Chapter 31

1.4K 178 0
                                    

အခန်း (၃၁)

ဒီကနေ့ရဲ့ နေဝင်ချိန်က အရမ်းလှနေတယ်။

နီရဲပြီး ကျယ်ပြောကာ ကျက်သရေရှိလှတယ်။

ကျန်းမြန့်မြန့်က သူမမိခင်ကျောပေါ်မှာ တစ်ရေးအိပ်နေရာကနေနိုးလာကာ အိပ်ချင်မူးတူးနဲ့ နို့စို့ခဲ့ပြီး ရှူးပေါက်ခဲ့တယ်။

အခုတော့ သေချာနိုးလာပြီ။

သူမက အကြောဆန့်လိုက်ပြီး တံခါးရှေ့က သစ်ပင်ကြီးအောက်မှာ အစ်ကိုကြီးနဲ့အတူ နေဝင်ချိန် တောက်ပနေတဲ့ နေရောင်အောက်မှာ နေ,နေတယ်။

နေရောင်က သိပ်ကိုတောက်ပနေတယ်။

ဓာတ်ပုံရိုက်တဲ့အခါ သူတို့ရဲ့ ပိုးသားပဝါတွေကို ယမ်းနေတဲ့ ထိုကဲ့သို့ အဘွားအိုတွေလိုပေါ့။

တစ်ခါတစ်ရံ အပေါ်ရောက်သွားလိုက်၊ တစ်ခါတစ်လေ အမြင့်မှာ ဝှေ့ယမ်းနေလိုက်၊ တစ်ခါတစ်လေ ထောင့်ဖြတ်သွားလိုက်နဲ့။
ကျန်းမြန့်မြန့်က ကြည့်နေရင်းနဲ့ သူမရဲ့ မျက်နှာလေးတောင် နီလာတယ်။

ဘေးလှည့်ပြီးတော့ မျက်လုံးတွေမှိတ်ထားပြီး အိပ်နေတယ်ထင်ရတဲ့ အစ်ကိုကြီးကို ကြည့်လိုက်တယ်၊ မျက်လုံးထောင့်နားက ပန်းတွေကလည်း တောက်ပစွာဖူးပွင့်နေကြတာ နေဝင်ချိန်ရဲ့ ရောင်ခြည်ကြောင့်ထင်ပါတယ်။

ပြီးတော့ သစ်သားဇလုံဘေးးက ပုရွက်ဆိတ်လေးကို ကြည့်လိုက်တယ်၊ ပုရွက်ဆိတ်လေးက သူမကို ပြုံးပြနေသလိုပဲ။

ကျန်းမြန့်မြန့်က သူမဒါကို လက်ခံလို့ရသွားတယ်။

ဘာပဲဖြစ်ဖြစ် သေပြီးသား စပါးအုံးမြွေကြီးရဲ့ခေါင်းက မျက်လုံးပြူးကြီးနဲ့ ကြည့်နေတာကို မြင်ပြီးတာတောင် ဘေးနားအိပ်ပျော်သွားသေးတာပဲ...

ပုရွက်ဆိတ်လေးရဲ့ခေါင်းကိုကြည့်ရတာ ချစ်စရာကောင်းပြီး နူးညံ့ကာ ရင်းနှီးနေပြီလေ။

သူမက အရဲစွန့်ပြီးတော့ ဦးမျှင်လေးကိုတောင် ထိဖို့ လှမ်းလိုက်သေးတယ်။

အရမ်းမာတာပဲ၊ တကယ်လို့ ထပ်ကြီးလာရင် ပေါင်းပြီး၊ သံဇွန်းနဲ့ ခွဲကာ ဗီနီကာနဲ့တို့၊ ရှလွတ်~

မဟုတ်သေးပါဘူး၊ အဲ့တာ ပုစွန်တုပ်လေ....

သူမက သရေကျလာတဲ့ နှုတ်ခမ်းထောင့်တွေကို သုတ်ချင်ခဲ့တယ်။

ပြီးတော့ သူမပါးစပ်ကို သုတ်ပေးလိုက်တဲ့ အစ်ကိုကြီးရဲ့ လက်ချောင်းတွေကို ခံစားလိုက်ရတယ်။

အို့...

သူမလက်တွေကို ဝှေ့ယမ်းလိုက်တယ်။

"ယိယာ ယာ" (ကျေးဇူးပါ)

ပြီးတော့ အစ်ကိုကြီးက သူမရဲ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြန်တယ်၊ လုပ်နေကျလိုပဲ....

သူမရဲ့ခေါင်းက အစ်ကိုကြီး ပွတ်ပေးတာ ခံလိုက်ရတယ်၊ ထပ် ထပ်ပြီး...

"ယိယာ ယာ" (သမီးခေါင်းကို မပွတ်နဲ့တော့)

ကျန်းမြန့်မြန့်က ဆန့်ကျင်တဲ့အနေနဲ့ လက်တွေကို ယမ်းလိုက်တယ်။
စိတ်ဆိုးသွားပြီး ပါးစပ်က ဘူးမှုတ်ကာ သရေကျလာပြန်တယ်။

ကြည့်ရတာ ဆန့်ကျင်တာကလည်း အသုံးမဝင်ဘူး။

သူမ ပိုဆန့်ကျင်လေ အစ်ကိုကြီးက သူမ ခေါင်းကို ပိုပွတ်ပေးလေပဲ။

သူမ အစ်ကိုကြီးက ဦးခေါင်းကို ညင်ညင်သာသာ နှိပ်ပေးနေတာ ခံစားလိုက်ရတယ်။

အစ်ကိုကြီးက စိတ်တိုင်းကျသွားသံထွက်လာတာကိုတောင် ကြားလိုက်ရသေးသလိုပဲ။

ကျန်းမြန့်မြန့် နှုတ်ခမ်းစူထွက်လာတယ်။

ကျန်းမြန့်မြန့်တွေးနေတုန်း ပုရွက်ဆိတ်လေးက အနီရောင်ဘယ်ရီသီးတစ်လုံးကို သယ်လာကာ သစ်သားဇလုံဆီ တစ်လှမ်းချင်းလှမ်းလာတာကို တွေ့လိုက်ရတယ်။

တွန်းလာတာ လှိမ့်လာတာမျိုး မဟုတ်ဘဲ သယ်လာတယ်!!

ကျန်းမြန့်မြန့် သိတယ်၊ ဒါက သိပ္ပံနာမည် ရပ်စ်ဘယ်ရီလို ခေါ်ပြီးတော့ အနီရောင်ဖောက်ဖောက်လို့ သိကြတယ်၊ ချိုပြီး အရသာရှိတယ်။

ဒီပုရွက်ဆိတ်လေးက သိတတ်သားပဲ။

ကျန်းမြန့်မြန့် နှလုံးခုန်မြန်တာကာ ထူးထူးခြားခြား စိတ်လှုပ်ရှားလာတယ်။

ဘာလို့လဲဆိုတော့ သူမက ကိုယ့်ဝမ်းကိုတောင် မထိန်းနိုင်သေးတဲ့ ကလေးလေးဖြစ်လို့ပါပဲ။

ကူကယ်ရာမဲ့နေတဲ့ ခံစားချက်က ကြောက်စရာကောင်းတယ်။

ဒါပေမဲ့ ယခုတော့ သူမ ပုရွက်ဆိတ်လေးတစ်ကောင်ကို ထိန်းချုပ်နိုင်တယ်လေ။

အနက်ရောင် ပုရွက်ဆိတ်လေးက အနီရောင်ဖောက်ဖောက်ကို တည်တည်ငြိမ်ငြိမ်သယ်ကာ လျှောက်လာတယ်၊ သက်သက်သာသာဖြစ်နေပြီး သူမလက်ကိုရောက်ဖို့ ခြေလှမ်းအနည်းငယ်လောက်ပဲ လှမ်းရတယ်။

ပုရွက်ဆိတ်တစ်ကောင်က သူ့အလေးချိန်ထက် အဆ ၄၀၀ ပိုတဲ့ အလေးချိန်ကို မနိုင်ပြီး အဆ ၁၇၀၀ ပိုတဲ့ တစ်ခုခုကို ဆွဲနိုင်တယ်၊ ဒါက သူမပုရွက်ဆိတ်အုံကို မွေးခဲ့တုန်းက ရှာထားဖူးတဲ့ အချက်အလက်ပဲ။

သူမ မွေးခဲ့တဲ့ ပုရွက်ဆိတ်တွေကတော့ အိမ်မွေးဖြစ်လာပြီး အပျင်းထူကာ အလုပ်မလုပ်ချင်ကြဘူး။

ဒါပေမဲ့ ဒီပုရွက်ဆိတ်လေးကတော့ သူမကို ကျေးဇူးပြန်ဆပ်ခဲ့တယ်။
သူမလက်တွေက ကောင်းကောင်းမလှုပ်ရှားနိုင်တာကို သိတာကြောင့် သူက အနီရောင်ဖောက်ဖောက်ကို သူမလက်ဖဝါးထဲ အမှန်တကယ် တွန်းထည့်ပေးကာ သူ့ဦးမျှင်တွေနဲ့ မထိမိအောင်လည်း ဂရုစိုက်သေးတယ်။

အော အော အော။

လှပတဲ့ အနီရောင်ဖောက်ဖာက်လေး သူမလက်ဖဝါးထဲ လိမ့်လာတာကိုကြည့်ရင်း ကျန်းမြန့်မြန့်က သူမပါးစပ်ထောင့်က ထွက်ကျလာတဲ့ သရေကို မတားဆီးနိုင်ဘူး... သူမ စားချင်တယ်။

ဒါပေမဲ့ မစားခင် ဆေးရဦးမှာမလား။

လှပတဲ့ အနီရောင်ကိုကြည့်ရင်း အသီးပေါ်က အမျှင်နုလေးတွေက လတ်ဆတ်ကာ ထောင်မတ်နေတုန်းပဲ၊ သူမ မစောင့်နိုင်တော့ဘူး၊ သရေပိုကျလာတယ်။

သူမအားကို ထိန်းလိုက်တယ်၊ စိတ်လှုပ်ရှားလွန်းပြီးတော့ အသီးကို ညှစ်လိုက်မိမှာ စိုးနေတယ်။

ကလေးတစ်ယောက်အဖို့ လက်နဲ့ တစ်ခုခုယူပြီး ပါးစပ်ထဲအတိအကျ ရောက်အောင် ထည့်နိုင်ဖို့ ဘယ်လောက်ခက်လဲဆိုတာ ကောင်းကင်ပဲ သိနိုင်တယ်။

သူမ လက်ကို ကိုက်ဖို့လုပ်ရင် ဘယ်ချိန်နေနေ သူမကြိုက်သလို ကိုက်နိုင်တယ်။

ဒါပေမဲ့ သူမလက်ထဲ တစ်ခုခုကို ကိုင်ထားရင်ကျတော့ သူမပါးစပ်ထဲရောက်အောင် မထည့်နိုင်တော့ဘူး။

နောက်ဆုံးတော့ ကျန်းမြန့်မြန့်က နို့သောက်ထားတဲ့ အားတွေအကုန်ထုတ်ပြီးတော့ အသီးနီလေးကို သူမပါးစပ်ထဲရောက်အောင် ထည့်နိုင်ခဲ့တယ်။

အချိုအရသာက ပါးစပ်ထဲ ပျံ့နှံ့သွားတယ်၊ အရမ်းချိုတယ်၊ အရမ်း အရမ်း အရသာရှိတာပဲ။

သွားမရှိတာကြောင့် သူမက အဘွားကြီးတွေလိုမျိုး ချိုမြိန်တဲ့ အရသာလေးကို ဖြည်းဖြည်းချင်း စုပ်ပြီးပဲ စားနိုင်တယ်။

စားပြီးသွားတော့ သူမ အရမ်းပျော်နေတယ်။

သူမ ပုရွက်ဆိတ်လေးကို စမ်းရေတိုက်ခဲ့တုန်းက နည်းနည်းတော့ နှမြောပေမဲ့ ဒီနေ့တော့ သူမရဲ့ အရင်းနှီးကနေ အကျိုးအမြတ် ပြန်ရခဲ့ပြီလေ။

"ယိယာ ယာ"
"ယိယာ ယာ"

သူမလက်တွေ ခြေထောက်တွေကို မကဘဲ မနေနိုင်ဘူး။

သူမနားထဲကို ရုတ်တရက် မမရဲ့ အသံက ဝင်လာတယ်။

"အိုး၊ အသားအရသာနဲ့ ပေါက်စီတွေပဲ"

ကျန်းမြန့်မြန့်က အနံ့ခံလိုက်တယ်၊ မဖြစ်နိုင်ပါဘူး၊ သူမရဲ့ ထက်ရှတဲ့အာရုံနဲ့တောင် ဘာအနံ့မှမရဘူး။

"ဖေဖေ၊ ဖေဖေပြန်လာပြီ၊ အသားပေါက်စီလည်းပါတယ်" ကျန်းယွီက ပြောရင်း မြောက်ကြွမြောက်ကြွ ခုန်နေခဲ့တယ်။

ကျန်းမြန့်မြန့်က အမှောင်ထဲကနေ အရပ်ရှည်တဲ့ အမျိုးသားတစ်ဦး ထွက်လာတာကို မြင်လိုက်ရတယ်၊ တစ်လှမ်းချင်း လျှောက်လာကာ သူ့ဆံပင်ရှည်တွေက လွင့်နေလေတယ်။

ကျန်းယွီက စိတ်လှုပ်ရှားစွာ ပြေးသွားတယ်၊ သူမရဲ့ ပန်းထိုးဖိနပ်သစ်တွေ ညစ်ပေသွားမှာတောင် ဂရုမစိုက်တော့ဘူး။

ညမှောင်လာပြီ။

ကြက်သံ၊ ခွေးသံနဲ့ ကလေးသံတွေက တစ်မျိုးပြီး တစ်မျိုးထွက်ပေါ်လာတယ်။

ကျန်းဖုန်းက အိပ်နေရာမှ နိုးလာကာ သူ့ညီမလေးခေါင်းကို ပွတ်သပ်လိုက်တယ်၊ ရှောင်ကျန်းယွီတစ်ယောက် အဖေ့ကို တွေ့ဖို့ပြေးသွားတာကို ကြည့်ရင်း နောက်ပြန်ကြည့်လိုက်တော့ အမေက တံခါးဝမှာ မှီပြီး စောင့်နေတယ်၊ ဒါက အကောင်းဆုံး မြင်ကွင်းပဲ။

ကျန်းမြန့်မြန့်က သူမ ခေါင်းလေးကို စိုးရိမ်တကြီး ရှောင်နေတယ်၊ သူမ အရွယ်မတိုင်ခင် ထိပ်ပြောင်လာမှာကို နည်းနည်းစိုးရိမ်ရတယ်....

သူမ ခေါင်းပေါ်ကဟာက ကလေးဆံပင်ပဲ ရှိသေးတာမလား။

တကယ်လို့ ကလေးဆံပင်က ကျွတ်ကုန်ရင် ပြန်ပေါက်တယ်မလား။ ပြန်ပေါက်လာမှာ မလား။

ဗီလိန်မိသားစုထဲ မွေးဖွားလာတယ်Where stories live. Discover now