အကြောက်လွန်ကာ ထိတ်လန့်သွားကြသည်မှာ ကျန်းမိသားစုတစ်စုတည်း မဟုတ်ပါချေ။ ချန်အယ့်အကြောင်းအား ကြုံရင်ကြုံသလို မကောင်းပြောခဲ့သူများမှာ ယခုလောက်ထိ ပြောင်းလဲသွားခဲ့သော အဖြစ်အပျက်များကို မယုံနိုင်ကြသေးသလို ကြောက်ရွံမှုများကိုလည်း ခံစားလိုက်ကြရသည်။ သူတို့အားလုံးက ချန်အယ့်ကို နှစ်ပေါင်းများစွာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် မည်သူမှန်းမသိရသည့် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ရခဲ့ပြီးနောက် ပစ်ခွာခံလိုက်ရသော ရွံရှာဖွယ်ရာ၊ အရှက်မဲ့သောမိန်းမဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ တကယ်တမ်းတွင်တော့ ထိုမိန်းကလေးက ကောင်းကင်သားတော်ကို အခစားဝင်ခဲ့ပြီး တော်ဝင်ကြင်ယာတော်ဟု ဘွဲ့အပေးခံရသော ဇနီးပင်ဖြစ်နေခဲ့သည်။ ထိုထက်ပိုသည်က သူတို့အားလုံးဝိုင်းကာ မျိုးမစစ်လေးဟု သမုတ်ခဲ့ကြသော ချန်အယ်၏သားငယ် ထိုကောင်လေးက တကယ်တမ်းတွင်တော့ ဧကရာဇ်၏သားတော်ဖြစ်နေခဲ့သည်။
"အရှင်မ တော်ဝင်ကြင်ယာတော်ကို ဂါရဝပြုပါတယ်။ အရှင့်သား မင်းသားငယ်လေးကို ဂါရဝပြုပါတယ်။ အရှင်မတို့နှစ်ဦးစလုံး သက်တော်ရာကျော်ရှည်ကြပါစေ။"
ရွာသူကြီးက အော်ဟစ်လိုက်သည်။ သူက ထိတ်လန့်နေသော်လည်း အခွင့်အရေးသမား ပီသစွာပင် အရာရှိမင်းအား အတုယူလိုက်ကာ မြေပင်ပေါ်ဒူးထောက်ချ၍ တရိုတသေ ဝပ်တွားခယလိုက်သည်။ သူ့လုပ်ရပ်အားမြင်သည်တွင် အူကြောင်ကြောင်နှင့် မတ်တတ်ရပ်နေသူများမှာ ကြောက်လန့်တကြားနှင့် အရိုအသေပေးရန်အတွက် ဒူးထောက်လိုက်ကြတော့သည်။ ချန်အယ်မှာ နောက်ဆုံးတွင်တော့ စိတ်အနည်းငယ်ခန့် တည်ငြိမ်သွားခဲ့ကာ အသက်ရှူသွင်းရန် သတိရသွားတော့သည်။ သူ(မ)က ဒူးထောက်ကာ အရိုအသေပေးနေကြသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးနောက် စပ်ဖြီးဖြီးအပြုံးကြီး ပေါ်မလာစေရန် ကိုယ့်အသားကိုယ်ပြန်ကာ လိမ်ဆွဲထားလိုက်ရသည်။
"အရာရှိမင်း ရှင်ထနိုင်ပါပြီ။"
ချန်အယ်က သူ(မ)တတ်နိုင်သလောက် အထက်တန်းဆန်သော လေသံပေါက်အောင် ကြိုးစားပြောဆိုကာ ခွင့်ပြုချက်ပေးလိုက်သည်တွင် အရာရှိမင်းက ကျေးဇူးတင်စကားပြောကာ မတ်တတ်ပြန်ရပ်လိုက်သည်။ သူ့အနောက်မှ သံချပ်ဝတ်များကို ဝတ်ဆင်ထားကြသော တပ်သားများကပါ မတ်တတ်ရပ်လိုက်ကြသော်လည်း ရွာသားများမှာတော့ ကြောက်လန့်နေသောကြောင့် ခေါင်းငုံ့နေရာမှ မတ်တတ်ထရပ်ရန် မဆိုထားနှင့် အသံပင်မထွက်ရဲကြချေ။
BINABASA MO ANG
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...