19

2.8K 123 0
                                    

[UNI]

စံလင်း မလှုပ်မယှက်ဖြစ်နေစဉ်တွင် မင်းခန့်ပြန်ရောက်လာ၏။ မင်းခန့်က စံလင်းဘေးတွင် ပေါ့ပေါ့ပါးပါးဝင်ထိုင်ပြီး စံလင်းခါးကိုဖက်ကာ သူ့နားပိုတိုးကပ်စေသည်။ စံလင်းက ဘာမှမပြောသလို ခါးကိုဖက်ထားသည်ကိုလည်း မဖယ်။ မင်းခန့်က သူရှေ့က လက်ကျန်ခွက်ကို မော့ချလိုက်ပြီး စံလင်းကို ငုံ့ကြည့်ကာ

"အစ်ကို ပျင်းနေပြီလားဟင်"

"...."

"အစ်ကို..."

ဘာမှမပြောဘဲ ငြိမ်နေသူကြောင့် မင်းခန့်ကြောင်သွားကာ သောက်ထား၍ ရီဝေဝေဖြစ်ချင်နေသည်တောင် ကြက်ပျောက်ငှက်ပျောက်။

အစ်ကို ဘာဖြစ်သွားတာလဲ။ သူ့အား တမင်ကြီးကို စကားပြန်မပြောဘဲ လစ်လျူရှုထားခြင်းဖြစ်သည်။ သူ သွားတာ ကြာသွားလို့များလား။

"အစ်ကို... ဘာဖြစ်လို့လဲဟင်။ ဘာ အဆင်မပြေလို့လဲ ကျွန်တော့်ကိုပြော။ ပြန်ချင်လို့လား"

"....."

စံလင်းမှာ အာရုံလွင့်နေခြင်းမဟုတ်သလို မင်းခန့်ပြောသမျှကိုလည်း ကြားရပါသည်။ သို့သော် သူပြန်မပြောချင်။ သူ့စိတ်ထဲ *နမ်းတာလောက်ပဲ*ဆိုတာကိုသာ တွေးနေမိသည်။

သူနဲ့မတွေ့ခင်ကတည်းက မောင့်လွတ်လပ်ခွင့်ဆိုတာ သိသော်လည်း၊
ပြီးပြီးသားကိစ္စကို ပြန်စမြုပ်မပြန်သင့်တာ သိသော်လည်း၊
ယခုလက်ရှိတွင် သူဟာ မောင့်သက်ဆိုင်သူ၊ မောင်ဟာ သူ့အပိုင်ဆိုတာကို သိသော်လည်း...

မောင်ကတော့ သူ့အတွက် အနမ်းဦး၊ အချစ်ဦး ဖြစ်ခဲ့သမျှ မောင့်အတွက်တော့ သူက ဘယ်နှယောက်မြောက်နှင့် ဘယ်နှကြိမ်မြောက် အနမ်းပိုင်ရှင် ဖြစ်ခဲ့သည်လဲ။ မောင် သဘောကျတဲ့ပုံစံနဲ့ရော သူဟာကိုက်ညီပါရဲ့လား။ သူမသိပါ။ မတွေးလည်း မတွေ့ချင်တော့ပါ။ သို့သော်..

ဒီအတိုင်း.... ဒီအတိုင်း..
သူ မောင့်ကို အကြောင်းပြချက် ရေရေရာရာမရှိပါဘဲ စိတ်ဆိုးမိရုံသာ။

"ပြန်ရအောင် မင်းခန့်"

မောင်လို့တောင်မခေါ်တော့ဘဲ ပြောလာသည်မို့ မင်းခန့် ခေါင်းမီးတောက်သွားသည်။ မျက်နှာတွင်လည်း ဘာအမူအရာမှမပြ။ သူ့ကိုလည်း စကားပြောချင်ဟန်မရှိဘဲ မောင်လို့တောင် မခေါ်တော့သည်မို့ မင်းခန့် သူ့မျက်နှာချင်းဆိုင်မှ အရှေ့က နှစ်ကောင်ဆီ အကြည့်ပို့လိုက်တော့ သူတို့ကိုကြည့်တောင် ကြည့်မနေကြ။

Us Two [Completed]Where stories live. Discover now