သူက နူးညံ့သောထိုင်ခုံပေါ်သို့ ပစ်လှဲလိုက်ပြီးနောက် ခြေထောက်လေးများကို ဆန့်လိုက်သည်။ ထို့နောက် ရထားလုံး၏ သေသပ်လှပသော မျက်နှာကြက်အား ငေးကြည့်လိုက်ကာ သူ့စိတ်ဓာတ်များလည်း ပိုမိုတက်ကြွလာခဲ့သည်။ သိပ်မကြာလိုက်ဘဲ ငြိမ်ငြိမ်နေရသည်က သူ့အကျင့်နှင့်မတူသဖြင့် လှဲနေရာမှထကာ သူ့စိတ်လှုပ်ရှားမှုများကို ရထားလုံးအတွင်းမှ ပစ္စည်းပစ္စယများအား စူးစမ်းလိုက်ရင်း ကုန်ဆုံးစေလိုက်သည်။
မြင်းရထားလုံးက အတွင်းပိုင်းနေရာများတွင် နူးညံ့သောအခင်းစများကို အပြည့်ခင်းထားသော်လည်း ရာသီဥတုက ပူလောင်လှသည့်အတွက် အေးမြစေသော ဝါးဖျာများကိုလည်း မြင်းရထားထဲတွင် ထည့်ပေးထားသေးသည်။ အမွှေးအိုးများနှင့် စီရီထားသော စာအုပ်များစွာ အထပ်ထပ်ပါဝင်သည့် စာအုပ်စင်သည်လည်း ရထားလုံးနံရံကပ်ပြီး တည်ဆောက်ထားခြင်းဖြစ်ကာ အမြင်တင့်တယ်ပြီး လှပလှပေသည်။
တစ်ခုတည်းသော ပြောစရာမှာတော့ ချန်ချီးတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ရထားလုံးအား မှောက်ကာလှန်ကာ ရှာဖွေလိုက်သည့်တိုင်အောင် မည်သည်မုန့်ပဲသရေစာကိုမှ ရှာမတွေ့ခြင်းဖြစ်သည်။ ချန်ချီးက သူ့မျက်ခုံးများကို တွန့်ကွေးလိုက်သည်။ သူယခင်တုန်းက ကျန်းအန်းဂိုဏ်းချုပ်ကတော် အသုံးပြုသော မြင်းရထားကို မြင်ထားခဲ့သည်။ ဂိုဏ်းချုပ်ကတော်က မည်သည့်နေရာကိုသွားပါစေ ရထားလုံးပေါ်တွင် အဆာပြေမုန့်များ ပါလာတတ်သည်။ လယ်စိုက်ခင်းများသို့ ဂိုဏ်းချုပ်ကတော်လာတိုင်း သူ(မ)က ချန်ချီးတို့ကလေးတစ်သိုက်အား မုန့်ကျွေးလေ့ရှိသည်။
ထိုကြောင့်ပင် အခုရထားလုံးက ချန်ချီးအတွက်တော့ အမြင်တွင်လှသည်ကလွဲပြီး တခြားဘာကိုမှ မတွေးမိပေ။ တစ်ဖက်လူများက စီးနင်းလာသူများ၏ စိတ်ထဲမှအတွေးများအား ဂရုမစိုက်သည်မှာ ထင်ရှားလှပေသည်။
"ဧကရာဇ်က သားတို့ဘယ်မှာလဲဆိုတာ သိနေမှတော့ ဒီနှစ်တွေအတွင်း ဘာဖြစ်လို့များ တစ်ခါလေးတောင်မှ မဆက်သွယ်ခဲ့တာများလဲ။"
ချန်ချီးက ချန်အယ်အား မေးမြန်းလိုက်သည်။ အစောပိုင်းက စိတ်လှုပ်ရှားမှုများ ကုန်သွားချိန်မှာတော့ သူက ဒီမေးခွန်းကို တွေးမိသွားခြင်းဖြစ်ကာ သားအမိနှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး အဖြေထုတ်လိုက်ကြသည်။
![](https://img.wattpad.com/cover/368129351-288-k321909.jpg)
YOU ARE READING
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...