲ့ စိတ်အခြေအနေကလည်း ကောင်းမွန်နေတယ်လို့ သူမထင်တယ်။
အမေက လျင်လျင်မြန်မြန်ပဲ အလုပ်လုပ်လိုက်တယ်၊ ကြည့်ရတာတောင် မူးသွားတယ်။
နှစ်ခါလောက် ကြို့ထိုးပြီးတော့ ကျန်းမြန့်မြန့်က အမေအလုပ်လုပ်နေတဲ့ စည်းချက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်။
မအိပ်ပျော်သေးခင်လေးမှာ သူမ အိပ်ချင်မူးတူးနဲ့ ဒီမြင်ကွင်းကို သူမ ကြီးလာတဲ့အထိ မှတ်မိနေတော့မှာလို့ တွေးလိုက်မိတယ်။
အမေ့ကျောက အိစက်ကာ လှေလိုပဲ ဦးတည်ရာမရှိ မျောသွားကာ ညင်ညင်သာသာ လူးလွန့်နေပေမဲ့ သူမ ပြုတ်ကျမှာကိုတော့ စိုးရိမ်စရာမရှိဘူး၊ အရမ်းကို လုံခြုံလေတယ်။
အိမ်မက်ကမ္ဘာမှာတော့ အရာအားလုံးက ချိုမြိန်နေတယ်။
အချိန်က ညနေစောင်းရောက်လာပြီ။
အခန်းက တကယ်တော့ အနည်းငယ် မှောင်လေတယ်။
အမျိုးသမီးတစ်ဦးက ခေါင်းငုံ့ထားကာ ဓားမကြီးကိုကိုင်ပြီး ခံစားချက်မရှိသလို အသားတွေကို ခုတ်ထစ်နေတယ်၊ မျက်လုံးမှိတ်ဖို့ ငြင်းဆန်နေတဲ့ စပါးအုံးမြွေကြီး ဦးခေါင်းကလည်း ဘေးနားကနေ အေးစက်စွာ စိုက်ကြည့်နေခဲ့တယ်။
ဒီအမျိုးသမီးဟာ စပါးအုံးမြွေကြီးထက်တောင် အေးစက်သေးတယ်။
စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမားလိုပဲ။
ဒါပေမဲ့ တကယ်လို့သာ အနီးကပ်သေချာကြည့်ရင် သူမရဲ့ကျောပြင်ကို ကုန်းထားရတဲ့အကြောင်းရင်းက သူမကျောပေါ်က ကလေးလေးကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ဆိုတာ တွေ့ရလိမ့်မယ်။
ကလေးရဲ့မျက်နှာက သူမကျောမှာ ကပ်ပြီး ဖိမိနေကာ ပါးလေးက ဖောင်းကားနေပြီး တစ်ခါတစ်ရံ ရေရွတ်တတ်တယ်၊ အသက်မျှဉ်းမျှဉ်းရှူကာ ခပ်တိုးတိုး ဟောက်နေသေးပြီး သေးငယ်တဲ့ ပူဖောင်းလေးတွေလည်း မှုတ်နေသေးတယ်။
သူမဟာ အရက်စက်ဆုံး မုဆိုးဖြစ်သလို အကြင်နာဆုံး မိခင်လည်း ဖြစ်လေတယ်။
...
ညနေ...
အစိုးရတရားရုံးရဲ့ ဟောခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းပုဒ်က တည်ကြည်လေးနက်နေတယ်။
အလုပ်ဆင်းတဲ့ အချိန်ရောက်ပြီ။
အကုန်လုံးကို မနက်ကတည်းက လုပ်ထားပြီးပြီ။
နေ့လယ်မှာတော့ များသောအားဖြင့် ဘယ်ကိစ္စမှ ထပ်လက်မခံတော့ဘူး။
ကောင်တီအစိုးရရုံးက ကောင်တီမြို့ရဲ့ အလယ်မှာရှိပြီး ဘယ်ဘက်ဘေးမှာ ဘုရားကျောင်းနဲ့ ညာဘက်ဘေးမှာတော့ ကြေးရတက်တွေရဲ့ ခမ်းနားတဲ့ ခြံဝင်းကြီးတွေရှိတယ်။
လက်ရှိခေတ်ကာလက သဘာဝအလျှောက်ရော လူလုပ်ဘေးဒုက္ခတွေကြောင့် မတည်ငြိမ်ပေ။
အကျင့်ပျက်ခြစားတဲ့ ဝန်ကြီးတွေက အာဏာရှိနေကာ ဖော်လံဖားတွေက ဩဇာသက်ရောက်နေတယ်။
သာမန်လူတွေကတော့ စားဝတ်နေရေးဖို့တောင် ရုန်းကန် နေရတယ်။
လူချမ်းသာတွေကတော့ ကျယ်ပြောတဲ့မြေတွေ ပိုင်ဆိုင်ကာ လူဆင်းရဲတွေအတွက်ကတော့ ခြေချစရာမရှိခဲ့ဘူး။
ကောင်တီအစိုးရရုံးရဲ့ ထောင့်နားမှာ ပညာရှင်ဆန်တဲ့ အမျိုးသားတစ်ဦး ထိုင်နေတယ်။
အခန်းထဲမှာ ဆေးဖက်ဝင်အပင်အမျိုးမျိုးကို သပ်သပ်ရပ်ရပ်စီထားကာ တစ်ခုချင်းစီကို နာမည်၊ အသုံးပြုပုံ၊ နှစ် နဲ့ အရေအသွေးအလိုက် သိမ်းဆည်းထားတယ်။
ဒါက ပစ္စည်းမျိုးစုံပုံထားတဲ့ ရှုပ်ပွနေတဲ့ အခန်းဖြစ်သင့်တာ။
ဒါပေမဲ့ အဲ့တာကို စေ့စေ့စပ်စပ် သန့်ရှင်းထားကာ ပြတင်းပေါက်ကနေ သစ်သားဘုတ်ပြားနဲ့ ဆက်ထားပြီးတော့ စားပွဲခုံအဖြစ်လုပ်ထားတယ်။
မြက်ထုံးတွေကို ထိုင်ခုံအဖြစ် သုံးထားသေးတယ်။
ကြမ်းတမ်းတဲ့ အဝတ်အထည်နဲ့ အမျိုးသားက ဒီမှာထိုင်နေတယ်၊ သူက ဒီမှာနေတာ ကြာပြီနေမယ် ကောက်ရိုးထုံးတွေတောင် ထိုင်တာများပြီး ချောမွေ့တောက်ပြောင်နေပြီ။
စားပွဲက သေးငယ်တဲ့ သစ်သား ပြတင်းပေါက်ကနေ သစ်သားဘုတ်ပြားနဲ့ ဆက်ထားကာ အလင်းရောင်ဝင်စေပြီး စာရေးစာဖတ်ဖို့ လုံလောက်တဲ့ အလင်းရောင်ရစေတယ်။
အမျိုးသားရဲ့ လက်ရေးက ကြော့ရှင်းပြီး သန့်စင်တယ်။ တကယ်လို့သာ ဆောင်းပါးတွေရေးမယ်ဆိုရင် ဘာအကြောင်းရေးရေး လက်ရေးကိုကြည့်တာနဲ့တင် လူတွေက သူ့ရဲ့ လက်ရေးလှစွမ်းရည်ကို မချီးကျူး ထောမနာမပြုဘဲ နေနိုင်မှာ မဟုတ်ဘူး။
သို့ပေမဲ့လည်း ဒီများပြားလှတဲ့ စာလုံးတွေက ကဗျာလင်္ကာတွေ မဟုတ်သလို စာကြီးပေကြီးတွေလည်း မဟုတ်ခဲ့ပါဘူး၊ ဆေးဖက်ဝင်အပင်တစ်မျိုးချင်းစီရဲ့ မှတ်တမ်းတွေပဲ ဖြစ်ကြတယ်။
စားပွဲပေါ်က မှင်တုံးက အညံ့ဆုံးအမျိုးအစားဖြစ်တာကြောင့် မြန်မြန်ခဲသွားတတ်တယ်။ သူက စာရေးတဲ့အခါ သတိကြီးကြီး ထားနေရတယ်၊ ပြီးတော့ အနံ့ကလည်း နံသေးတယ်၊ တော်သေးတာက အခန်းထဲက ဆေးနံ့တွေနဲ့ ဖုံးလွှမ်းသွားတယ်။
ဒီလိုထောင့်နားလေးမှာ အမျိုးသားဟာ စာလုံးတွေ အများကြီး အများကြီးကို ရေးခဲ့တာ။ သူသာ ပညာရှင်တစ်ယောက်ဆိုရင် စာရေးရလွန်းလို့ သူ့လက်မှာ အသားမာတောင် တက်နေလောက်ပြီ၊ ဒါပေမဲ့ သူ မဟုတ်ခဲ့ဘူး။ သူ့လက်မှာ စာရေးတာကြောင့် အသားမာတက်တာထက် ပိုများတဲ့ အသားမာတွေ ရှိနေခဲ့တယ်။
သားသမီးကျင့်ဝတ် မစောင့်ထိန်းတဲ့သူ၊ ညီအစ်ကိုချင်း လေးစားမှုမရှိသူက တော်ဝင်စာမေးပွဲကို ဖြေခွင့်မရှိဘူးလေ။
ဘယ်သူကမှ သူ့အတွက် အာမခံပေးမှာ မဟုတ်ဘူး။
သင်ကြားရေးလမ်းကြောင်းကနေ ပြတ်တောက်ခဲ့တာ နှစ်တွေကြာလှပြီ။
ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ဒီကိစ္စဟာ ဒီလောက်အရေးကြီးမှန်း သူမသိခဲ့ဘူး။
နောက်ဆက်တွဲနေ့တွေမှာ သူနေ့တိုင်း နေ့တိုင်း အလုပ်ကြမ်းလုပ်ခဲ့ရပြီး မျှော်လင့်ချက်နဲ့ အနာဂတ်ဆိုတာ ရှိကိုမရှိခဲ့ဘူး။ သူတင်ပဲ အနာဂတ်မရှိတာမဟုတ်ဘူး၊ သူ့ကလေးတွေမှာလည်း အနာဂတ်မရှိတော့ဘူး။
တစ်ဘဝလုံး အခက်ခဲ အပင်ပန်းဆုံး အလုပ်တွေလုပ်ရင်း မဝရေစာစားရတယ်။
တစ်ဘဝလုံးက ဝက်တွေ ခွေးတွေထက်တောင် နိမ့်ကျသေးတယ်။
သူ တဖြေးဖြေးနဲ့ နားလည်လာတယ်။ သူရုန်းကန်ကာ သူ့ကလေးတွေအတွက် ဒူးထောက်ပြီးလည်း တောင်းပန်ခဲ့တယ်။
သူ့မိသားစုကနေ မောင်းထုတ်ခံခဲ့ရတဲ့ ထိုအချိန်တုန်းကတောင် သူ ဒူးမထောက်ခဲ့ဘူး၊ ဒါပေမဲ့ နောက်တော့ သူကလေးတွေအတွက် သူအလွယ်တကူနဲ့ ဒူးထောက်နိုင်ခဲ့တယ်။
သူ့ဇနီးကို သူဒူးထောက်ခဲ့တဲ့အကြောင်း၊ သူ အရှက်ခွဲ အစော်ကားခံရခြင်းတွေသာ ပြန်ရခဲ့ကြောင်း မပြောခဲ့ဘူး။
အစကတည်းက အမျိုးသားရဲ့ ဒူးအောက်မှာ ဘာရွှေမှ မရှိခဲ့ဘူး။ ဒူးထောက်လိုက်ပြီးရင် သူများတွေက မင်းအပေါ် တံတွေးထွေးပြီး မင်းရဲ့ ကျောရိုးကို ကွေးပြီးချိုးဖို့သာ ကြိုးစားကြမှာ။
သူတို့က မင်းကို ဘယ်တော့မှ ပြန်မထနိုင်အောင် သိမ်ငယ်သွားဖို့ပဲ လုပ်ကြမှာ။
တစ်ခုပေးရင်း တစ်ခုပြန်ရတယ်ဆိုပေမဲ့ စစ်မှန်တဲ့ နှလုံးသားကို ပေးခဲ့ရင်တော့ အမြဲတမ်း နာကျင်ရတယ်။
အခန်းက သေးငယ်ပြီး မွန်းကျပ်နေကာ ပြတင်းပေါက်ငယ်လေးနဲ့ မှိန်ပျပျအလင်းရောင်ပဲ ရှိတယ်။
ဒါပေမဲ့ ဒီနေရာမှာ သူရှာလို့ရသမျှ စာအုပ်တွေကို ထပ်ကာထပ်ကာ ရေးခဲ့ဖတ်ခဲ့ကာ အကုန်လုံးကို မှတ်ထားခဲ့တယ်။
သူလုပ်ရတဲ့အလုပ်က ငွေအနည်းငယ်သာရပေမဲ့ အားသာချက်တစ်ခုတော့ရှိတယ်။ သူ့ကို စာရေးခွင့်ပေးတာပဲ။
သူက မိသားစုဦးသျှောင်အနေနဲ့ သူ့ဇနီးနဲ့ ကလေးတွေကို စားစရာ ဝတ်စရာ လုံလုံလောက်လောက် မပေးနိုင်ခဲ့တာကြောင့် အရှက်ရခဲ့တယ်။
လုံးဝကို အသုံးမကျတာပဲ။
မှောင်ရီပျိုးလာပြီ။
မြို့စောင့်နတ်ဘုရားကျောင်းဆီက ခေါင်းလောင်းထိုးသံ စမြည်လာတယ်။
အဲ့တာက သုံးကြိမ်တီးလိမ့်မယ်။
သုံးခါမြောက်မှာ ချမ်းသာတဲ့အိမ်တွေက သူတို့ရဲ့ညနေစာကို စားကြလိမ့်မယ်။
သူထိုင်နေရာကနေ မြင်ကွင်းက ကန့်သတ်ချက်ရှိပေမဲ့ သေးငယ်တဲ့ တံခါးပေါက်လေးကိုတော့ ခြုံငုံမိတနေတယ်။ အဲ့တံခါး ပွင့်သွားတိုင်း ရှေ့ကလမ်းနဲ့ မျက်နှာချင်းဆိုင်က ခြံဝန်းရဲ့ ဘေးဘက်အပေါက်ကို ခဏလောက် လှမ်းမြင်လိုက်နိုင်တယ်။
ဘေးတံခါးလေးက တစ်နေ့ကို ငါးကြိမ်ပွင့်တယ်။
လူတွေ ဝင်သွားလိုက် ထွက်လာလိုက်နဲ့။
စားပွဲပေါ်ကို သူ့လက်ချောင်းထိပ်နဲ့ ခပ်သာသာခေါက်လိုက်တယ်။
ဘေးတံခါးက ပွင့်သွားပြီး လူနှစ်ယောက်ထွက်လာတယ်။
သူ့ညာလက်နဲ့ တောင့်တင်းနေတဲ့ ဇက်ကို ပွတ်ကာ ခေါင်းကိုလှည့်လိုက်တယ်။
ပြီးနောက် ခေါင်းငုံ့ကာ စာဆက်ရေးခဲ့တယ်။
အခန်းက ဆေးနံ့တွေနဲ့ ပြည့်နေတယ်။
စာရွက်ပေါ်မှာ မင်စတွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ်။
အာဆင်းနစ်၊ စထရစ်တနင်၊ စီချွင်လိုဗေ့ပင်အတက်၊ အဖြူရောင်တိဝုတ်ပင်၊ ပင်နီလာ၊ ချန်ရှင်း၊ ချင်းနျန်ပိုးကောင်၊ တန့်စွေ့၊ ထန်ဟွမ်၊ ခေါင်ရန်းပန်း၊ ကန့်နီမှုန့်၊ ဖားအကျိအချွဲနဲ့ သလဲသီးပန်း...
ဆေးတွေက သုံးပုံတစ်ပုံက အဆိပ်ဖြစ်ကာ ဒီဆေးက အင်မတန်ကို အဆိပ်အတောက်ဖြစ်စေတယ်။
ဆေးနည်းရဲ့အောက်မှာ နောက်ထပ်စာရွက်တစ်ရွက်က လူတစ်ဦးရဲ့ အကြောင်းကို အသေးစိတ်ရေးထားလေတယ်။
ဝူလျူ၊ သူ့မျက်လုံးဘေးမှာ မှဲ့နဲ့၊ ထိပ်ချွန်ဓားမြှောင်ရှညကို သုံးရာမှာ ကျွမ်းကျင်၊ အရပ် ငါးပေ သုံးလက်မ၊ အနောက်ဖက်လမ်းထောင့်က အသားပိုင်မုန့် စားရတာကြိုက်၊ သူ့မှာ လက်ထပ်ပြီးသား ချစ်သူရှိ၊ အမှတ် ၄၆ အနောက်လမ်းမှာ နေထိုင်...
သူရေးလို့ ပြီးသွားတယ်။
ထို့နောက် ၂ ရွက်စလုံးကို ဖြဲကာ လုံးချေလိုက်တယ်။
အပြင်မှာ မှောင်လေပြီ။
သူ ထရပ်ကာ တံခါးကို တွန်းဖွင့်လိုက်တယ်။
ဆံပင်ရှည်တွေ ချထားကာ ညင်သာစွာလျှောက်လှမ်းလာတဲ့ အမျိုးသားတစ်ဦး ထွက်လာတယ်။
ဘယ်သူနဲ့ဆုံတွေ့တွေ့ သူက ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့တယ်။
သူ့မှာ နာမည်ကောင်းရှိလေတယ်။
"ဟေး ဟေး ဟေး လာစမ်းပါဦး" လောင်းကစားသမားတချို့က ဒုတိယကျန်းရောက်လာတာကိုမြင်တော့ အော်ခေါ်လိုက်တယ်။ "မစ်စတာကျန်း၊ တစ်ပွဲလောက် ဆော့ပါဦးလား"
ကျန်းချန်တျန်းက လက်ကာပြကာ စိတ်ဆိုးခြင်းမရှိ ရှင်းပြလိုက်တယ်။ "ကျွန်တော့်ဇနီးနဲ့ ကလေးတွေက စောင့်နေကြလောက်ပြီမို့ ကျွန်တော် အိမ်ပြန်ရဦးမယ်"
ကောင်တီတရားရုံးထဲကနေ ထွက်လာကာ အမွှေးတိုင်တွေ များစွာထွန်းညှိထားတဲ့ မြို့စောင့်နတ်ဘုရားကျောင်းကို ဖြတ်လာတယ်။ လောကကြီးက ဆိုးရွားလာလေလေ အမွှေးတိုင်တွေ ပိုထွန်းကြလေပဲ။
မြို့စောင့်နတ်ဘုရားကျောင်းနဲ့ မနီးမဝေးမှာ သွားလာနေတဲ့လူအုပ်က ပိုများလာတယ်။
အမျိုးသမီးတွေရဲ့ အမွှေးနံ့သာနံ့တွေက အမွှေးတိုင်အနံ့ကို ဖုံးအုပ်သွားတယ်။
အနီရောင်ဝတ်ရုံလက်တွေက ညှို့ငင်နိုင်လေတယ်။ "လူကြီးမင်း၊ လာပါ၊ ထိုင်ပါဦးလား"
ကျန်းချန်တျန်းကတော့ ဘေးဘီမကြည့်ဘဲ ဆက်လျှောက်သွားခဲ့တယ်။
သူ ပေါက်စီဆိုင်ကို ဖြတ်သွားတော့ ခဏလောက်ရပ်တန့်ကာ တွေဝေနေပြီးမှ အသားပေါက်စီနှစ်လုံး ဝယ်ခဲ့တယ်။
အဲဒီနောက် ပေါက်စီတွေကို အိတ်ထဲထည့်ကာ ခပ်သွက်သွက်လမ်းလျှောက်သွားတယ်။
ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး ဘေးဘီက သစ်ပင်တွေကြည့်ရတာ ခြောက်ခြားစရာကောင်းလာတယ်။
သူယခင်ကတော့ အမှောင်ကို ကြောက်ခဲ့ဖူးတယ်။
သူ့မိခင်က သူ့ကို အမြဲတမ်း အလင်းရောင်မရှိတဲ့ အခန်းထဲ သော့ပိတ်ထားတတ်ကာ ပိန်းပိတ်မှောင်နေတဲ့ အခန်းထဲမှာ သူမြောက်မြားစွာသော ခြောက်ခြားစရာတွေကို တွေ့ခဲ့ရတယ်။
ဒါပေမဲ့ နောက်တော့ သူ ဖခင်တစ်ဦးဖြစ်လာတော့ တဖြည်းဖြည်းနဲ့ ဒီအကြောက်တရားက ပျောက်ကွယ်သွားခဲ့တယ်။
ဘာလို့လဲဆိုတော့ ကလေးတွေက မီးအိမ်လိုပဲ၊ သူ့ရဲ့ မှောင်မဲနေတဲ့ နှလုံးအိမ်ကို လင်းထိန်သွားစေတယ်။
သူ ခပ်သွက်သွက် လျှောက်လိုက်တယ်၊ လေက သူ့နားထဲကို တိုးနေတယ်။
နောက်တော့ သူကြက်တွန်သံနဲ့ ခွေးဟောင်သံတွေကို ကြားလိုက်ရတယ်။
အပြုံးတစ်ခုက မသိလိုက်ခင်မှာပဲ သူ့မျက်နှာမှာ ပေါ်လာတယ်။
သူ အိမ်ရောက်ခါနီးပြီ။
YOU ARE READING
ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်
Romanceဗီလိန်မိသားစုထဲ မွေးဖွားလာတယ် Description ကျန်းမြန့်မြန့်တစ်ယောက် အချိန်ခရီးသွားခဲ့တယ်။ သူမဖခင်က နက်နဲတဲ့ ပညာရှိမျက်နှာမျိုးရှိပေမဲ့ နှလုံးသားကတော့ ကောက်ကျစ်လေတယ်။ သူမမိခင်ကတော့ ကြင်နာတတ်တဲ့ ဗုဒ္ဓမျက်နှာမျိုးပေမဲ့ ရက်စက်တဲ့စိတ်ထားရှိပေတယ်။ သူမရဲ့အစ်...