လန်ရှန်းယွီက သနားခြင်းကင်းစွာနှင့် မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်ပြီး ဘာမှထပ်မပြောချေ။ သူက ကိုင်ထားသော ကျောက်စိမ်းယပ်တောင်ကို ဖွင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ယပ်ခတ်နေလိုက်သည်။ ထိုယပ်တောင်က အပြာရင့်ရောင် နှင်းပိုးသားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပိုးထည်စပေါ်မှ ဒေါင်းမြီးနှင့်တူသော ပုံရိပ်များကို ဖောက်ထွင်းမြင်ရသော နှင်းပိုးမျှင်များဖြင့် ရေးထိုးထားသည်ကို ဝေဝေဝါးဝါး မြင်နိုင်ပေသည်။
ချန်ကျစ်ချီးမှာ ဤလန်ရှန်းယွီဆိုသူအား တစ်နေရာမဟုတ် တစ်နေရာတွင် ရင်းနှီးနေသည်ဟု ခံစားနေရသည်။ သူ့အကြည့်များက လန်ရှန်းယွီ၏ ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသော ဦးဆောင်းတန်ဆာထံသို့ ရွေ့သွားခဲ့သည်တွင် ချန်ကျစ်ချီး၏ ဦးနှောက်လေးမှာ အလင်းပွင့်သွားတော့သည်။ ဦးဆောင်းတန်ဆာတွင် ပုတီးစေ့အရွယ် နီလာကျောက်မျက် ကိုးခုပါဝင်ကာ ကျောက်တစ်ခုစီအား ငွေကြိုးမျှင်များဖြင့် သီတန်းထားပြီး ဒေါင်းတစ်ကောင်၏ ဦးခေါင်းပေါ်မှ သရဖူမွေးကဲ့သို့ ဖြန့်ခင်းထားလေသည်။ ထိုပုံစံက ပုရောဟိတ်ကြီး၏ ဦးဆောင်းတန်ဆာနှင့် တစ်ပုံစံတည်းကို ဆင်တူနေပေသည်။
ချန်ကျစ်ချီး၏ စူးရဲလှသော စိုက်ကြည့်မှုအောက်တွင် သမ်းယီးတစ်ယောက်မှာ သူ့အပြုအမူများအား သေသေချာချာလေး ထိန်းသိမ်းနေသည်ပင်။ သူက ကိုယ်ကို မတ်မတ်ထိုင်နေပြီး လက်ဟန်ခြေဟန်နှင့် ခန္ဓာကိုယ်၏လှုပ်ရှားမှုများကို ကျက်သရေရှိကာ ကျော့ရှင်းနေစေရန် ဂရုတစိုက်ဖြင့် သတိထားနေသည်။ ဤသို့လုပ်ရသည်က အနည်းငယ်ပင်ပန်းသော်လည်း သူ့အနေနှင့်တော့ တန်သည်ဟူ၍ ယူဆထားပေသည်။
ဂုဏ်ပြုလက်ဆောင်ပေးသော အခန်းကဏ္ဍက ဆက်ဖြစ်နေခဲ့ကာ တဖြည်းဖြည်းနှင့် ချီကျင့်ကြံသူများအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သော လော့ဟုန်ဖုန်း၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။ သူက ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"ဒီကနေ့မှာ ကျုပ်ရဲ့မြစ်က အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့ပြီဆိုတော့ အဘိုးတစ်ယောက်အနေနဲ့ ဒီလိုပျော်ရွှင်ဖွယ်အခမ်းအနားမှာ လက်ဆောင်ကောင်းတွေကို ပေးရသေးတာပေါ့။"
BẠN ĐANG ĐỌC
မက်မွန်သီးလေး
Lãng mạnနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...