[UNI]
အလင်းရောင်ထွက်လာပြီဖြစ်သော မနက်ခင်းကြောင့် ပိတ်ထားသော မှန်ပြတင်းပေါက်အပြင်တွင် ငှက်ကလေးများ ဖြတ်သန်းသွားလာနေသည်ကို ရှင်းလင်းစွာ မြင်ရပေမည်။
အိပ်ရေးဝသွားပြီဖြစ်သော မျက်ဝန်းဟာ ခပ်ဖြည်းဖြည်းချင်း ပွင့်လာလေသည်။ အဆုံးထိပွင့်သည်နှင့် မြင်လွှာကိုကြည်လင်စေဖို့ရာ မျက်တောင်နှစ်ခတ်လောက် အဖွင့်အပိတ်လုပ်ရ၏။ ခနအကြာ၌ အမြင်အာရုံ အဆင်ပြေသွားသည့်အခါ ခေါင်းကိုစောင်းငဲ့၍ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်မိသည်။
နေမထွက်သေးသော်လည်း မိုးတော့လင်းနေပြီဖြစ်၍ တကျီကျီ အလုပ်ရှုပ်နေသော ငှက်ကလေးများကိုတော့ သူသဘောကျစွာ ခေတ္တကြည့်နေမိ၏။ ထို့နောက် လုံးလုံးနိုးသွားပြီမို့ ထထိုင်လိုက်ရတော့သည်။
ခြေထောက်နှစ်ချောင်း ကုတင်အောက်ချသည့်အခါ အဆင်သင့်ရှိနေသော အမွှေးပွကွင်းစွတ်ဖိနပ်ထဲ တန်းရောက်သည်။ ခေါင်းကို ဘယ်ညာစောင်းကာ လည်ပင်း အညောင်းဖြေရင်း သူထရပ်လိုက်ပြီး တစ်ကိုယ်ရည်သန့်စင်ဖို့ရာ ရေချိုးခန်းရှိရာဆီသွားလိုက်၏။
ဒီနေ့က သူ့ပန်းချီသင်တန်းပိတ်ရက်ဖြစ်သည်မို့ အေးဆေးလုပ်နေနိုင်ခြင်းဖြစ်ပေသည်။
ပိတ်ရက်တိုင်း သူသွားနေကျကော်ဖီဆိုင်သို့သွား၍ ဝတ္ထုစာအုပ် အသစ်တစ်အုပ်ဝယ်ကာ ဖတ်လေ့ရှိသည်။ ထိုအရာက သူ့စိတ်ကိုအေးချမ်းစေသည်မို့ သူသဘောကျပါ၏။
အကုန်ပြီးစီး၍ အောက်ထပ်ဆင်းသည့်အခါ မီးဖိုချောင်ထဲတွင် စပီကာဖွင့်၍ ဖုန်းပြောရင်း ပေါင်မုန့်ကြက်ဥကြော်နေသော သူမေမေနှင့်တိုးလေသည်။ ပုံမှန်ဆိုလျှင် ဒီအတိုင်းဝင်သွားမည် ဖြစ်သော်လည်း ဒေါ်စန္ဒီမိုးအသံကြားသည်မို့ နံရံကိုကွယ်ကာ ရပ်နေမိ၏။
"နင်ကမှတော်သေးတယ်။ သားစံလင်းက လိမ္မာပြီး သိတတ်တော့ နင်နားချရင် နားထောင်သေးတယ်။ ငါ့သားကိုတော့ မနိုင်ပါဘူး။ အိမ်ကစီစဥ်ပေးတဲ့သူမို့လို့ ဒီကလေး တမင်တကာကို ရစ်နေတာ"
"သြော်..သူငယ်ချင်းရယ် ကလေးက ငယ်သေးတာကိုလေ။ အခုခေတ်လူငယ်လေးတွေက ကောင်မလေးချောချောလှလှ လန်းလန်းလေးတွေမှ ကြိုက်ကြတဲ့ခေတ်ဆိုတော့လည်း ဒါကသူ့အတွက် ထူးဆန်းနေမှာပေါ့"
YOU ARE READING
Us Two [Completed]
Fantasy||240621|| ||240808|| မိခင်နှစ်ဦး စီစဉ်ပေးမှုကြောင့် ကြင်ဖက်သွားတွေ့ရင်း ဆုံကြတဲ့ ကောင်လေးနှစ်ယောက်။ စံလင်းသူကို ကြင်ဖက်အဖြစ် မတွေ့ခင်က မြင်ဖူးပြီး စိတ်ဝင်စားနေတဲ့ မင်းခန့်ပိုင်ဖြိုး။ သို့သော် မင်းခန့်က စံလင်းကို သူ့ထက်အငယ်လို့ ထင်နေခဲ့တဲ့အပြင် သူတ...