382 65 0
နောက်တစ်နေ့မနက် ရောင်နီလာချိန်တွင် ကျန်းဟွာဘုံကျောင်း၏ မလှမ်းမကမ်းတွင်ရှိသော ခေါင်းလောင်းမျှော်စင်မှ ထွက်ပေါ်လာခဲ့သည့် အသံကျယ်များကြောင့် အိပ်ပျော်နေကြသော မင်းသားငယ်များမှာ လန့်နိုးသွားကြလေသည်။ မနေ့ညက ပုရောဟိတ်ကြီး ထွန်းညှိသွားခဲ့သော အမွေးတိုင်သည်လည်း ကုန်ဆုံးသွားခဲ့သည်မှာ အချိန်အတော်လေးကို ကြာမြင့်ခဲ့ပြီဖြစ်သည်။ နံရံပေါက်များမှ ဝင်ရောက်လာသော နေရောင်အောက်တွင် ဘုံကျောင်းထဲရှိ ဖုန်မှုန့်လေးများက ရွှေသဲများပက်ထားသလို တလက်လက်ပြေးကာ သူတို့အားလုံးကို နှုတ်ခွန်းဆက်နေကြသည်။
ချန်ကျစ်ချီးက မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး မနေ့ညကတည်းက ယားယံနေခဲ့သော ရင်ဘတ်နားကို လှမ်းပုတ်လိုက်သည်။
"ပကျိ..."
နူးညံ့သောအမွေးများရှိသည့် ဝဝဖိုင့်ဖိုင့် ကိုယ်လုံးပိုင်ရှင်မှာတော့ အိမ်မက်ကမ္ဘာထဲမှ လက်တွေ့ဘဝသို့ ပြန်ရောက်မလာသေးချေ။ သူက ချန်ကျစ်ချီး၏ဝတ်ရုံပေါ်တွင် အိပ်စက်‌နေရင်းမှ ရုတ်တရက်ကြီး ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်ကာ အော်မြည်လိုက်သည်။ ချန်ကျစ်ချီးမှာ သူ့အသံကို ကြားလိုက်ပြီးနောက် အိပ်ချင်စိတ်များ လုံးဝမကျန်တော့ပေ။ ဤကြက်ပေါက်က မနေ့ညကအတိုင်း ထိုနေရာတွင် ဆက်ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့သဖြင့် အံ့အားသင့်သွားရသည်။
"ကျွီ..."
လေးလံလှသော တံခါးမကြီးက အဖွင့်ခံလိုက်ရာကာ နေ့အလင်းရောင်များက ဘုံကျောင်းအတွင်းသို့ အင်တိုက်အားတိုက် ဝင်ရောက်လာကြသည်။ ချန်ကျစ်ချီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဝင်ရောက်လာကြသော လူအုပ်စုကို အကဲခတ်လိုက်ရာ အရှေ့ဆုံးမှနေ၍ ဦးဆောင်လာသော ဧကရာဇ်ကျန်းလုံကို အရင်တွေ့လိုက်ရသည်။
"အရှင်မင်းကြီး၊ နတ်ဘုရားအရှင်ရဲ့ သဘောထားကို ကျွန်တော်မျိုးကပဲ စစ်ဆေးသင့်ပါတယ်..."
ဧကရာဇ်ကျန်းလုံနောက်မှ လိုက်ပါလာသော ပုရောဟိတ်ကြီးက ခံစားချက်များ မပေါ်လေအောင် ထိန်းချုပ်ထားသည့် လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
မက်မွန်သီးလေးWhere stories live. Discover now