"ဟားဟားဟား။"
ဧကရာဇ်ကျန်းလုံက လက်ချင်းတွဲထားသော ပါးဖောင်းဖောင်းလေးနှင့် ချစ်ရာကောင်းလှသည့် ပေါက်စီလုံးလေးနှစ်လုံးကို ငုံ့ကြည့်လိုက်ပြီး စိတ်မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေသည်။ အစောပိုင်းတုန်းက ဇာမဏီဧကရာဇ်၏ ဆက်ခံသူလေးအား သူ့အနေဖြင့် သတိထားကာ ဆက်ဆံရမည့် အန္တရာယ်ကောင်အဖြစ် သတ်မှတ်ထားမိသည်မှာ သူ့ဘာသာအတွေးချော်ပြီး လျှောက်စဉ်းစားမိခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သမ်းယီးသည်လည်း တကယ်တမ်းတွင်တော့ ကလေးတစ်ယောက်သာဖြစ်ပြီး ကစားဖော်အား ရွေးချယ်ရာတွင် အမြင်တင့်တယ်သလား မတင့်တယ်သလားကို အခြေခံပြီးသာ ရွေးချယ်လိုက်ခြင်းပင်။
"ခုနစ်လေးကို သဘောကျရင်လည်း အဆင်ပြေတာပဲ။ သူနဲ့နေလိုက်ပေါ့။ မင်းအတွက် သမ်းယန်နန်းဆောင်ကို ဒီရက်ထဲမှာပဲ ပြင်ထားပေးမယ် ဟားဟားဟား..."
ထိုသို့ပြောပြီးသည်တွင် ဧကရာဇ်ကျန်းလုံက ကုန်းကုန်းယွမ်အား စီစဉ်စရာရှိသည်များကို သေသေချာချာစီမံပြီး ပြင်ဆင်ပေးရန်အတွက် မှာကြားလိုက်ပြီးနောက် စိတ်ကျေနပ်သော အပြုံးတစ်ခုဖြင့် ထွက်ခွာသွားလေသည်။
"ကောင်းကောင်းပျော်ကြနော်။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုလာရှာကြ။"
မင်းသား (၂) ကလည်း ကျက်သရေရှိသော အပြုံးတစ်ခုကိုပြုံးကာ ချန်ကျစ်ချီးနှင့်သမ်းယီးအား နှုတ်ဆက်လိုက်လေသည်။ သူက ဖြစ်သွားလေသော အလှည့်အပြောင်းများနှင့် ပတ်သက်ပြီး များစွာအားရမိပေသည်။ ခုနစ်လေးက သူ့ဘက်မှလူဖြစ်ရာ ထိုကလေးကသာ ဇာမဏီဧကရာဇ်၏ ဆက်ခံသူသမ်းယီးနှင့် ခင်မင်သွားပါက အနာဂတ်တွင် သမ်းယီးက သူ့အား အကူအညီပေးနိုင်ပေသည်။
"စိတ်ထားမကောင်းတဲ့အကောင်။"
အိမ်ရှေ့စံမင်းသားက ထွက်ခွာသွားသော မင်းသား (၂) ၏နောက်ကျောကို ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်လေသည်။ ထို့နောက်တွင်တော့ သူက အမှုထမ်းများအား ရွှမ်းရွှယ်ခန်းမဆောင်မှ ပစ္စည်းကောင်းများကို ချင်းယွင်နန်းဆောင်ဆီ ပို့ဆောင်ရန်အတွက် ခိုင်းစေလိုက်လေသည်။ သူက ချန်ကျစ်ချီးအား လက်ကုပ်လိုက်ကာ တီးတိုးပြောလိုက်သည်။
STAI LEGGENDO
မက်မွန်သီးလေး
Storie d'amoreနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...