Chapter 9 ကြက်ဖ (၁)

551 104 1
                                    

"အယ်..."

ချန်ကျစ်ချီးလေးက ဆောင့်ကြောင့်ထိုင်ချကာ အနှီဆူဖြိုးဝပြဲနေသော အကောင်လေးအား အံ့အားတကြီးဖြင့် ကြည့်လိုက်မိသည်။ သူက ထိုအမွေးနီလုံးလေးကို ကျွမ်းကျင်သူတစ်ယောက်၏ လက်ကွက်မျိုးဖြင့် ကောက်မလိုက်သည်။

"ဒီဟာလေးက ကြက်ပေါက်စလေးပဲကို ဘာကိစ္စနဲ့ ဒီလောက်အထိ ကြီးနေရတာလဲ။"

ပုံမှန်အားဖြင့် အမွေးနုလေးများသာ ထွက်ကြသေးသော ကြက်ကလေးများက ဥမှပေါက်ကာစဖြစ်ကာ အရွယ်အစားအရ ချန်ကျစ်ချီးလေး၏ ကလေးလက်သီးဆုပ်လောက်မျှသာ ကြီးမားတတ်သည်။ သို့သော်လည်း ဤကြက်နီလေးကတော့ အခြားကြက်ပေါက်များနှင့် မတူညီလေဘဲ ချီမ,ထားရန်အတွက် လက်နှစ်ဖက်လုံးကို အသုံးပြုရန် လိုအပ်ပေသည်။

ကြက်ကလေး၏ တစ်ကိုယ်လုံးက နူးညံ့သောအမွေးလေးများ ဖုံးလွှမ်းထားပြီး အနီရောင်အမွေးများကြောင့် ရုတ်တရက်ကြည့်လိုက်ပါက မီးဘောလုံးလေးနှင့်ပင် ဆင်တူပေသည်။ ကြက်ပေါက်လေး၏ ခေါင်းပေါ်တွင်တော့ အတိုတစ်ပင်၊ အရှည်တစ်ပင်နှင့် အမွေးနှစ်ချောင်းရှိကာ အနှီကြက်ဝဝ၏ လှုပ်ရှားမှုအတိုင်း ထိုအမွေးနှစ်ချောင်းက ဘယ်ညာယိမ်းနွဲ့နေသည်။ ချန်ကျစ်ချီးမှာ ထိုမြင်ကွင်းက အတော်လေးကို ရယ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။

ချန်ကျစ်ချီးလေးမှာ ထိုကဲ့သို့ ထူးခြားလှသော ကြက်မျိုးစိတ်အား ယခုမှသာလျှင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သေချာမစစ်ဆေးဘဲ မနေနိုင်တော့ချေ။ သူကကြက်ပေါက်စကို လှဲချလိုက်ပြီးနောက် အမွေးနုနုလေးများ ဖုံးအုပ်နေပါသော အတောင်ပံတိုလေးများအား ကိုင်ကြည့်လိုက်ပြီး ကြက်ပေါက်စ၏ ဗိုက်ပူပူလေးအား လက်ညှိုးလေးနှင့် တို့ထိကြည့်လိုက်သည်။

ကြက်ကလေး၏ မျက်ဆံနက်လေးများက အတောက်ပဆုံးသော မီးတောင်ကျောက်များနှယ် ရွှန်းစိုတောက်ပနေကြပြီး ငယ်ရွယ်နေသောကြောင့် အတောင်ပံအမွေးများတော့ မထွက်သေးပေ။ ကြက်၏ဗိုက်လုံးလေးက နူးနူးအိအိနှင့် အမွေးပွပွလေးဖြစ်ကာ ထိုအမွေးနီလုံးက အရာအားလုံးနှင့် ပတ်သက်ပြီး အကြောက်တရားများ ကင်းမဲ့လှပေသည်။ အနှီဗိုက်ပျော့ပျော့၊ မျက်လုံးဝိုင်းဝိုင်းနှင့် အတောင်ထွက်ရန် နှေး‌ကွေးနေပါသော ကြက်ပေါက်စအား ချန်ကျစ်ချီး၏ ကြက်များနှင့်ပတ်သက်သော ရင့်သန်လှသည့် အတွေ့အကြုံများမှအတိုင်း ကောက်ချက်ချလိုက်ပါက အနာဂတ်တွင် ကျိန်းသေပေါက်ကို ဝံ့ကြွားလှပသော ကြက်ဖကြီးတစ်ကောင်အဖြစ် ကြီးပြင်းလာလိမ့်မည်မှာ လက်ခတ်မလွဲပေ။

မက်မွန်သီးလေးDonde viven las historias. Descúbrelo ahora